တရုတ်တွင် ကလေးငယ်များကို ခြိမ်းခြောက် သွေးလှူခိုင်းသော လူစုကို ဖမ်းဆီး
တရုတ်နိုင်ငံတွင် ကျောင်းသားအရွယ် ကလေးငယ် များကို ခြိမ်းခြောက်၍ သွေးလှူးဒါန်းရန် ခိုင်းစေ ခဲ့ကြောင်း တရုတ် အစိုးရထုတ် Xinhua သတင်းတွင် ဖော်ပြထားသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကန်ဆူးပြည်နယ်တွင် မူလတန်းနှင့် အလယ်တန်း ကျောင်းသား ကလေးငယ် များကို ခြိမ်းခြောက်၍ သွေးလှူရန် အတင်းအကျပ် စေခိုင်းခဲ့သော လူခုနစ်ဦးပါသည့် အဖွဲ့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။
ရဲက ဖမ်းဆီးလိုက်သူ ခုနစ်ဦးတွင် တစ်ဦးမှာ ကန်ဆူးပြည်နယ်ရှိ ကုမ္ပဏီတစ်ခုက ဖွင့်လှစ်ထားသော သွေးစင်တာ၏ လက်ထောက် အကြီးအကဲ ဖြစ်ပြီး ကျန်ခြောက်ဦးမှာ အလုပ်လက်မဲ့များ ဖြစ်ကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။
အထက်ပါကုမ္ပဏီမှာ Lanzhou institute of Biological Products (လန်ကျိုး ဇီဝထုတ်ကုန်ဆိုင်ရာ အင်စတီကျူ) ဖြစ်ပြီး တရုတ်နိုင်ငံတွင် သွေးနှင့် ပတ်သက်သော ထုတ်ကုန်များ အများဆုံး ထုတ်လုပ်သော ကုမ္ပဏီတစ်ခု ဖြစ်သည်။
တရုတ်နိုင်ငံတွင် အသက် ၁၈ နှစ်မှ ၅၅ နှစ်အရွယ် ရှိသူများမျာ တရားဝင် သွေးလှူဒါန်းခွင့် ရှိပြီး ယခု အတင်းအကျပ် သွေးလှူခဲ့ကြသော ကလေးရှစ်ဦးမှာ အသက် ၁၀ နှစ်မှ ၁၆ နှစ် အရွယ်ရှိသူများ ဖြစ်သည်။
၎င်းတို့သည် တစ်လလျှင် တစ်ကြိမ်နှုန်းဖြင့် ခုနစ်လထိ အတင်းအကျပ် စေခိုင်း၍ သွေးလှူခဲ့ရပြီး ကလေးငယ် များကို အတင်းအကျပ် စေခိုင်းခဲ့သည့် လူတစ်စုက တရုတ်ယွမ်ငွေ ၆၂၅၀ (အမေရိကန် ဒေါ်လာ ၁၀၀၀) ရရှိသွားသည်။
အထက်ပါ လူစုသည် မှတ်ပုံတင်အတုများကို သုံး၍ သွေးလှူဒါန်းသူများမှာ အသက်ပြည့်ပြီးသူများ ဖြစ်သည်ဟု လိမ်လည်ပြသခဲ့ကြောင်း တရုတ်အစိုးရ တာဝန်ရှိသူများက ပြောကြားသည်။
အတင်းအကျပ် သွေးလှူခဲ့ရသော ကလေးငယ် အရေအတွက်နှင့် စေခိုင်းသူများ ရရှိခဲ့သည့် ငွေပမာဏမှာ ယခုသတင်းတွင် ဖော်ပြထားသည်ထက် ပိုများနိုင်ကြောင်း တရုတ်အမျိုးသား ရေဒီယိုက ပြောကြားသည်။
ရဲတပ်ဖွဲ့ ဖမ်းဆီးထားသော အဆိုပါ လူတစ်စုသည် ကလေးငယ်များကို ရိုက်နှက်၍ သွေးလှူရန် ခိုင်းစေခဲ့ခြင်း ဖြစ်ပြီး ကလေးငယ်တစ်ဦးက ၎င်း၏မိဘများကို အကူအညီတောင်းရာမှ ယခုအမှုကို သိရှိခဲ့ကြခြင်း ဖြစ်သည်။
The Voice Journal
-------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook