e-Visa လျှောက်ထားနိုင်မည့် ဝက်ဘ်ဆိုက် စတင်လွှင့်တင်

ရန်ကုန်၊ သြဂုတ် ၁၂

နိုင်ငံခြားသားများ မြန်မာနိုင်ငံသို့ လာရောက်ရန် ပြည်ဝင်ခွင့် ဗီဇာကို အင်တာနက်မှ တိုက်ရိုက် လျှောက်ထားနိုင်မည့် e-Visa စနစ်ကို စတင် အသုံးပြုနိုင်ရန် ဝက်ဘ်ဆိုက် လွှင့်တင် လိုက် ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ e- Visa လျှောက်ထားနိုင်မည့် www.myanmarevisa.gov.mm ဝက်ဘ်ဆိုက်ကို သြဂုတ်လ ၁၂ ရက်တွင် စတင်ထုတ်လွှင့်ခြင်း ဖြစ်ပြီး ယခုလောလောဆယ်တွင် အကန့်အသတ်ဖြင့် စတင်လျှောက် ထားနိုင်ပြီး စက်တင်ဘာလ ၁ ရက်နေ့တွင် နိုင်ငံခြား ခရီးသွားအားလုံး e-Visa လျှောက်ထားခွင့်ပြုမည် ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

“နိုင်ငံတကာမှာ e-Visa လျှောက်ရင်တော့ သုံးရက်လောက်ပဲ ကြာတယ်။ ဒီမှာက ဘယ်လိုလာမလဲ မသိဘူး။ သေချာမသိသေးတော့ စောင့်ကြည့်ရဦးမယ်။ အရင်က အဲလိုပုံစံမျိုး လုပ်ဖူးတယ်။ အင်တာနက် လိုင်း အဆင်မပြေလို့ ရပ်လိုက်ရတယ်။ ဟိုက လျှောက်တာကို ဒီကအင်တာနက်နဲ့ ပြန်ပို့ရမှာဆိုတော့ လိုင်းကောင်းမှရမယ်” ဟု သူရိယ ခရီးသွားလုပ်ငန်းမှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးမျိုးဝေတင့်က ဆိုသည်။

မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက အကောင်အထည် ဖော်ထားသော အဆိုပါ e-Visa စနစ်ဖြင့် ပြည်ဝင်ခွင့် လျှောက်ထားပါက ငါးရက်ခန့် ကြာမြင့်မည်ဖြစ်ပြီး ဝန်ကြီးဌာနမှ စစ်ဆေးမှုများ ပြုလုပ်ကာ ဗီဇာကို မေးလ်ဖြင့်ပေးပို့မည် ဖြစ်ကြောင်း၊ ဝင်ခွင့် လျှောက်ထားခများကို နိုင်ငံတကာ ငွေပေးချေကတ်များ ဖြစ်သည့် VISA၊ Master ကတ်များဖြင့် ငွေပေးချေနိုင်မည် ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနထံမှ သိရသည်။

စက်တင်ဘာလတွင် e-Visa စနစ် အကောင်အထည် ဖော်မည့်အတွက် ယခုနှစ်အတွင်း နိုင်ငံခြားသား ခရီးသွား ဧည့်သည် ဝင်ရောက်မှု သုံးသန်းပြည့်မီမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုင်းကျော်အုန်းက ဆိုသည်။


The Voice Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...