တက္ကသိုလ်ကြီးတွေ ပျောက်ကွယ် သွားတော့မှာလား

ရည်မွန်အောင်

အဆင့်မြင့် ပညာရေးကို ခေတ်သစ်နိုင်ငံများ၏ အောင်မြင်မှုတစ်ခု အဖြစ် ခေါ်ဆိုခဲ့ကြသည်။ ခေတ်သစ် အစိုးရများ၏ ထောက်ပံ့မှုကြောင့် တစ်ချိန်က မွေးရာပါ ကံကောင်းသူ တချို့သာ ရရှိခဲ့သည့် ပညာရေးကို လူလတ်တန်းစားများ ခံစားခွင့် ရရှိခဲ့သည်။ လွန်ခဲ့သော ဆယ်စုနှစ်များ အတွင်း စီးပွားရေးဆန်းသစ်စ နိုင်ငံများတွင် တက္ကသိုလ်များ တိုးတက်များ ပြားလာခဲ့သည်။ သို့သော် ယခုအချိန်တွင် အဆင့်မြင့် ပညာရေး နယ်ပယ်၏ လည်ပတ် မှုကို ပြောင်းလဲပစ်မည့် တော်လှန် ရေးကြီးသုံးခု စတင်လာခဲ့ပြီ ဖြစ်သည်။ တော်လှန်ရေးကြီးကို ကုန်ကျစရိတ် များလွန်းခြင်း၊ လိုအပ်ချက်များ ပြောင်းလဲ လာခြင်းနှင့် နည်းပညာ တိုးတက်လာခြင်းဆိုသည့် အင်အားသုံးခုက နောက်ကွယ်မှ မောင်းနှင်နေခြင်း ဖြစ်သည်။ အကျိုးဆက်မှာ တက္ကသိုလ်များကို ပြန်လည် ဖန်တီးရန် လိုအပ်လာခြင်း ဖြစ်သည်။

အင်အားစုတစ်ခု ဖြစ်သည့် ကုန်ကျစရိတ် များပြားလာခြင်းကို တက္ကသိုလ်တွင်းရှိ အတော်ဆုံး အထက် မြက်ဆုံး ဆိုသည့် ဦးနှောက်များ ကဖြေရှင်းရန် စိတ်ဝင်စားမှု မရှိကြသေး။ နည်းပညာဆိုင်ရာ သုတေသန များတွင် ငွေကြေး ပုံအော ရင်းနှီးမြှုပ်နှံခြင်း၊ ဆရာများကို လစာများ တိုးမြှင့်ပေး ခြင်းနှင့် တက္ကသိုလ် အုပ်ချုပ်မှု ကုန်ကျစရိတ် များလွန်းခြင်းတို့က တက္ကသိုလ်များ ဆက်လက် ရပ်တည်နိုင်ရေး ခက်ခဲအောင် လုပ်ဆောင်နေခဲ့သည်။ တစ်ချိန်တည်းမှာပင် အစိုးရများ ကလည်း တက္ကသိုလ်များကို ငွေကြေး ဆက်လက် ထောက်ပံ့ရန် မဖြစ်နိုင်တော့ကြောင်း သတိပေးမှုများပြု လုပ်လာခဲ့ သည်။ အထူးသဖြင့် အမေရိကန် တက္ကသိုလ်များ ယခင်ကတည်းက ငွေကြေး အခက်အခဲကြုံနေခဲ့ ရသည့် တက္ကသိုလ်များ ဒုက္ခရောက်ကြ တော့မည် ဖြစ်သည်။ လာမည့် နှစ်ပေါင်းနှစ်ဆယ် အတွင်း အမေရိကန်ရှိ တက္ကသိုလ်တချို့ ဒေ၀ါလီခံရ တော့မည်ဟု လေ့လာသူ တချို့က သုံးသပ်ကြသည်။

တစ်ချိန်တည်းမှာပင် နည်းပညာ တော်လှန်ရေးက ပညာရေးနယ်ပယ်၏ ဘဏ္ဍာရေးဆိုင်ရာ လည်ပတ်မှု ပုံစံကို ခြိမ်းခြောက်လာခဲ့ပြန် သည်။ အခမဲ့ရရှိနိုင်သော အွန်လိုင်းပညာရေး စနစ်ကြောင့် တစ်ချိန်က ကံကောင်းသူ တချို့သာ လက်ခံ ရရှိနိုင်သည်များကို စမတ်ဖုန်းရှိသူ၊ လက်ပ်တော့ ရှိသူအားလုံး ခံစားခွင့် ရရှိလာခဲ့သည်။ တက္ကသိုလ်များ ရပ်တည်နိုင်ရေး အနှောက်အယှက်ပေး နေသည့် နောက်ဆုံး ပြဿနာမှာ လူ့မလိုင်များကို ပညာ သင်ကြား ပေးရန်သာ တာဝန်ရှိခဲ့သည့် တက္ကသိုလ်များမှာ ယခုအချိန်တွင်မူ တက္ကသိုလ် တက်ရောက်ခဲ့သူများ၏ ဘ၀ တစ်လျှောက်လုံးအတွက် ပညာ သင်ကြားပေးခြင်း၊ ပြန်လည် ပညာသင်ကြားပေးခြင်း အစရှိသည့် တာဝန်များကိုပါ ယူလာရခြင်း ဖြစ်သည်။

တက္ကသိုလ်များသည် သူတို့၏ ကုန်ကျစရိတ်များကို ကျောင်းသားများအပေါ် ကောက်ခံခြင်းဖြင့် ရပ်တည် နေကြခြင်း ဖြစ်သည်။ အမေရိကန်ရှိ ပုဂ္ဂလိက တက္ကသိုလ်များ၏ ၀င်ကြေးသည် ၂၀၁၂ ခုနှစ် မတိုင်မီ ဆယ်စုနှစ် အတွင်း (၂၈) ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။ အစိုးရ တက္ကသိုလ်များ၏ ၀င်ကြေးသည် လည်း ၂၀၁၂ ခုနှစ် မတိုင်မီ ငါးနှစ်အတွင်း (၂၇) ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။ ပုဂ္ဂလိက ကောလိပ် များတွင် ကျူရှင် စရိတ်မှာ တစ်နှစ်လျှင် ဒေါ်လာ (၃၀၀၀၀) အထိ ရောက်ရှိနေပြီဖြစ်သည်။ အကျိုးဆက် အဖြစ် ကျောင်းသားများ၏ အကြွေးပမာဏမှာ ဒေါ်လာ(၁ ဒသမ ၂) ထရီလီယံ အထိ ရှိသွားခြင်း ဖြစ်သည်။

လွန်ခဲ့သော ရာစုနှစ်၏ ပထမထက်ဝက်အထိ အကြွေးယူရသည်မှာ ထိုက်တန်ခဲ့သည်။ ကျောင်းသား အများစု အတွက်တော့ တက္ကသိုလ် မှဘွဲ့ရရှိပြီးနောက် အလုပ်ကောင်းကောင်း ရရှိလျင် အကြွေးကျေ အောင် ဆပ်နိုင်မည်ဖြစ်သည်။ သို့သော် သူတို့တွေ တက်ရောက်သည့် ပညာရပ်တိုင်း ကတော့ အကြွေး ကျေအောင် စွမ်းနိုင်မည် မဟုတ်ပါ။ အထူးသဖြင့် စာပေ၊ သမိုင်းကဲ့သို့ ၀ိဇ္ဇာဘာသာရပ်များ ဖြစ်ကြသည်။ ၀ိဇ္ဇာ ဘာသာရပ်များမှာ လူ၏ စိတ်ကို ယဉ်ကျေးအောင် ဆုံးမနိုင်သော်လည်း အကြွေး ကျေအောင်တော့ လုပ်ပေးနိုင်ခြင်းမရှိကြ။

အာရှရှိ တက္ကသိုလ်များတွင်လည်း ထိုနည်းတူသာ ဖြစ်သည်။ လွန်ခဲ့သော ငါးနှစ်အတွင်း ထိပ်တန်း တက္ကသိုလ်များတွင် ကျူရှင် စရိတ် များ(၅) ရာခိုင်နှုန်း တက်သွားခဲ့သည်။ ထောက်ပံ့ကြေး များစွာပေးသော ဥရောပရှိ တက္ကသိုလ်များတွင် တက္ကသိုလ် တက်ရောက် သူနည်းပါးခြင်းကြောင့် တက်္ကသိုလ်များ၏ ဘဏ္ဍာရေး ထိခိုက်ရပြန်သည်။ နောက်ထပ် ပြဿနာတစ်ရပ်က ပေါ်လာပြန်သည်။ ကမ္ဘာတစ်ဝန်းရှိ အသက် မရွယ် မရွေး ၀န်ထမ်းများ အတွက် ပြန်လည် ပညာသင်ကြားပေးရေး ဆိုသည့် တောင်းဆိုမှုတစ်ခု ကလည်းရှိ လာခဲ့သည်။ ဂလိုဘယ်လိုက်ဇေးရှင်းနှင့် နည်းပညာ တိုးတက်လာခြင်း တို့ကြောင့် ပညာရေး အဆင့်အတန်းအားဖြင့် အလယ်အလတ်ရှိ သူများ၏ အလုပ်အကိုင်များ ပျောက်ဆုံးခဲ့ရသည်။ အဆင့်မြင့် ဘွဲ့ ဒီဂရီရရှိထား သူများ ကလည်း အလုပ် ဆက်လက်တည်မြဲရေး အတွက် ဆက်လက် သင်ယူမှုများကို ပြုလုပ်ရပြန်သည်။ အမေရိကန်ပြည်ထောင်စုတွင် အဆင့်မြင့်ပညာရေး နယ်ပယ်တွင် အသက် (၃၅) နှစ်နှင့် အထက် ဆက်လက်ပြန်လည် သင်ယူရန် စာရင်းပေးသူဦးရေသည် ၁၉၉၀ ခုနှစ်များတွင် (၃၁၄၀၀၀) ၏ဦး ရှိခဲ့ရာမှ၂၀၀၀ ခုနှစ်များတွင် (၈၉၉၀၀၀) ဦး အထိရှိလာခဲ့သည်။ စက်မှု နည်းပညာများ တိုးတက်လာမှုကြောင့် လာမည့် ဆယ်စုနှစ်များတွင် အလုပ်အကိုင်များ၏ (၄၇) ရာခိုင်နှုန်းကို စက်ပစ္စည်း များက အစားထိုးသွားလိမ့်မည်ဟု အောက်စဖာ့ဒ် တက္ကသိုလ်မှ ကားလ်ဘနဲဒစ်ခ်ဖရေးက ခန့်မှန်းသည်။

အပျော့ သဘောဆောင်သော ပြဿနာတစ်ရပ်လည်းရှိ နေပြန်သည်။ တက္ကသိုလ်များ၏ နောက်ထပ် ရန်သူ တစ်ဦးမှာ ပမာဏ ကြီးမားသော အွန်လိုင်း သင်တန်းများ MOCCs ဖြစ်ကြသည်။ ဒီဂျစ်တယ် နည်းပညာ အကူအညီဖြင့် ပို့ချသော သင်တန်းများကို ၀က်ဘ်ဆိုက်များမှ ဖြစ်စေ၊ တဲဘလက် အပလီကေးရှင်းများဖြစ် သယ်ယူနိုင်ကြပြီ ဖြစ်သည်။ အစဉ်အလာ တက္ကသိုလ်များလို အချိန်နှင့် နေရာ တစ်ခုတည်းတွင် ပုံစံချ သင်ကြားပေးခြင်း မဟုတ် သောကြောင့် ကျောင်းသားများသည် သူတို့ နှစ်သက်ရာနေရာတွင် အချိန် မရွေး သင်ယူနိုင်ကြပြီဖြစ်သည်။ တက္ကသိုလ်များနှင့် မနှိုင်းယှဉ်နိုင်အောင်လည်း ကုန်ကျစရိတ်က နည်းလွန်းလှ သောကြောင့် လူကြိုက်များ ခံကြရသည်။MOCCs နှင့် အွန်လိုင်းနည်း ပညာပေါင်းစပ်ခြင်း ကြောင့်တက္ကသိုလ် အများအပြား ပျောက်ဆုံးကုန်တော့မည် ဖြစ်ကြောင်း ဟားဗတ် စီးပွားရေးကောလိပ်မှ ကလေတန် ခရစ္စတန်ဆင်ကပြောဆိုခဲ့သည်။

MOCCs မှာ ၂၀၀၈ခုနှစ်တွင် ကနေဒါ၌ အွန်လိုင်း ကွန်ပျူတာ သင်တန်းလေးဖြင့် စတင်ခဲ့ခြင်း ဖြစ်သည်။ ၂၀၁၂ ခုနှစ်မှာ အွန်လိုင်း သင်တန်း များ အင်အား အကောင်းဆုံးနှစ် ဖြစ်ခဲ့သည်။ MOCCs နှင့်ပတ် သက်ပြီး နာမည်ကြီး သုံးခုရှိနေသည်။ ဟားဗတ်နှင့် မက်ဆာ ချူးဆက်နည်းပညာ တက္ကသိုလ် (MIT) တို့၏ အုပ်ချုပ်မှုအောက်ရှိ နိဌ၊ စတန်းဖို့တက္ကသိုလ်၏ အုပ်ချုပ်မှုအောက်ရှိ Coursera နှင့်စတန်းဖို့၌ အွန်ုလိုင်း ကွန်ပျူတာသင်တန်း ပို့ချနေသည့် ဆီဘတ်ရှန်းသရွန် ဦးစီးသည့် Udacity တို့ဖြစ်ကြသည်။ ယင်းကြီးသုံးကြီးက ကမ္ဘာတစ်ဝန်းရှိ ကျောင်းသား(၁၂)သန်းကို သင်တန်းများပို့ချ ပေးနေသည်။ သင်တန်း သားများ၏ သုံးပုံတစ်ပုံ လျော့လျော့မှာ အမေရိကန်နိုင်ငံသားများ ဖြစ်ကြပြီး ထက်ဝက် နည်းပါးမှာ ဖွံ့ဖြိုးဆဲ နိုင်ငံများမှ ကျောင်းသားများ ဖြစ်ကြသည်။

အွန်လိုင်းသင်တန်းများ ကြီးထွားလာခြင်းကြောင့် တက္ကသိုလ်များ မျိုးပြုတ်တော့မည်ဟု တစ်ထစ်ချလည်း သတ်မှတ်လို့ မရပါချေ။ အစဉ် အလာ တက္ကသိုလ်များတွင် ကောင်းကွက်များရှိနေ ပါသေးသည်။ သင်ကြားခြင်း၊ စစ်ဆေးခြင်းနှင့် အောင်လက်မှတ်များ ထုတ်ပေးခြင်းအပြင် ကျောင်းသားများ အတွက် လည်း လူမှု အရင်းအမြစ်များ ဖန်တီးပေးနေဆဲ ဖြစ်သည်။ ကျောင်းသားများသည် တက္ကသိုလ် စာသင်ခန်း အတွင်း ငြင်းခုန် ဆွေးနွေးနိုင်သည်၊ ကိုယ့်ဆိုလိုချင်သော အချက်ကို ကောင်းမွန်ကျနစွာ တင်ပြနိုင်သည်၊ မိတ်ဆွေ ဖွဲ့နိုင်သည်။ ဒီဂျစ်တယ် ကောလိပ် အတွေ့အကြုံက ဒါတွေကို အစားထိုးပေးနိုင်ခြင်းမရှိ။

တက္ကသိုလ်များ သက်ဆိုးရှည်ချင်ပါက လက်တွေ့သင်ကြားမှု စနစ်နှင့် အွန်လိုင်းစနစ်ကို ပူးပေါင်းမှသာ ဖြစ်နိုင်မည်။ နိဌ ကိုကြီးကြပ်သူ အာနန်အဂါဝါက လေးနှစ်သက်တမ်း ဒီဂရီပုံစံကို အကြံပြုသည်။ ကျောင်းသားများသည် ပထမဆုံး မိတ်ဆက် ပညာသင်နှစ်ကို MOOC မှ တစ်ဆင့် သင်ကြားရမည်။ ယင်းနောက် နှစ်နှစ်သက်တမ်းကို တက္ကသိုလ်တွင် လာရောက် သင်ယူရမည်။ နောက်ဆုံးနှစ်ကို တက္ကသိုလ် တက်ခြင်းနှင့် အွန်လိုင်းမှ သင်ယူခြင်း တို့ကို ပူးပေါင်း သင်ယူရမည်ဟု သူက အကြံပြုသည်။ တက္ကသိုလ် တချို့မှာလည်း သူတို့၏ သင်ရိုးများတွင် ဒီဂျစ်တယ် သင်တန်းများကို ရောစပ် သင်ကြားမှု များပြု လုပ်နေပြီ ဖြစ်သည်။ ဘရာဇီးရှိ Unoparတက္ကသိုလ်မှာ တန်ဖိုးနည်း အွန်လိုင်းဆိုင်ရာ သင်ရိုးများ ကို ပို့ချသော ဒီဂျစ်တယ် သင်တန်းများ၊ အပတ်စဉ် ဆွေးနွေးပွဲများကို ပေါင်းစပ် သင်ကြားပေးနေသည်။ အမေရိက တွင်လည်း Minerva တက္ကသိုလ်သည် နာမည်ကျော်တက္ကသိုလ် ကြီးများကို ပြိုင်ဆိုင်နိုင်မည့် ဈေးနှုန်းဖြင့် သင်တန်းများကို ပို့ချပေးနေသည်။ နာမည်ကျော် တက္ကသိုလ်တစ်ခုကို တက်ရောက်ပါက တစ်နှစ်လျင် ဒေါ်လာ (၆၀၀၀၀) ကုန်ကျမည်ဖြစ် သော်လည်း Minerva ကို တက်ရောက်လျင်တော့ တစ်နှစ်လျင် ဒေါ်လာ(၁၀၀၀၀) သာ ကုန်ကျမည်ဖြစ်သည်။

အွန်လိုင်း ပညာရေးတွင်လည်း အားနည်းချက်များရှိ နေပါသည်။ တက္ကသိုလ် စာသင်ခန်းများတွင် သင်ကြားမှုများ ပြုလုပ်နေသည့် ကျောင်း သား (၃၀) ရာခိုင်နှုန်းမှာ ဂဏန်းသင်္ချာ မိတ်ဆက် သင်တန်းကို ပြီးဆုံးကြသော်လည်း အွန်လိုင်းပညာရေးကို သင်ယူနေသည့် ကျောင်းသား(၁၈) ရာခိုင် နှုန်းသာ သင်တန်း ပြီးဆုံးကြကြောင်း ကယ်လီဖိုးနီးယားရှိ ဆန်ဟိုဆေးပြည်နယ် တက္ကသိုလ်၏ လေ့လာမှုတွင် ဖော်ပြထားသည်။ MOCC ဖြင့်ပထမဆုံး သင်ယူသည့် ကျောင်းသားများ ၏ (၁၀) ရာခိုင်နှုန်းသာ သင်တန်း ပြီးဆုံးကြသည်ကြောင်း ထောက်ပြမှုများလည်း ရှိနေသည်။

အင်္ဂလိပ် ဘုန်းတော်ကြီး ဂျွန်ဟင်နရီနယူးမန်းက ၁၈၅၈ ခုနှစ်တွင် ရေးသားခဲ့သည့် တက္ကသိုလ်တစ်ခု၏ အတွေးအမြင် ဆိုသည့် အက်ဆေး တစ်ပုဒ်တွင် တက္ကသိုလ်ဆိုသည်မှာ လူလူချင်း ဆက်ဆံမှုမှ တစ်ဆင့် နယ်ပယ်အစုံသို့ အတွေးအမြင်များ ဖြန့်ချိသည့် နေရာတစ်ခု ဖြစ်ကြောင်း ဖော်ပြ ထားသည်။ ယင်း အတွေးအမြင် အင်တာနက်မှ တစ်ဆင့် လူအချင်းချင်း ဆက်ဆံ ပြောဆိုနိုင်သည့် ခေတ်မှာပင် အကျုံးဝင် နေဆဲ ဖြစ်သည်။ သို့သော် ဘုန်းတော်ကြီးက သတိပေးမှု တစ်ခုတော့ပြု ခဲ့သည်။ လူလူချင်း လက်တွေ့ ထိတွေ့ခြင်း မရှိပါက အဆင့်မြင့် ပညာရေးမှာ ရေခဲကဲ့သို့ အေးနေသော သံမဏိများသာရှိ နေသည့် တက္ကသိုလ် အဆောက်အအုံသာ ဖြစ်သွားမည်ဟု သူက ရေးသားခဲ့သည်။ အွန်လိုင်း နည်းပညာသုံး သင်တန်းများ ယင်းကဲ့သို့ မဖြစ်သွားစေရန် သတိတော့ထားရမည် ဖြစ်သည်။ သို့သော် ကုန်ကျစရိတ် များပြီး အချိန်များစွာလည်း ပေးရသည့် အစဉ်အလာ အဆင့်မြင့် ပညာရေး နယ်ပယ်ကြောင့် အွန်လိုင်း ပညာရေးမှာ ပျောက်ကွယ်သွားမည့်အစား ပိုမိုပင် လူကြိုက်များ လာပါဦးမည်။ 


Ref: The future of universities, The Economist
The Messenger
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...