လူငယ်နဲ့ဆိုင်ရာ ပညာ တကယ်တတ်ရေး
ဒီနေ့ မြန်မာနိုင်ငံရှိ မိဘတွေနဲ့ လူကြီးတွေ (အချို့ အလုပ်ရှင်ကြီးတွေ) က လူငယ်တွေကို တက္ကသိုလ်က ဘွဲ့တစ်ခုခု ရရှိမှ ပညာတတ်လို့ ထင်နေကြတယ်။ ဒီတော့ လူငယ်တွေ အခြေခံပညာ အထက်တန်း (ဆယ်တန်း) အောင်ပြီးရင် အလုပ်ထဲ ပေးမဝင်စေချင် ကြသေးဘူး။ မိဘတွေက တတ်နိုင်ရင် ဒါမှမဟုတ် တတ်နိုင်အောင် ကြိုးစားပေးနိုင်ရင် သားသမီးတွေကို တက္ကသိုလ် တစ်ခုခုမှာ ရအောင် တက်ခိုင်းပြီးဘွဲ့ ရတဲ့အထိ ပညာ ဆက်သင်စေတယ်။
ဘွဲ့ရဖို့ဆိုတာ သာမန်အားဖြင့် အချိန်လေးနှစ် အနည်းဆုံးယူရတယ်။ စစ်အစိုးရ လက်ထက်က သုံးနှစ် နဲ့ဘွဲ့ပေးတဲ့ ပညာရေးကို ကောက်လုပ်ခဲ့တာကို ဒီမှာ ထည့်မပြောလိုပါ။ လေးနှစ်အချိန် ပေးရတာက အနည်းဆုံးဖြစ်တယ်။ အသက်မွေးဝမ်းကျောင်း ပညာရပ်ဆိုရင် လေးနှစ်ထက် ကျော်တာတွေ ရှိတယ်။
မြန်မာနိုင်ငံရဲ့ အခြေအနေအရ မေးခွန်းထုတ်စရာရှိတယ်။ အဲဒီလေးနှစ်ပိုပြီး အချိန်ကုန်ခံကာဘွဲ့ရ အောင်ပညာ သင်ပြီး ဘွဲ့တစ်ခုရပြီဆိုပါစို့။ အဲဒီဘွဲ့ရလူငယ်တွေရဲ့ ဘဝဟာမြန်မာပြည်မှာဘာများပိုထူး ခြားခဲ့သလဲ။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် အစိုးရခေတ်က ပြည်သူပိုင်အခန်းကဏ္ဍကို တိုးချဲ့တဲ့အခါအစိုးရဌာနတွေနဲ့ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတွေ အရမ်းတိုးချဲ့ခဲ့လို့ အလုပ်သမား၊ ဝန်ထမ်း၊ လခစားတွေအများကြီး လိုအပ်ခဲ့တယ်။ အလုပ်တွေခန့်ခဲ့ရာမှာ White Colar ခေါ်တဲ့အရာထမ်းရာထူးဆိုရင် ဘွဲ့တစ်ခုရပြီးသူ ဖြစ်ရမယ်လို့ သတ်မှတ်ချက် နဲ့ ခန့်ဖို့ရာထူးခေါ်လေ့ရှိတယ်။ အဲဒီအချိန်ကစပြီး မြန်မာနိုင်ငံမှာ မန်နေဂျာ စတဲ့အရာထမ်းရာထူးဆို ဘွဲ့ရလူငယ် တွေ ကိုသာ ခန့်ခဲ့တယ်။
စဉ်းစားကြည့်ရင် တော်တော်ကိုရှေ့နောက်မညီတာပဲ။ သက်ဆိုင်ရာဌာန၊ ကော်ပိုရေးရှင်း၊ စက်ရုံ၊ အလုပ်ရုံတွေမှာ ခန့်တဲ့လူငယ်ဟာ ဘွဲ့တစ်ခုရသူဖြစ်ရင်ပြီးရောပဲ။ ဘယ်ဘာသာအဓိကနဲ့ပဲ ဘွဲ့ရသည် ဖြစ်စေ ဘွဲ့ရရင်ခန့်တာပဲ။ ဥပမာ-ကုန်သွယ်ရေးကော်ပိုရေးရှင်းက ဖွဲနုဆီစက်မှာ လက်ထောက်ကြီး ကြပ်ရေးမှူးအဖြစ် သတ္တဗေဒအဓိကနဲ့ လူငယ်ကိုခန့်တာမျိုး၊ ရုံးချုပ်က ဘတ်ဂျက်ဌာနခွဲမှာ သမိုင်းဘာ သာအဓိကနဲ့ဘွဲ့ရ အမျိုးသမီးလေးကိုခန့်တာမျိုး၊ ဝယ်ယူကြိတ်ခွဲရေးဌာနမှာ မြန်မာစာအဓိကလူငယ် ကိုခန့်တာမျိုး၊ မြို့နယ်ကုန်သွယ်ရေးဦးစီးမန်နေဂျာကို ပထဝီ မေဂျာနဲ့ ဘွဲ့ရသူကိုခန့်တာမျိုးတွေ တကယ်ကိုပဲရှိခဲ့တယ်။
အဲဒါလူသားအရင်းအမြစ်စီမံခန့်ခွဲရေးပညာရဲ့ ရှုထောင့်နဲ့ကြည့်ရင် လူမှန်နေရာမှန် တာဝန်ချပေးတာ မျိုး မလုပ် တတ်ဖူးဆိုတာ အထင်အရှားတွေ့နိုင်တယ်။
အင်္ဂလန်ယူကေနိုင်ငံ၊ အမေရိကန်နိုင်ငံ၊ အထူးသဖြင့်ဂျပန်နိုင်ငံတွေ စက်မှုနိုင်ငံအဖြစ် စတင်တိုးတက် လာအောင် ကြိုးစားချိန်ကိုလေ့လာကြည့်၊ လူငယ်လူရွယ်တွေကို အလုပ်ခန့်တဲ့စနစ်ဟာ မြန်မာနိုင်ငံလို ဘွဲ့ရတွေမှ ရွေးခန့်တဲ့ စနစ်မဟုတ်ခဲ့ဘူး။
ဥပမာ အော်စတင်မော်တော်ကား စက်ရုံမှာသူတို့ဆီက အခြေခံပညာအထက်တန်းအောင်တဲ့ လူငယ် ကိုပဲ စတင် ခန့်ထားတယ်။ အဲလစ်ဇဘက်အာဒင်မိတ်ကပ်လုပ်ငန်းမှာ လူငယ်တွေအလုပ်ခန့်ရင် သူတို့ ဆီကအခြေခံပညာ ဆယ့်နှစ်တန်း အောင်သူတို့ပဲခန့်တယ်။ နေရှင်နယ်လျှပ်စစ်ပစ္စည်းလုပ်ငန်းမှာလဲ သူတို့ဆီက အခြေခံပညာ အထက်တန်းအောင်တဲ့ လူငယ်တွေက ဝင်ပေါက်ရာထူးအဖြစ် စတင်ခန့် တယ်။ အလုပ်ခန့်တဲ့အချိန်မှာ လူငယ် တွေဟာ ၁၈ နှစ်ပြည့်ပြီးတဲ့ အရွယ်တွေပဲများတယ်။ အသက် ၂၀ ကျော်မရှိသလောက် နည်းတယ်။
ဖွံ့ဖြိုးတိုးတက်ခဲ့တဲ့နိုင်ငံတွေမှာ အလုပ်အကိုင်ရှာဖွေရေးနဲ့ ပတ်သက်ရင် သူ့လုပ်ငန်းနဲ့သူ သင့်လျော် ကိုက်ညီတဲ့ လူမှန်နေရာမှန်ကို ရအောင်ခန့်လေ့ရှိတယ်။ ဘယ်လိုဖန်တီးကြသလဲ။
ဥပမာအော်စတင်ကားကုမ္ပဏီမှာ အလုပ်လာလုပ်တဲ့ ၁၈ နှစ်လူငယ်ဟာ ပညာရေးမှာအခြေခံပဲ တတ် သေးတယ်။ ဘာမေဂျာအဓိကဘာသာမှ မသင်ရသေးဘူး။ ဒီလူငယ်က ကားနဲ့ဆိုင်ရာ အလုပ်ကိုစလုပ် ပြီ။ ဝါသနာပါလို့ သူများ ထက်ပိုကြိုးစားတယ်။ ပိုလုပ်နိုင်တယ်ဆိုတာတွေ့ရင်၊ ဘယ်အချက်မှာ ပိုထူး ချွန်တာလဲဆိုတာကို ကြီးကြပ်သူတွေ၊ စက်ရုံမှူးတွေက သိတယ်။ အင်ဂျင်ပိုင်းကိုပိုတော်တယ်ဆိုရင် အဲဒီလူငယ်ကို အချိန်ပိုင်းအင်ဂျင်ဆိုင်ရာ မက်ကင်းနစ် ဒီပလိုမာသင်တန်းပေးတက်တယ်။ အောင်ရင် ရာထူးတိုးပေးတယ်။ အင်ဂျင်ပိုင်းသီးသန့်လူဖြစ်လာပြီ။ ပိုကြိုးစားရင် အင်ဂျင်နီယာသင်တန်းကော လိပ်၊ စက်မှုတက္ကသိုလ်စသဖြင့် အဆင့်ဆင့်ပေးတက်တယ်။ ဒီလိုနဲ့ဒီလူငယ်ဟာ ဆိုင်ရာလုပ်ငန်းရဲ့ ကျွမ်းကျင်ဘာသာရပ်တတ်မြောက်သူ ဖြစ်လာပြီးရာထူးတွေတိုး စက်ရုံမှူးတို့ဘာတို့ဖြစ် လာ တယ်။
ဒီသဘောပါပဲ။ ရုံးချုပ်မှာ ၁၈ နှစ်ကအလုပ်စဝင်တဲ့ အမှုထမ်းဟာ ငွေစာရင်းမှာ အံဝင်တယ်ဆိုပါစို့။ ငွေစာရင်း ဒီပလိုမာ သင်တန်းကိုအချိန်ပိုင်းပေးတက်ရာက စီးပွားရေးတက္ကသိုလ်တက်၊ စီပီအေတက်နဲ့ ဘတ်ဂျက်ဌာနရဲ့ ဒါရိုက်တာတွေဘာတွေအထိ တိုးတက်သွားတာမျိုး လုပ်ဆောင်တယ်။
ဒီလိုနဲ့လူငယ်လူရွယ်တွေဟာ အသက် ၂၀ ကျော်ရင် သူ့ဆိုင်ရာလုပ်ငန်းမှာ လုပ်သက်နှစ်နှစ်ရှိပြီ ၂၅ နှစ်ဆို လုပ်သက်ရင့်၊ ခုနှစ်ဝါရင့်သူဖြစ်ပြီ။
အခုမြန်မာနိုင်ငံမှာ ဆိုင်ရာဘာသာရပ်ကို လုပ်သက်နှစ်နှစ် သုံးနှစ်ရှိရမယ်ဆိုပြီး ဝင်ပေါက်ရာထူးခေါ် တာရှိတယ်။ အဲဒီရာထူးကို အခုမှဘွဲ့ရတဲ့အသက် ၂၀ ကျော်လူငယ်ဘယ်လိုလုပ် လျှောက်ခွင့်ရတော့ မှာလဲ။
ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာက အသက် ၂၀ ကျော်ရင် ရင့်ကျက်တဲ့ လူကြီးဖြစ်ပြီ။ ၂၅ ပြည့်ရင် လွှတ်တော် ကိုယ်စားလှယ် တို့ အဆင့်မြင့်နိုင်ငံ့အရာရှိတို့လုပ်နေကြပြီ။ မြန်မာပြည်မှာက အသက် ၃၀ လောက် လူငယ်တွေဟာ သူတို့ကိုယ် သူတို့ ကလေးတွေလိုပဲ၊ သားကလေ၊ သမီးကလေးနဲ့ ရင့်ကျက်မှုမရှိကြ သေးဘူး။
အဲဒီလိုဖြစ်နေတာဟာ မိဘတွေဘက်ကိုက သားသမီးတွေဘွဲ့ရမှ ပညာတတ်လို့ထင်ပြီး တက္ကသိုလ်တက်၊ ဘွဲ့တစ်ခုရတဲ့အထိ ပညာသင်ပေးပြီး ၂၀ ကျော်အသက်အထိ ကျောင်းသားဘဝဖြစ်နေတော့ ကလေးလိုနေ ကလေးလိုပြော၊ ကလေးလိုလုပ်ကိုင်ပြီး ရင့်ကျက်မှုနောက်ကျခဲ့တာဖြစ်တယ်။
ဒီလိုပါပဲ။ ကုမ္ပဏီစီမံခန့်ခွဲသူတွေဟာ မြန်မာပြည်မှာ အတွေးချော်အယူအဆလွဲနေတယ်။ တက္ကသိုလ် ကဘွဲ့ရမှ ပညာတတ်လို့ထင်နေတယ်။ ပညာဆိုတာဘာကိုဆိုလိုမှန်း အာရုံမရောက်ကြဘူး။ ပညာဆို တာသက်ဆိုင်ရာ ဘာသာရပ်၊ သက်ဆိုင်ရာအလုပ်ကို အချိန်ကုန်ခံပြီး ဘွဲ့ရတဲ့အထိ သင်နေစရာမလို ဘူး။ သက်ဆိုင်ရာ လုပ်ငန်း ခွင်ကို စောစောစီးစီးဝင်လုပ်၊ ပြီးမှအဲဒီအလုပ်နဲ့ဆိုင်တဲ့ ဘာသာရပ်ကို ဆက်သင်၊ တတ်အောင်သင်၊ ဒီပလိုမာ ရအောင်သင်၊ ဘွဲ့ရအောင်သင်၊ ဘွဲ့လွန်ပညာဆက်သင်၊ ပါရဂူ ဖြစ်အောင်သင်၊ ဒါဆိုအချိန်တန်တော့ အဲဒီ ပညာကိုတကယ်တော်တဲ့ ပညာရှင်အစစ်ဖြစ်ပြီပေါ့။
မြန်မာတွေအမြင်မှန်ရှိကြပါစေ။ ဘွဲ့တစ်ခုရရင် အလုပ်ခန့်တဲ့စနစ်ဖျောက်ချိန်တန်ပြီ။ မြန်မာနိုင်ငံကဘွဲ့ ရ လူငယ် တွေများ နိုင်ငံခြားသွားအလုပ်လုပ်မယ်ဆိုရင် သင်္ဘောသားအဖြစ် သွားလုပ်ကြရင် ဆိုင်ရာ ပညာရပ်ကို သင်ပေးတဲ့ သင်တန်းတွေ ပြေးတက်ကြရသေးတာပဲ။ လက်မှတ်တွေရယူတင်ပြကြရသေး တာပဲ။ စင်ကာပူသွားကြတဲ့အခါ တွင်ခုံလုပ်ငန်း၊ သံချည်သံကွေးလုပ်ငန်း၊ ဂဟေဆော်လုပ်ငန်းစတာ တွေကို ဘွဲ့ရမြန်မာလူငယ်တွေ လိုက်တက် ပြီးမှ သွားကြရတာရှိတယ်။ ဟိုမှာပိုလီတက္ကနစ်ကျောင်း တက်ပြီးမှ အလုပ်ဝင်ရတာရှိတယ်။ ဒါကြောင့်ဘွဲ့တစ်ခုရမှ ပညာတတ်ဆိုတာထက် အဲဒီပညာနဲ့ဆိုင် တဲ့ အလုပ်ကိုဝင်လုပ်ပြီးမှ ဒီပလိုမာတွေ ဘွဲ့တွေရအောင် လုပ်ငန်းရှင် တွေက ဖန်တီးပေးတဲ့စနစ်ကို ပြုပြင်ဆောင်ရွက်ပေးဖို့ အချိန်တန်ပါပြီ။
အခုပဲပုဂ္ဂလိက သတင်းစာကြီးရဲ့ အယ်ဒီတာဝါရင့်လူကြီးတစ်ယောက်ကရင်ဖွင့်တယ်။ သူတို့သတင်း စာမှာ သတင်းထောက်တွေ အများကြီးခန့်ထားသတဲ့။ သတင်းစာပညာဂျာနယ်လစ်ဇင် သင်တန်းတက် ပြီးသူက အရှား သား။ ခက်တာက မြန်မာစာအဓိကနဲ့ ဘွဲ့ရသူမဟုတ်တဲ့ ရုက္ခဗေဒမေဂျာ၊ အစားအစာ နည်းပညာမေဂျာစတဲ့ အဓိကဘာသာရပ်နဲ့ သတင်းထောက်အဖြစ် သတင်းရေးရမယ့်ပညာနဲ့ ဘာမှ မဆိုင်တော့ အလွန်ပင်ပန်းကြီးစွာ ပြင်ပေး၊ သင်ပေးနေရာတာနဲ့ပဲ အချိန်ကုန်နေရပါတယ်။
ဒါကြောင့်တက္ကသိုလ်မှာ ဘွဲ့တစ်ခုရမှ ပညာတတ်၊ ဘွဲ့တစ်ခုရမှ အလုပ်ခန့်တဲ့အမြင်နဲ့ စနစ်အစား၊ အခြေခံပညာ အောင်ပြီးတာနဲ့ လူငယ်တွေအလုပ်ထဲဝင်ကြ၊ ဆိုင်ရာလုပ်ငန်းနဲ့ တိုက်ရိုက်ပတ်သက်တဲ့ ပညာရေးကိုသာ သင်ကြဆိုတဲ့ ပုံစံစနစ်ကို ပြုပြင်ပြောင်းလဲပေးရမှာ ဖြစ်တယ်။
သို့မဟုတ်လို့ကတော့ ပထမဆုံးဘွဲ့ရလူငယ်တွေ လုပ်သက် နှစ်နှစ် သုံးနှစ်ရှိမှ အလုပ်ခန့်မယ်ဆိုတဲ့ အခုလိုခေတ် မှာ အလုပ်ရဖို့တိုင်ပတ်ပြေးနေရတဲ့ဘဝကလွတ်ဖို့ အလွန်ခက်ပေမယ်။ ဒီထက် ဆိုင်ရာ ပညာကိုလုပ်သက်ရင့်ရင့်နဲ့ ကျွမ်းကျင်တတ်မြောက်တဲ့လူငယ် ဘဝမျိုးအရိုးမရင့်ခင် ၁၈ နှစ်ကတည်း ကရနိုင်တဲ့အခွင့်အလမ်းတွေ ဆုံးရှုံးနေဦး မှာဖြစ်ပါတယ်။
Democracy Today Daily
စက်တင်ဘာ (၂၆) ရက်၊ ၂၀၁၄ ခုနှစ်

--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+