သဘာဝ Plum Wine

ကျွန်မရဲ့ မေမေ အမျိုးသမီးများ အသက်ကြီး လာချိန်မှာ ဖြစ်တဲ့ ဝေဒနာအတွက် ရှမ်းဆေးဆရာ အဖိုးအို တစ်ယောက်က ရောဂါပျောက်ကင်း သက်သာအောင် ဒီဝိုင်လေးလုပ်ပြီး သောက်ဖို့ အတွက် နည်းလေး ပေးလိုက်တာပါ။ အဲ့ဒီလို ဝေဒနာတွေ မခံစားရအောင်လို့ ပျိုရွယ်စဉ် အချိန် ကတည်းက စပြီး နည်းနည်းချင်း သောက်သုံးသွား သင့်တယ်လို့ ဆိုပါတယ်။ wine yeast ထည့်ပြီး ဖောက်ထားတဲ့ ဝိုင်မဟုတ်တာရယ်၊ ဝိုင်ဖောက်ချိန် သိပ်မကြာတာ ရယ်ကြောင့် alcohol ပါဝင်မှု အရမ်း နည်းပါတယ်။ မမူးပေမယ့် ချိုမြမြအရသာရယ်၊ နှစ်သက်ဖွယ် ကောင်းတဲ့ ဝိုင်အနံ့ရယ်၊ ခပ်ထွေထွေ ခံစားရ တာရယ်ကြောင့် အားလုံး နှစ်သက်နိုင် လိမ့်မယ်လို့ မျှော်လင့်ပါတယ်ရှင် …

ဒီဝိုင်လေးလုပ်နည်းရဲ့ အချိုးအဆ ကတော့ အလေးချိန်အရ အသီး နှစ်ဆ၊ သကြား တစ်ဆ နဲ့ ရေပူ ကတော့ အမြဲတမ်း အသီးမြှုပ်အောင် ထည့်ရပါမယ်။ ဥပမာ အသီးအလေးချိန် 600 g ဆိုလျှင် သကြား အလေးချိန် 300 g ထည့်ရပါမယ်။

အချဉ်ဓါတ်များသော အသီးကို သုံးနိုင်လျှင် ပိုပြီးကောင်းသည့် အတွက် ချဉ်သည့် အသီးများဖြင့် လုပ်ပေး ပါ။

***... plum wine လုပ်ရန် လိုအပ်တာလေးတွေ…

1. plum
2. သကြား
3. ပွက်ပွက်ဆူနေသော ရေနွေး
4. သန့်ပြန့်ပြီး အတော်လေး လေလုံသော ဖန်ဗူး
5. သန့်ပြန့်ပြီး အတော်လေး လေလုံသော ဖန်ပုလင်း

အညာဖြုတ်ကာ ပြောင်စင်အောင်ဆေးပြီး ရေတတ်နိုင်သမျှ ခြောက်အောင်လုပ်ထားသော plum များကို ခက်ရင်းဖြင့် ၄၊၅ ချက်ထိုးဖောက်ကာ သန့်ပြန့်သော ဖန်ဗူးထဲ ထည့်ပါ။ (ပွက်ပွက်ဆူနေသော ရေနွေး လောင်းထည့်ချိန်မှာ ပုလင်းအေးနေလျှင် ကွဲသွားနိုင်သဖြင့် ပုလင်းနွေးနေအောင် ရေနွေး (ရေပူမ ဟုတ်)ကို ထည့်၊ ပြီးမှ ပြန်သွန်ပစ်ကာ အသီးကို ထည့်ပေးပါ။)

သကြားထည့်ပါ။

ပွက်ပွက်ဆူနေသော ရေပူကို ပုလင်းအပြည့်မထည့်ပဲ ၁ လက်မခန့်ချန်ကာ အသီးမြှုပ်ရုံ ဖြည်းဖြည်းချင်း လောင်းထည့်ပြီးနောက်၊ ချက်ချင်းအဖုံးကို ပိတ်ပေးကာ အခန်းအပူရှိန်ဖြင့် နေရောင် တိုက်ရိုက်မရသော နေရာမှာ ရက် ၅၀ ထားပါ။ (ရက် ၅၀ မပြည့်မချင်း အဖုံးကို လုံးဝမဖွင့်ပါနှင့်။)

စပြီး အချဉ်ပေါက်လာ(ဘက်တီရီးယားတွေပေါက်လာ) ပြီဆိုရင် gas များထွက်လာတဲ့အတွက် (ပုလင်း ထဲမှာဖြစ်လာတဲ့ လေကြောင့်) အဖုံးအရမ်းလုံနေရင် ကန်ပြီးပွင့်ထွက်သွားတတ်ပါတယ်။

ပွင့်ထွက်မှာစိုးတဲ့အတွက် အဖုံးသိပ်မလုံရင်လည်း အပြင်က လေဝင်ပြီး မှိုတက်လာပါတယ်။ (ကျွန်မ ယခုသုံးထားသည့် ဖန်ဗူးအမျိုးအစားကတော့ အပြင်မှ လေ မဝင်နိုင်ပေမယ့်၊ အတွင်းမှ လေ အပြင်ကို အနည်းငယ် တိုးထွက်နိုင်ရုံလေးဖြစ်လို့ အဆင်ပြေလျှင် ဤဗူးမျိုးကို သုံးစေချင်ပါသည်။)

ဒီလိုဗူးကို ဝယ်လို့မရ ရင်တော့ အလယ်လက် ၃ ချောင်းရဲ့ ထိပ်နေရာတွေမှာ အပ်ဖြင့် အပေါက်လေး တစ်ပေါက်စီဖောက်ထားသော သန့်ပြန့်သော တစ်ခါသုံး ရာဘာလက်အိတ်ကို အဖုံးနေရာမှာစွပ်ပါ။ (ပုလင်းအတွင်းမှ လေများ ထွက်လာစရာနေရာရှိအောင် အပေါက်ဖောက်ခြင်းဖြစ်ပြီး၊ လက်အိတ် အတွင်းဖက်တွင် powder မှုန့်များ ပါသည့်အတွက် ပြောင်းပြန်လှန်ပြီးမှ သုံးခြင်းဖြစ်ပါတယ်။)

ပြီးလျှင်စွပ်ထားသော နေရာမှ လေ မဝင်အောင် ပလာစတာဖြင့် ပတ်စီးပေးထားပါ။

တစ်ခါတစ်ရံ အပြင်မှ လေ မဝင်နိုင်ပေမယ့်၊ အတွင်းမှ လေ အပြင်ကို အနည်းငယ် တိုးထွက်နိုင်ရုံလေး ဖြစ်နေသည့်အတွက် လေကန်အားကြောင့် အရည်အနည်းငယ် စိမ့်ထွက်လာတတ်သဖြင့် ပုလင်း အောက်မှာ လက်သုပ်ပဝါလေး ခံပေးထားပါ။ (ထိုကဲ့သို့ အရည် အနည်းငယ် စိမ့်ထွက်လာလျှင် ပုလင်း အပြင်ဖက်ကို ရေစို အဝတ်လေးဖြင့် သုတ်ပေး ပါ။)

ရက်အနည်းငယ်ကြာလာလျှင် အရည်များ နောက်လာပြီး၊ ၁၅ ရက်ခန့် ကြာလျှင်တော့ သကြားအားလုံးနီး ပါးပျော်သွားပါတယ်။ (ပုလင်းထဲလေခိုနေသည့် နေရာများရှိလျှင်၊ အသီးအချို့ အရည်ပေါ် အနည်းငယ်ပေါ် လာလျှင် ပုလင်းကို အနည်းငယ် ဟိုဖက်၊ ဒီဖက်စောင်းပြီး အရည်ပြန့်အောင် လုပ်ပေးနိုင်ပါတယ်။)

ရက် ၅၀ ပြည့်ပြီးနောက် အသီးများကို ဆယ်ထုတ်၊ အရည်တွေကို ရေစစ်ဖြင့် စစ်ကာ အရမ်းသန့်ပြန့် သော ပုလင်းတစ်လုံးထဲထည့်ပြီးလျှင်တော့ plum wine လေး စသောက်လို့ရပါပြီ။ (ဝိုင်ကို ပုလင်းပြည့် အောင် မထည့်ရပါ။)

ပုလင်းထဲပြောင်းထည့် အဖုံးဖုံးကာ နောက်ထပ် ၇ ရက်ခန့် အခန်းအပူရှိန်မှာပဲ ထပ်ထားပြီးမှ သောက် လျှင်တော့ ပိုပြီးကောင်းပါတယ်။


ref;Chaw Su's Food Friends
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...