အိမ်အကူများနှင့် ပတ်သက်သော စင်ကာပူ ဥပဒေများ

(၁) အချီး

The Voice Weekly Vol.10, No.25 တွင် အိမ်အကူများနှင့် ပတ်သက်၍ ရေးသား ထားသော ဦးဇော်အောင်၏ အင်တာဗျူး ဆောင်းပါးတစ်ပုဒ်ကို ဖတ်ရပါသည်။

ထိုဆောင်းပါးတွင် ဦးအေးငြိမ်း ဘာသာပြန်ထားသော အိမ်အကူ များနှင့် ပတ်သက်သည့် ဥပဒေ ရှိပါ သည်ဟု ရည်ညွှန်းထား၏။ ဤသည်ကို ဖတ်မိပြီး အကယ်၍ ထိုဥပဒေကို အကျဉ်းရုံးပြီး ဂျာနယ်ထဲ ထည့် လိုက်လျှင် မြန်မာအစိုးရက ဖြစ်စေ၊ အိမ်အကူ များ ပို့ပေးနေသော အေးဂျင့်များဖြစ်စေ၊ စင်ကာပူသို့ အိမ် အကူအဖြစ် လာရောက်လုပ်ကိုင်လိုသူ မိန်းကလေးများ အနေနှင့်ဖြစ်စေ လေ့လာနိုင်ပြီး အကျိုးကျေးဇူး ရှိတန်၏ဟု တွေးမိသောကြောင့် ယခင်က ကျွန်တော် ရေးထားသည့် ဆောင်းပါးကို အများနှင့် သင့်တော်အောင် ပြန်လည်ပြင်ဆင် ဖော်ပြလိုက် ပါသည်။

ဦးဇော်အောင်၏ ဆောင်းပါးတွင် ပြောစရာ အနည်းငယ် ရှိပါသည်။ သူက ဤဆောင်းပါးရေးပြီး ကျွန်တော့် ထံပို့ကာ ဖတ်ရန်ပေး၏။ သူက အိမ်ရှင်၏ မတရားခိုင်းစေမှု (အကျင့်စာရိတ္တ ညံ့ဖျင်းမှု) ဟု သုံးထားသည်ကို ကျွန်တော်က မတရားခိုင်း စေတာသည် အကျင့်စာရိတ္တ ညံ့ဖျင်းမှုအစား ကိုယ်ချင်း စာတရား နည်းပါးမှုဟု ပြင်ရန် ပြောလိုက်သည်။ သို့သော် ပြင်ရန် အချိန်မရလိုက်ဟု ထင်ပါ၏။ အကျင့် စာရိတ္တ ညံ့ဖျင်းမှု သုံးထားသည်ကို တွေ့ရပါသည်။

နောက်တစ်ချက်မှာ အသုံးအနှုန်း ဖြစ်ပါသည်။ အိမ်ဖော်ဟူသည် ဟိုးရှေးယခင် လူတန်းစား ခွဲခြားသည့် ကာလများက အသုံးအနှုန်း ဖြစ်၏။ ယခုကာလတွင်မူ အသိဉာဏ် နုံနဲ့လှသော အချို့မှလွဲ၍ မိမိတို့၏ အိမ်အကူကို အတန်းစားမခွဲခြားဘဲ မိမိတို့ အိမ်သားများနည်းတူ ပြုမူဆက်ဆံနေကြပြီ ဖြစ်ပါသည်။ ထို့ကြောင့် အိမ်မှုကိစ္စများကို ကူညီလုပ်ကိုင်ပေးသော ထိုအမျိုးသမီးများကို အိမ်အကူဟု သုံးနှုန်းခြင်းက ပိုမိုသင့်တော်ပါသည်။

စင်ကာပူတွင်မူ အိမ်အကူများကို FDW ဟု တရားဝင် ခေါ်ပါသည်။ အရှည်မှာ Foreign Domestic Worker ဖြစ်ပြီး နိုင်ငံခြားသား အိမ်လုပ်သားဟု အဓိပ္ပာယ်ရ၏။

နိုင်ငံခြားသား အိမ်လုပ်သားများနှင့် ပတ်သက်၍ ပြဋ္ဌာန်းထားသော ဥပဒေမှာ EMPLOYMENT OF FOREIGN MANPOWER ACT; EMPLOYMENT OF FOREIGN MANPOWER (WORK PASSES) REGULATIONS 2012 ဖြစ်၏။ ယခု ထိုဥပဒေမှ သိသင့် သိထိုက်သည်များကို ဘာသာပြန်ဆို တင်ပြ ထားပါသည်။ ဘာသာပြန်ရာတွင် ဥပဒေကြီး တစ်ခုလုံးကို ဘာသာပြန်ခြင်း မဟုတ်မူ၍ အိမ်အကူများနှင့် ပတ်သက်သော အပိုင်းကိုသာ ရွေးချယ်ပြန်ဆိုထားခြင်း ဖြစ်ပါသည်။

ထို့ပြင် ဥပဒေပါ စာသားများအတိုင်း အတိအကျ ပြန်ဆိုထားခြင်း မဟုတ်ဘဲ မူရင်းအဓိပ္ပာယ် မပျောက်စေ ဘဲ အများနားလည်အောင် ရေးသားထားခြင်း ဖြစ်၏။ ဘာသာပြန်ဆိုရာတွင် “အိမ်အကူ” ဟု သုံးပါသည်။

(၂) ဥပဒေမူရင်း

၁။ အလုပ်ရှင်သည် အိမ်အကူ၏ စားဝတ်နေရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုတို့အတွက် ကုန်ကျမှု အစုစုကို ကျခံရမည်။

၂။ အလုပ်ရှင်သည် အိမ်အကူအတွက် အန္တရာယ်ကင်းစွာ အလုပ်လုပ်နိုင်ရန် လိုအပ်သော ပံ့ပိုးမှုများ လုပ်ပေးရမည်။ ထိုအထဲတွင် အောက်ပါတို့ ပါဝင်၏။

(၁) မြေညီထပ် သို့မဟုတ် ဝရန်တာဘက်တွင် ရှိသော ပြတင်းပေါက်များမှအပ ကျန်ပြတင်းပေါက်များ၏ အပြင်ဘက် မျက်နှာပြင်၊ လက်လှမ်းမမီသော နေရာများကို သန့်ရှင်းရေး မလုပ်ခိုင်းရ။

(၂) အထက်အပိုဒ် (၁) တွင် ဖော်ပြထားသော ပြတင်းပေါက်များကို သန့်ရှင်းရေး လုပ်ခိုင်းရာတွင် (က) ပြတင်းပေါက် အကာအရံတန်းများ (Grille) ကို သော့ခတ်ထား သို့မဟုတ် မပွင့်နိုင်စေရန် ခိုင်ခိုင်မြဲမြဲ တုပ်နှောင်ထားရမည်။
(ခ) အိမ်အကူသည် ပြတင်းပေါက် အတွင်းဘက် အခန်းထဲ၌ပင် ရှိနေရမည်။
(ဂ) လက်မှအပ အိမ်အကူ၏ ခန္ဓာကိုယ်သည် အပြင်ဘက်သို့ ကိုင်းထွက် မနေစေရ။
(ဃ) အထက်အပိုဒ် က၊ ခ၊ ဂ တို့တွင် ဖော်ပြထားသည်တို့ သေချာစေရန် အလုပ်ရှင် သို့မဟုတ် အလုပ် ရှင်၏ကိုယ်စား အရွယ်ရောက်သူ တစ်ဦးဦး၏ ကြီးကြပ်မှုအောက်တွင်သာ လုပ်စေရမည်။

၃။ အပိုဒ် (၂) တွင် ဖော်ပြထားသည်နှင့် ပတ်သက်၍ အလုပ်ခန့်ထားစဉ်အတွင်း အိမ်အကူအား ၎င်း၏ ဘေးအန္တရာယ် ကင်းစေရေးအတွက် အန္တရာယ် တစ်စုံတစ်ရာ မကျရောက်စေရ။ ထိုသို့ အန္တရာယ်ကင်း ရန် အိမ်အကူသည် သင်တန်းတွင် ပို့ချလိုက်သည့်အတိုင်း သက်ဆိုင်ရာ သင်တန်းစာအုပ်များတွင် ညွှန်ပြ ထားသည့်အတိုင်း လိုက်နာ လုပ်ကိုင်ရမည်။

၎။ အလုပ်ရှင်သည် အိမ်အကူအတွက် သင့်တော်သော နေရာထိုင်ခင်း စီစဉ်ပေးရမည်။ ထိုနေရာထိုင်ခင်း သည် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းမှ သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့် ကိုက်ညီရမည်။

၅။ အိမ်အကူသည် ဝပ်ပါမစ် ကတ်ပြားထဲ၌ ဖော်ပြထားသည့် လိပ်စာတွင် နေထိုင်ကြောင်း အလုပ်ရှင် သည် သေချာစေရမည်။

၆။ အိမ်အကူ၏ ပုံသေလစာကို သတ်မှတ်ထားသော နောက်ဆုံးလခ ထုတ်ရက်မှ ခုနစ်ရက်ထက် ပိုပြီး နောက်မကျစေဘဲ ထုတ်ပေးရမည်။ အလုပ်ရှင်၊ အလုပ်သမား သဘောတူစာချုပ်တွင် သတ်မှတ်ထားသော လစာကာလမှာ တစ်လထက် မပိုစေရ။

၇။ အိမ်အကူသည် လစာမဲ့ခွင့်နှင့် စင်ကာပူပြင်ပတွင် ရောက်ရှိနေသည်မှအပ အလုပ်ရှင်သည် (အလုပ်ရှိ သည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ)-

(က) WP လျှောက်ထားစဉ်အခါက ဖော်ပြထားသည့် ပုံသေလစာထက် မလျော့နည်းစေရဘဲ
(ခ) အပိုင်း (၂)၊ အပိုဒ် ၅ (က) တွင် ဖော်ပြထားသကဲ့သို့ ပြန်လည် ညှိနှိုင်းထားသည့် လခထက် မလျော့ နည်းစေရဘဲ ထုတ်ပေးရမည်။

ထိုသို့ ထုတ်ပေးရာတွင် သတ်မှတ်ထားသော နောက်ဆုံး လခထုတ်ရက်မှ ခုနစ်ရက်ထက် ပိုပြီး နောက် မကျစေဘဲ ထုတ်ပေးရမည်။ အလုပ်ရှင်၊ အလုပ်သမား သဘောတူစာချုပ်တွင် သတ်မှတ်ထားသော လစာကာလမှာ တစ်လထက် မပိုစေရ။

၇(က)။ အပိုဒ် ၆၊ ၇၊ ၇(ခ) တို့တွင် ဖော်ပြထားသည့် ပုံသေလစာ ဆိုသည်မှာ စုစုပေါင်း အခြေခံလစာနှင့် လစဉ် ပုံသေ ခံစားခွင့်များကို ဆိုလိုသည်။

၇(ခ)။ အပိုဒ် ၇ တွင် ဖော်ပြထားသည့် ပြန်လည် ညှိနှိုင်းထားသည့် လစာဟူသည် အပိုင်း ၂၊ အပိုဒ် ၅(က) အရ ပြန်လည် ညှိနှိုင်းထားသော လခကို ဆိုလိုသည်။

၇(ဂ)။ အခြေခံလစာ ဆိုရာတွင် လတိုင်း ပြောင်းလဲမနေသော ပေးစရာ ရှိသမျှ အားလုံး ပါသည့် ကန်ထရိုက် စာချုပ်ထဲတွင် ဖော်ပြထားသည့် ပုံသေလစာကို ဆိုလိုသည်။ သို့ရာတွင် ထိုလစာ၌ အောက်ပါ တို့ မပါဝင်ပါ။

(က) အခြားခံစားခွင့်များ
(ခ) အချိန်ပို လုပ်အားခ၊ ဘိုးနပ်၊ ကော်မရှင်၊ နှစ်စဉ် ထပ်ဆောင်းပေးငွေ
(ဂ) အခြား မည်သည့်ပေးငွေမဆို
(ဃ) အလုပ်ခန့်ထားမှုအတွက် ကုန်ကျစရိတ်များ
(င) စွမ်းဆောင်ရည်အတွက် ပေးသော ဆုကြေးငွေများ
(စ) အလုပ်ရှင်က ပေးစရာရှိသော ငွေကြေးများ
(ဆ) ဘောက်ဆူး၊ စုငွေ၊ ပင်စင်ကြေး စသည်

၇(ဃ)။ လစဉ် ပုံသေခံစားခွင့် ဆိုရာတွင် တစ်လနှင့်တစ်လ ပြောင်းလဲမနေသော ပုံသေခံစားခွင့်ကို ဆိုလိုသည်။ အထက် အပိုဒ် ၇(ဂ)။ (ခ)မှ (ဆ) အထိ ငွေကြေးများ မပါဝင်ပါ။

၈။ MOM က လိုအပ်ချက်အရ ပြုလုပ်ရသော ဆေးစစ်ခြင်းများအတွက် ကုန်ကျစရိတ်ကို အလုပ်ရှင်မှ ကျခံရမည်။

၉။ အလုပ်ရှင်သည် ၎င်းကိုယ်တိုင် သို့မဟုတ် ၎င်းကိုယ်စား အခြားသူတစ်ဦးဦးအား အိမ်အကူကို အနိုင် အထက် မလုပ်ရ။ အိမ်အကူအား အနိုင်အထက်ပြုခြင်းတွင် အောက်ပါတို့ ပါဝင်သည်။

(က) ကိုယ်ထိလက်ရောက် စော်ကားခြင်း သို့မဟုတ် လိင်ပိုင်းဆိုင်ရာ ပြုမူခြင်း သို့မဟုတ် ရာဇဝတ်မှု ဆိုင်ရာ ခြိမ်းခြောက်မှုပြုခြင်း

(ခ) အလုပ်ရှင် (သို့မဟုတ်) အခြားသူတစ်ဦးဦးက အိမ်အကူ၏ ဘေးအန္တရာယ်ကင်းရေး သို့မဟုတ် ကျန်းမာရေးဆိုင်ရာ ထိခိုက်ဒဏ်ရာ ရစေခြင်း

(ဂ) အလုပ်ရှင် သို့မဟုတ် အခြားသူတစ်ဦးဦးက အိမ်အကူ၏ ဘေးအန္တရာယ်ကင်းရေး သို့မဟုတ် ကျန်းမာရေးဆိုင်ရာ ထိခိုက်ဒဏ်ရာ ရစေနိုင်ခြင်းကို လျစ်လျူရှုထားခြင်း၊ သို့မဟုတ် ပစ်ပယ်ထားခြင်း

(ဃ) အလုပ်ရှင် သို့မဟုတ် အခြားသူတစ်ဦးဦးက အိမ်အကူ၏ လူမှုဖူလုံရေး (Welfare) ကို ထိခိုက် ပျက်ပြားစေခြင်း

၁၀။ အလုပ်ရှင်သည် အိမ်အကူအား-

(က) နေ့စဉ် နားချိန် လုံလောက်စွာ ပေးရမည်။ (ခ) ၂၀၁၃ ဇန်နဝါရီလ ၁ ရက်နေ့တွင် ထုတ်ပေးထား သော သို့မဟုတ် အသစ်လဲပေးထားသော ဝပ်ပါမစ်သမားများအတွက် နားရက်သတ်မှတ်ခြင်းမှာ အလုပ်ရှင်၊ အလုပ်သမား သဘောတူစာချုပ်ပါအတိုင်း ဖြစ်သည်။

၁၁။ အပိုဒ် ၁၂၊ ၁၃၊ ၁၄ တို့မှာ ၂၀၁၃ ဇန်နဝါရီလ ၁ ရက်နေ့တွင် ထုတ်ပေးထားသော သို့မဟုတ် အသစ်လဲပေးထားသော ဝပ်ပါမစ်သမားများအတွက် ဖြစ်သည်။

၁၂။ အပိုဒ် ၁၃ အရ တနင်္ဂနွေနေ့နှင့် အများပြည်သူ အလုပ်ပိတ်ရက်များ အပါအဝင် အလုပ်ရှင်သည် အိမ်အကူကို ခုနစ်ရက်တွင် (လုပ်အားခ မရသော) နားရက်တစ်ရက် ပေးရမည်။ ထိုနားရက်သည် အလုပ်ရှင်နှင့် အလုပ်သမား သဘောတူထားသည့်အတိုင်း ခုနစ်ရက် တစ်ပတ်အတွင်း မည်သည့်ရက် မဆို ဖြစ်နိုင်သည်။

၁၃။ အကယ်၍ အောက်ပါအတိုင်း အလုပ်ရှင်၊ အလုပ်သမား နှစ်ဦးသဘောတူ စာချုပ်ချုပ်ဆိုထားမည် ဆိုပါက အပိုဒ် ၁၂ တွင် မည်သို့ပင် ဆိုစေကာမူ အလုပ်ရှင်သည် နားရက် တစ်ရက်ပေးရန် မလိုပေ။ စာချုပ်၌ ပါသည့်အတိုင်း ထိုနားရက်၌ အလုပ်လုပ်ခြင်းအတွက် အိမ်အကူသည် လုပ်အားခ ရရမည်။

(က) အနားယူရက်တွင် အလုပ်လုပ်ရန်။
(ခ) အနားယူရက်တွင် အလုပ်လုပ်ခြင်းအတွက်-

(၁) အခကြေးငွေ မရဘဲ နားရက် အစားတစ်ရက် ပြန်ပေးရန် (ထို အစားထိုး နားရက်သည် ထိုလအတွင်း သာ ဖြစ်ရမည် ဖြစ်ပြီး အလုပ်ရှင်၊ အလုပ်သမား နှစ်ဦးနှစ်ဘက် သဘောတူထားရမည်)
(၂) ထိုနားရက်တွင် အလုပ်လုပ်ခြင်းအတွက် သာမန်လုပ်ခထက် မလျော့နည်းသော လုပ်အားခကို ပေးရန်

၁၄။ အပိုဒ် ၁၂ နှင့် ၁၃ အတွက်-

(က) တနင်္ဂနွေနေ့နှင့် အများပြည်သူ ရုံးပိတ်ရက်ကို နားရက်အဖြစ် ပေးပါမည်ဟု အလုပ်ရှင်၊ အလုပ် သမားနှစ်ဦး သဘောတူထားပါမှ တနင်္ဂနွေနှင့် အများပြည်သူ ရုံးပိတ်ရက်ကို နားရက်အဖြစ် သတ်မှတ် ပေးရမည်။
(ခ) အကယ်၍ နားရက်အတွက် သတ်မှတ်ထားသော ခုနစ်ရက်သည် နှစ်လတွင် ခွပါနေပါက မည်သည့် လတွင် နားရက်ယူမည်ကို အလုပ်ရှင်၊ အလုပ်သမားနှစ်ဦး သဘောတူထားရမည်။
(ဂ) အပိုဒ် ၁၃ တွင် ဖော်ပြထားသော နားရက်တွင် အလုပ်လုပ်ခြင်းအတွက် အလုပ်ရှင်၊ အလုပ်သမား နှစ်ဦး သဘောတူထားရမည်။
(ဃ) အပိုဒ် ၁၃၊ (ခ) (၂) တွင် ဖော်ပြထားသော နားရက်တွင် အလုပ်လုပ်ခြင်းအတွက် တစ်ရက်လုပ်ခ အခကြေးငွေမှာ အခြေခံလစာကို ၂၆ နှင့် စား၍ တန်ဖိုးဖြစ်သည်။ (င) ထိုနားရက်တွင် အလုပ်လုပ်ခြင်း အတွက် ရရမည့်လုပ်ခကို အလုပ်ရှင်က အိမ်အကူအား လာမည့် အနီးဆုံးထုတ်ရမည့် လခတွင် ထည့်ပေး ရမည်။

၁၅။ အလုပ်ရှင်သည် အိမ်အကူအား တရားမဝင်သော၊ အကျင့်ပျက်စေသော၊ ကိုယ်ကျင့်တရားအရ မလိုလားအပ်သော မည်သည့်အပြုအမူ၊ အလုပ်မျိုးကိုမှ ခွင့်မပြုရ။

၁၆။ အလုပ်ရှင်သည် အိမ်အကူ၏ မူရင်း ဝပ်ပါမစ်ကတ်ကို သိမ်းဆည်းထားပိုင်ခွင့် မရှိ။ အိမ်အကူကသာ မူရင်း ဝပ်ပါမစ်ကတ်ကို သိမ်းဆည်းထားရမည်။

၁၇။ အကယ်၍ ဝပ်ပါမစ် ကတ်ပေါ်တွင် ဖော်ပြထားသော အိမ်လိပ်စာ ပြောင်းသွားသည် ဆိုပါက အလုပ် ရှင်သည် MOM သို့ ပြောင်းသည့်ရက်မှ ၁၄ ရက်အတွင်း အကြောင်းကြားရမည်။

၁၈။ အကယ်၍ အိမ်အကူသည် စင်ကာပူနိုင်ငံအတွင်း သေဆုံးခဲ့ပါက အလုပ်ရှင်သည် သေဆုံးသူ အိမ်အကူ မိသားစု၏ ဆုံးဖြတ်ချက်အရ-

(က) အောက်ပါစရိတ်များကို ကျခံရမည်။
(၁) စင်ကာပူနိုင်ငံအတွင်း သင်္ဂြိုဟ်စရိတ်
(၂) စင်ကာပူနိုင်ငံ၌ သင်္ဂြိုဟ်ပြီး ပြာအိုးကို မိခင်နိုင်ငံသို့ ပြန်ပို့စရိတ်
(၃) အလောင်းကို မိခင်နိုင်ငံသို့ ပြန်ပို့စရိတ်
(ခ) အိမ်အကူ၏ ကျန်ခဲ့သော ပစ္စည်းများကို မိသားစုထံ ပြန်ပို့စရိတ်
(ဂ) အိမ်အကူအားပေးရန် ကျန်ရှိသော လခအားလုံး

၁၉။ အလုပ်ရှင်သည် အလုပ်ရှာ အေးဂျင့်မှသော် လည်းကောင်း၊ အခြားသူ တစ်ဦးတစ်ယောက်ထံမှသော် လည်းကောင်း အိမ်အကူအား အလုပ်ခန့်ထားခြင်းအတွက် မည်သည့် အခကြေးငွေ တစ်စုံတစ်ရာမှ မတောင်းရ။

ဝပ်ပါမစ်ကို ပယ်ဖျက်ခြင်း (Cancellation) နှင့် အိမ်အကူကို ပြန်မပို့မီနှင့် ပြန်ပို့ချိန်တွင် ရှိသောတာဝန်များ

၂၀။ ဝပ်ပါမစ်ကို ပယ်ဖျက်ပြီး အလုပ်ရှင်သည် ဝပ်ပါမစ်ကတ်ကို ခုနစ် က်အတွင်း MOM သို့ ပြန်ပို့ရမည်။

၂၀ (က)။ အလုပ်ရှင်သည် အိမ်အကူ စင်ကာပူတွင် ရှိနေစဉ်အတွင်း စားဝတ်နေရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုတို့အတွက် ကုန်ကျမှု အစုစုကို ကျခံရမည်။

၂၀ (ခ)။ အလုပ်ရှင်သည် အိမ်အကူအတွက် သင့်တော်သော နေရာထိုင်ခင်း စီစဉ်ပေးရမည်။ ထိုနေရာ ထိုင်ခင်းသည် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းမှ သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့် ကိုက်ညီရမည်။

၂၁။ အပိုဒ် ၂၂ တွင် ဖော်ပြထားသကဲ့သို့ အိမ်အကူ၏ ဝပ်ပါမစ်ကတ် သက်တမ်းကုန်လျှင် သို့မဟုတ် ပယ်ဖျက်ခံရလျှင် (နှင့်) ထိုအိမ်အကူအား အခြားအလုပ်ရှင် အသစ်ထံ အလုပ်ခန့် မထားမီ အလုပ်ရှင် သည် အိမ်အကူကို မိခင်နိုင်ငံထံ ပြန်ပို့ရန် လေဆိပ်သို့ လိုက်ပို့ရမည်။

၂၂။ အပိုဒ် ၂၁ တွင် ဖော်ပြထားသည်မှအပ အောက်ပါ အခြေအနေတွင် အလုပ်ရှင်သည် အိမ်အကူကို မိခင်နိုင်ငံထံ ပြန်ပို့နိုင်သည်။

(၁) အိမ်အကူသည် အိမ်ပြန်ချင်ပါသည်ဟု တောင်းဆိုလာလျှင် (နှင့်) အလုပ်ရှင်သည် ပြန်မပို့မီ MOM သို့ ကြိုတင် အကြောင်းကြားထားလျှင် (၂) MOM က ပြန်ပို့ခိုင်းလျှင်

၂၃။ MOM က ခွင့်ပြုသည်မှလွဲ၍ မည်သည့် အကြောင်းကြောင့် ပြန်ပို့သည် ဖြစ်စေ အိမ်အကူအား ပြန်ပို့ စရိတ်ကို အလုပ်ရှင်က ကျခံရမည်။ အလုပ်ရှင်သည် အိမ်အကူအား ၎င်းရစရာ ရှိသောလခနှင့် အခကြေးငွေ အားလုံးကို ပြန်မပို့မီ အကျေပေးရမည်။

မူရင်း Link - http://www.mom.gov .sg/documents/ services-forms/passes/wpaspass-conditions.pdf
Reference:
No. S 569 : EMPLOYMENT OF FOREIGN MANPOWER ACT; EMPLOYMENT OF FOREIGN MANPOWER(WORK PASSES) REGULATIONS 2012, FOURTH SCHEDULE, PART I CONDITIONS TO BE COMPLIED WITH BY EMPLOYER OF FOREIGN EMPLOYEE WHO IS DOMESTIC WORKER ISSUED WITH WORK PERMIT

(၃) ရှင်းလင်းချက်

၁။ အလုပ်ရှင်အတွက် လိုအပ်ချက်

အိမ်အကူခန့်ထားမည့် အလုပ်ရှင်သည် အသက် ၂၁ နှစ် ပြည့်ပြီးသူ ဖြစ်ရမည်။ ဘဏ်စာရင်း ပိတ်ခံရသူ (Bankrupt) မဟုတ်စေရ။ အိမ်အကူ ခန့်ထားလျှင် မည်သည့် အချက်အလက်များကို လိုက်နာရမည် ဆိုသည့် အကြောင်းနှင့် တာဝန်ဝတ္တရားများကိုသိရန် သုံးနာရီသင်တန်း သွားတက်ရမည်။ ယခုမှ အိမ် အကူအသစ် ခန့်ထားမည့် အလုပ်ရှင်များ၊ အိမ်အကူ မကြာခဏ ပြောင်းနေသူ (၃ လတစ်ကြိမ်ခန့်) အလုပ်ရှင်များ ထိုသင်တန်းကို တက်ရန်လို၏။ ဝပ်ပါမစ် လျှောက်လွှာ မတင်မီ အနည်းဆုံး နှစ်ရက် အလို တွင် ထိုသင်တန်း ပြီးဆုံးထားရမည်။ ထိုသင်တန်းကို စင်ကာပူ ပိုလီတွင် တက်နိုင်ပြီး သင်တန်းကြေး စင်ကာပူဒေါ်လာ ၃၀ ဖြစ်သည်။

အကြောင်းကြောင်းကြောင့် သင်တန်းမတက်နိုင်သူများသည် Oline EOP (Employer's Orientation Progeamme) တက်လို့ရပါသည်။ သင်တန်းကြေး စင်ကာပူဒေါ်လာ ၄၀ ဖြစ်၏။ သို့သော် နာတာရှည် ရောဂါဖြစ်သူ၊ လမ်းမလျှောက်နိုင်သူ၊ အသက် ၆၀ ကျော်သဖြင့် သွားလာရေး ခက်ခဲသူ စသည်တို့ကိုမူ ထိုသင်တန်းမှ ကင်းလွတ်ခွင့် လျှောက်ထားနိုင်ပါသည်။

တစ်နှစ်အတွင်း အိမ်အကူ လေးယောက်ထက် ပိုပြောင်းခြင်း

တစ်နှစ်အတွင်း လေးယောက်ထက် ပိုပြောင်းသော အလုပ်ရှင်များသည် နောက်တစ်ကြိမ် အိမ်အကူ ထပ်မံခန့်ထားလိုလျှင် သင်တန်းပြန်တက် သို့မဟုတ် MOM မှ အင်တာဗျူးပါမည်။

နာမည်ပျက် စာရင်းသွင်းခြင်း

အိမ်အကူ ခန့်ထားရန် မသင့်တော်ဟု သတ်မှတ်ခံထားရသော အလုပ်ရှင်များအား နောက်ထပ်အိမ်အကူ ဝပ်ပါမစ် လျှောက်ထားခွင့်မရှိ သို့မဟုတ် လက်ရှိ အိမ်အကူ ဝပ်ပါမစ်ကို သက်တမ်းတိုးခွင့် မပြုပါ။

အောက်ပါအမှုများအား ကျူးလွန်သူ အလုပ်ရှင်များကို နာမည်ပျက်စာရင်း သွင်းမည်။

- အိမ်အကူအား ကိုယ်ထိလက်ရောက်နှင့်/ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ နှိပ်ကွပ်ခြင်း
- အိမ်အကူအား မတရားသဖြင့် ပြုခြင်း၊ နှိပ်စက်ခြင်း၊ ဥပမာ-
- လခမပေးဘဲ ထားခြင်းနှင့်/ သို့မဟုတ်
- ထမင်းဝအောင် မကျွေးခြင်း၊ နားချိန် အလုံအလောက် မပေးခြင်း
-အန္တရာယ်ရှိသော အလုပ်များကို စေခိုင်းခြင်း၊ ဥပမာ- အထပ်မြင့်တွင်ရှိသော တိုက်ခန်း၏ ပြတင်းပေါက် အပြင်ဘက် မျက်နှာပြင်ကို သန့်ရှင်းခိုင်းခြင်း
- တိုက်ခန်းအပြင်ဘက်တွင် အန္တရာယ်မကင်းစွာ အဝတ်လှန်းခိုင်းခြင်း
- တရားမဝင် အိမ်အကူ ခန့်ထားခြင်း

၂။ အိမ်အကူအတွက် လိုအပ်ချက်

- မိန်းမဖြစ်ရမည်။
- အတည်ပြုထားသော နိုင်ငံများ (ဘင်္ဂလားဒေ့ရှ်၊ ဟောင်ကောင်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မကာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ တောင်ကိုရီးယား၊ သီရိလင်္ကာ၊ ထိုင်ဝမ်နှင့် ထိုင်း) မှ ဖြစ်ရမည်။
- ဝပ်ပါမစ် လျှောက်ချိန်တွင် အသက် ၂၃ နှစ်အထက်၊ ၅၀ နှစ်အောက် ဖြစ်ရမည်။
- အနည်းဆုံး ရှစ်နှစ် ပညာသင်ခဲ့ဖူးသူ ဖြစ်ရမည်။ သတ်မှတ်ထားသော အောင်လက်မှတ်များ ရှိရမည်။
မှတ်ချက်။ ။ မြန်မာအတွက် အခြေခံပညာ အထက်တန်း အောင်ရမည်။
- စင်ကာပူရောက်ပြီး သုံးရက်အတွင်း SIP (Settling-in Programme) တက်ရမည်။ (ဝပ်ပါမစ် ထုတ် မပေးမီ)
- အလုပ်ရှင်၏ မှတ်ပုံတင် NRIC တွင် ဖော်ပြထားသည့် လိပ်စာအား အိမ်အကူ၏ အလုပ်လုပ်ကိုင်သည့် နေရာအဖြစ် ခန့်ထားပေးရမည်။
- အလုပ်ရှင်၏ ဆွေမျိုးမဖြစ်စေရ။
- IPA (In-Principle Approval) ထုတ်မပေးမီနှင့် Security Bond $၅၀၀၀ တင်မပြီးမီ စင်ကာပူသို့ ရောက်မနေစေရ။ (သို့သော် လက်ရှိအလုပ်ရှင် တစ်ဦးထံ၌ လုပ်ကိုင်နေပြီး နောက်ထပ် အလုပ်ရှင် အသစ်အတွက် ထပ်လျှောက်လိုသူများ မပါ)။

ပထမဆုံးအကြိမ် အလုပ်ခန့်အပ်သော အိမ်အကူ 

ပထမဦးဆုံးအကြိမ် အလုပ်ခန့်အပ်သော အိမ်အကူ ဆိုသည်မှာ-
- အလုပ်ခန့်ထားကြောင်း မှတ်တမ်းမှတ်ရာ MOM ၌ မရှိခြင်း
- အလုပ်ခန့်ထားကြောင်း မှတ်တမ်းမှတ်ရာ MOM ၌ ရှိသည့်တိုင် ယခင် လျှောက်ထားသော အလုပ်အတွက် ဝပ်ပါမစ်ကတ်ကို ထုတ်မယူခြင်း၊ ဝပ်ပါမစ်ကတ် ထုတ်ယူသည့်တိုင် ခဏသာ အလုပ်လုပ်ခြင်း၊

ဝပ်ပါမစ်ကတ် လျှောက်ထားသော်လည်း စင်ကာပူတွင် အလုပ်မလုပ်ခြင်း။ 

၃။ ဝပ်ပါမစ် လျှောက်ပြီး စင်ကာပူ မရောက်ခင်

ဝပ်ပါမစ်ကျပြီ ဆိုသည်နှင့် IPA (In-Principle Approval) ထုတ်ပေးပါလိမ့်မည်။ ပထမဆုံးအကြိမ် အလုပ် ခန့်သော အိမ်အကူများအတွက် Letter of Notification ထုတ်ပေးပါမည်။ အိမ်အကူ စင်ကာပူ မရောက်မီ အလုပ်ရှင်သည် Security Deposit (စင်ကာပူဒေါ်လာ ငါးထောင်တင်ရမည်။ မတော်တဆမှု အာမခံ စင်ကာပူဒေါ်လာ ၄၀၀၀၀၊ ဆေးအာမခံ စင်ကာပူဒေါ်လာ ၁၅၀၀၀ ဝယ်ရမည်။ အိမ်အကူ သင်တန်းတက်ရန် SIP (Setting-In Programme) လျှောက်ရမည်။ အိမ်အကူ စင်ကာပူ ရောက်ပြီး (ရောက်သည့်နေ့မပါ) သုံးရက်အတွင်း SIP သင်တန်းသို့ တက်ရမည်။ (SIP သင်တန်းသည် ယခင် Entry Test နှင့် Safety Awarness Course ကို အစားထိုးထားခြင်း ဖြစ်၏) သင်တန်းကြေး စင်းဒေါ်လာ ၇၅ ဖြစ်သည်။ 

၎။ ပုံသေလစာ

ပုံသေလစာ ဆိုသည်မှာ အခြေခံလစာနှင့် လစဉ်ပုံသေ ခံစားခွင့် နှစ်ရပ်ပေါင်း ဖြစ်သည်။ အခြေခံလစာ ဆိုရာတွင် လတိုင်း ပြောင်းလဲမနေသော ပေးစရာရှိသမျှ အားလုံးပါသည့် ကန်ထရိုက်စာချုပ်ထဲတွင် ဖော်ပြထားသော ပုံသေလစာကို ဆိုလိုသည်။ ထိုလစာ၌ အောက်ပါတို့ မပါဝင်ပါ။

(က) အခြားခံစားခွင့်များ
(ခ) အချိန်ပို လုပ်အားခ၊ ဘောနပ်၊ ကော်မရှင်၊ နှစ်စဉ် ထပ်ဆောင်းပေးငွေ
(ဂ) အခြားမည်သည့် ပေးငွေမဆို
(ဃ) အလုပ်ခန့်ထားမှုအတွက် ကုန်ကျစရိတ်များ
(င) စွမ်းဆောင်ရည်အတွက် ပေးသော ဆုကြေးငွေများ
(စ) အလုပ်ရှင်က ပေးစရာရှိသော ငွေကြေးများ
(ဆ) ဘောက်ဆူး၊ စုငွေ၊ ပင်စင်ကြေး စသည်

လစဉ် ပုံသေခံစားခွင့် ဆိုသည်မှာ တစ်လနှင့်တစ်လ ပြောင်းလဲနေသော ပုံသေခံစားခွင့် (ဥပမာ- စား စရိတ်နှင့် နေစရိတ်) ဖြစ်၏။ လစဉ်ပုံသေ ခံစားခွင့်ထဲ၌ အထက်တွင် ဖော်ပြထားခဲ့သည့် (ခ) မှ (ဆ) အထိ ငွေကြေးများ မပါဝင်ပါ။ ထို ပုံသေခံစားခွင့်သည် အလုပ်သမား၏ လုပ်ရည်ကိုင်ရည် ကောင်းခြင်း မကောင်းခြင်း၊ ဆေးခွင့်၊ လုပ်သက်ခွင့်ယူခြင်း မယူခြင်း စသည်တို့နှင့် မသက်ဆိုင်၊ ပုံသေပေးရမည့် ခံစားခွင့် ဖြစ်၏။ 

၅။ စင်ကာပူ ရောက်လာသည့်အခါ

စင်ကာပူသို့ လာသည့်အခါ IPA သို့မဟုတ် Letter of Notification ကို ယူလာရမည်။ စင်ကာပူ လ.ဝ.က တွင် ထိုစာများကို ပြရန်လိုသည်။ ရောက်ပြီဆိုသည်နှင့် အောက်ပါတို့ကို အမြန်ပြုလုပ်ရမည်။

- SIP သင်တန်း တက်ရခြင်း
- ဆေးစစ်ခြင်း
- ဝပ်ပါမစ် လျှောက်ခြင်း

SIP မှာ တစ်ရက်သင်တန်း ဖြစ်၏။ မော်ဂျူး ငါးခုပါသည်။ ၎င်းတို့မှာ-

၁။ စင်ကာပူဆိုတာဘာလဲ
၂။ အလုပ်ခန့်ထားခြင်းဆိုင်ရာ သိမှတ်စရာများ။
၃။ အိမ်၌ ဘေးအန္တရာယ် ကင်းရှင်းရေး
၎။ အခြားနေရာများ၌ ဘေးအန္တရာယ် ကင်းရှင်းရေး
၅။ ပေါင်းသင်းဆက်ဆံရေးနှင့် စိတ်ဖိစီးမှုကို ဖြေရှင်းနည်းတို့ ဖြစ်၏။

ပိုမိုထိရောက်စေရန် SIPကို မိခင်ဘာသာ (မြန်မာဘာသာ) ဖြင့် သင်ပေးပါသည်။ အေးဂျင့်များအနေနှင့် SIP တက်ပြီးသော အိမ်အကူတို့သာ အလုပ်ရှင်အိမ်သို့ ပို့ရမည်။ အလုပ်ရှင်အိမ် မပို့မီစပ်ကြား အေးဂျင့် သည် အိမ်အကူကို ကောင်းမွန်စွာ ထားရမည်။ လုံလုံလောက်လောက် ကျွေးရမည်။

(လက်တွေ့တွင်မူ အေးဂျင့်လုပ်သူများက အိမ်အကူ အားလုံးကို သူ့အိမ်တွင် ကျည်ကပ်အတွင်း ကျည်ဆန် များ ထိုးထည့်သကဲ့သို့ထည့် သော့ခတ်လှောင်ထားကာ ခေါက်ဆွဲခြောက်ထုပ်များ ထားပေးထားခြင်းသာ ဖြစ်ပါသည်။ ဗိုက်ဆာလျှင် ကိုယ့်ဘာသာကိုယ် ရေနွေးကျို၊ ခေါက်ဆွဲပြုတ် သောက်ရတာသာ ဖြစ်၏)

အကယ်၍ အကြောင်းမညီညွှတ်၍ အိမ်အကူသည် စင်ကာပူနိုင်ငံတွင် အလုပ်လုပ်ခွင့်မရ၊ ပြန်ပို့ရမည် ဆိုပါက ကုန်ကျစရိတ် အားလုံးကို အေးဂျင့်ကသာ ကျခံရမည်။ (လက်တွေ့တွင် ကိုရွှေအေးဂျင့်များက အိမ်အကူများထံမှ ရသမျှကို ကျောက်ခဲမှ ဆီညှစ်သကဲ့သို့ အသားကုန် ညှစ်ယူကြပါသည်။)

အောက်ပါတို့မှာ အလုပ်ရှင်များနှင့်သာ သက်ဆိုင်သဖြင့် သိရုံလောက်သာ အကြမ်းရေးပါမည်။ 

၆။ ဘေးအန္တရာယ် ကင်းရေးအတွက် သဘောတူစာချုပ် ချုပ်ဆိုခြင်း

အေးဂျင့်သည် အလုပ်ရှင်၊ အလုပ်သမား နှစ်ဦးအကြားတွင် ဘေးအန္တရာယ် ကင်းရေးအတွက် သဘော တူစာချုပ် ချုပ်ဆိုရန် ဆောင်ရွက်ပေးရမည်။ သည်ကိစ္စကို အိမ်အကူအား အလုပ်ရှင်အိမ်မပို့မီ အပြီးဆောင် ရွက်ထားရမည်။ (သို့သော် လက်ရှိလုပ်နေသူများအား သက်တမ်းတိုးသည့် ကိစ္စများတွင်မူ မလိုပါ။) ထိုစာချုပ်အတွင်း၌ ပြတင်းတံခါး အပြင်ဘက်ကို သန့်ရှင်းရေး လုပ်ခြင်းအတွက် MOM က လိုအပ်ချက် များကို သေချာစွာ သိနားလည်စေရန် ရှင်းလင်း ပြောပြရမည်။

အိမ်အကူအနေနှင့်လည်း အလုပ်ရှင်၏ ပြတင်းတံခါး အပြင်ဘက် သန့်ရှင်းရေး လုပ်မည်ဆိုခြင်းကို သိရှိကြောင်း လက်မှတ်ရေးထိုးရမည်။ ထိုစာချုပ်တွင် အေးဂျင့်၊ အလုပ်ရှင်၊ အိမ်အကူအားလုံး လက်မှတ် ရေးထိုးပြီး တစ်ယောက် မိတ္တူတစ်စောင်စီ ယူထားရမည်။ 

၇။ ဆေးစစ်ခြင်း

စင်ကာပူရောက်ပြီး ၁၄ ရက်အတွင်း ဆေးစစ်ရမည်။ ဆေးစစ်အောင်မှ ဝပ်ပါမစ်ကတ် ထုတ်ပေးမည်။ တီဗီ၊ HIV ငှက်ဖျား၊ ဆစ်ဖလစ် စသည် ရှိနေသဖြင့် ဆေးစစ်မအောင်သူများကို ပြန်ပို့မည် ဖြစ်သည်။ အလုပ်လုပ်ရန် သင့်တော်သော ကျန်းမာရေး ရှိမရှိကိုလည်း စစ်ဆေးပါမည်။ အလုပ်ရှင်က အခြား ရောဂါ များ စစ်ချင်ပါသေးသည် ဆိုလျှင်လည်း စစ်ခွင့်ရှိသည်။ ဆေးစစ်ချက်ကို ဆရာဝန်ထံမှ တောင်းကြည့်နိုင် သည်။ 

၈။ ဝပ်ပါမစ် လျှောက်ထားခြင်း

ထို့နောက် အိမ်အကူ၏ ပတ်စ်ပို့၊ White Card ဆေးစစ်ပုံစံ၊ ဝပ်ပါမစ် လျှောက်လွှာ၊ Security Bond များ ပူးတွဲကာ ဝပ်ပါမစ်ကတ် လျှောက်ထားနိုင်သည်။ 

၉။ MOM သို့ သတင်းပေးခြင်း

၁။ အလုပ်ရှင် ပြောင်းခြင်း
- အိမ်အကူ၏ ဝပ်ပါမစ် သက်တမ်း မကုန်မီ တစ်လအလိုတွင် အလုပ်ရှင် အသစ်သည် ဝပ်ပါမစ်အသစ် ထပ်လျှောက်ရမည်။
- လက်ရှိ အလုပ်လုပ်နေသော အလုပ်ရှင်သည် အိမ်အကူကို ခြောက်လတစ်ကြိမ် ပုံမှန်ဆေးစစ် ထားကြောင်း သေချာစေရမည်။
- အလုပ်ရှင်အသစ်၏ လိပ်စာနှင့် ဝပ်ပါမစ်ကတ် အသစ်ထွက်လာမှသာလျှင် အိမ်အကူသည် အလုပ်ရှင် အသစ်ထံ အလုပ်စဝင်နိုင်သည်။
- အကယ်၍ အလုပ်သစ်ပြောင်းခြင်း မအောင်မြင်ပါက လက်ရှိ အလုပ်ရှင်သည် အိမ်အကူ၏ ဝပ်ပါမစ်ကို Cancel လုပ်ပြီး သို့မဟုတ် သက်တမ်းကုန်ပြီးနောက် ခုနစ်ရက်အတွင်း အိမ်အကူအား မိခင်နိုင်ငံသို့ ပြန်ပို့ရမည်။

၂။ လိပ်စာပြောင်းလျှင် အနီးဆုံး ရဲစခန်း သို့မဟုတ် လ.ဝ.က (ICA) ရုံးသို့ သတင်းပို့နိုင်သည်။
၃။ အိမ်အကူ၏ ပတ်စ်ပို့ နံပါတ်ပြောင်းလျှင်၊ သက်တမ်းတိုးခဲ့လျှင် သတင်းပို့ရမည်။
၎။ အကယ်၍ အိမ်အကူသည် အကျင့်မကောင်း၊ သဘောထား ဆိုးခဲ့သည် ဆိုပါက MOM သို့ သတင်း ပို့နိုင်သည်။
၅။ အကယ်၍ အိမ်အကူသည် ကိုယ်ဝန်ရှိခဲ့ပါက အိမ်အကူ၏ အမည်၊ ဝပ်ပါမစ်နံပါတ်၊ လင်ယောက်ျား၏ နိုင်ငံသား ခံယူထားသော တိုင်းပြည် စသည်တို့ကို ဖော်ပြ၍ အကြောင်းကြားရမည်။
၆။ အကယ်၍ အိမ်အကူတစ်ဦး ပျောက်ဆုံးခဲ့ပါက ရဲစခန်းသို့ အမြန်ဆုံး အကြောင်းကြားကာ ၎င်း၏ ဝပ်ပါမစ်ကို Cancel လုပ်ရမည်။
၇။ အိမ်အကူ ပျောက်ဆုံး၍ ဝပ်ပါမစ်ကတ် Cancel လုပ်ရပါက Deposit တင်ထားသော ဒေါ်လာ ၅၀၀၀ ဆုံးမည်။ (ထိုအိမ်အကူကို ပြန်တွေ့လျှင် သို့မဟုတ် ပြန်လာခဲ့လျှင် ထို ၅၀၀၀ ရရန် ပြန်လျှောက်နိုင်သည်)
၈။ အကယ်၍ အိမ်အကူတစ်ဦး သေဆုံးခဲ့ပါက MOM သို့ သေဆုံးကြောင်း သိပြီး ၁၂ နာရီအတွင်း သတင်းပို့ရမည်။ 

သတင်းပို့ရန်

ရဲသို့သတင်းပို့ပါ။
အိမ်အကူ၏ အမည်၊ ဝပ်ပါမစ်နံပါတ်၊ သေဆုံးရခြင်း အကြောင်းရင်း၊ သေသည့်နေ့၊ အချိန်၊ နေရာ၊ အလုပ်ရှင်အမည်နှင့် ဆက်သွယ်ရန်နံပါတ်၊ သေဆုံးကြောင်း လက်မှတ်၊ သင်္ဂြိုဟ်မည်ဆိုလျှင် သင်္ဂြိုဟ်ခွင့် လက်မှတ်၊ အလောင်းကို မိခင်တိုင်းပြည်သို့ ပြန်ပို့မည်ဆိုပါက ပြန်ပို့မည့် လေယာဉ် လက်မှတ်တို့ကို ပူးတွဲလျက် MOM သို့ အီးမေးလ်ပို့ အကြောင်းကြားရမည်။

The Voice Journal
------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...