မြန်မာ တစ်ပြည်လုံးတွင် ညကျောင်းများ ပြန်လည် ဖွင့်လှစ်ရန် စီစဉ်
မြန်မာ တစ်ပြည်လုံးတွင် ညကျောင်းများ (Evening Class) များ ပြန်လည် ဖွင့်လှစ်ရန် စီစဉ်နေပြီဖြစ် ကြောင်း သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနမှ သိရသည်။
အဆိုပါ ညကျောင်းများကို ပြန်လည် ဖွင့်လှစ်ရာတွင် ယခင်က ဖွင့်လှစ်ခဲ့သည့် ပုံစံများအတိုင်း ဖွင့်လှစ်နိုင် ဖွယ်ရှိနေပြီး လာမည့်နှစ်တွင် ဖွင့်လှစ် ရနိုင်ကြောင်း၊ ယခုအခါ ယင်းကိစ္စကို သက်ဆိုင်ရာ အစိုးရအဖွဲ့ သို့ တင်ပြ ထားကြောင်း သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနမှ သိရသည်။
“ဒီကိစ္စကို လူကြီးတွေကို တင်ပြ ထားပါတယ်။ ဖွင့်မယ်ဆိုရင် သိပ္ပံနဲ့ နည်းပညာ ဝန်ကြီးဌာနကပဲ ဦးစီးပြီး ဖွင့်မှာပါ။ အရင်ကပုံစံတွေနီးပါးအတိုင်း ဖွင့်ဖို့ရှိပါတယ်” ဟု သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ အရာရှိ တစ်ဦးက ဒီမိုကရေစီ တူဒေးသို့ အတည်ပြုပြောကြားသည်။
လက်ရှိတွင် အမျိုးသား ပညာရေးဥပဒေကို ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုခဲ့ပြီဖြစ်သောကြောင့် ယင်းနှင့် ဆက်စပ်ဥပဒေများထဲမှ အသက်မွေးဝမ်းကျောင်းဆိုင်ရာဥပဒေကို ရေးဆွဲနေသည့်အတွက် ဝန်ကြီးဌာန အသီးသီး လက်အောက်ရှိ သက်မွေး ပညာရပ်ဆိုင်ရာ များအားလုံးကို သိပ္ပံနှင့်နည်းပညာဝန် ကြီးဌာနမှ တာဝန်ယူဆောင် ရွက်ပေးရနိုင်ကြောင်း ဒုတိယဝန်ကြီးဒေါက်တာဘရွှေ၏ပြောကြားချက် အရသိရသည်။
“အမှန်တကယ်တော့ ဒီ Evening Class တွေဟာ ပြန်အကောင်အထည်ဖော်သင့်ပါတယ်။ SME ကဏ္ဍ ဖွံ့ဖြိုးဖို့ ဆိုရင် Vocational Training တွေ များများစားစားရှိမှရမှာပါ။ ပုံစံမျိုးစုံနဲ့လုပ်ရမှာပါ။ ဒါကြောင့် ဒီလိုသင်တန်းတွေ ဖွင့်ဖို့အတွက် ဝန်ကြီးဌာနကအကောင်အထည်ဖော်နေတာဖြစ်ပါတယ်” ဟု ဒုတိယ ဝန်ကြီးဒေါက်တာဘရွှေက ပြောသည်။
ညကျောင်း Evening Class ဆိုသည်မှာ အကြောင်းအမျိုးမျိုးကြောင့် ပညာရေးတစ်ပိုင်းတစ်စနှင့် လုပ်ငန်းခွင် ဝင်ရောက်နေရသူများနှင့် နိုင်ငံ့ဝန်ထမ်းအချို့အတွက် တစ်ဖက်တစ်လမ်းမှ ပညာရပ်များ လေ့လာသင်ယူခွင့် ရရှိစေရန် ဖွင့်လှစ်သင်ကြားပေးသည့် အင်ဂျင်နီယာသင်တန်းများနှင့် သက်ဆိုင် သည့်ဘာသာရပ်များ၊ အိမ်တွင်း စီးပွားရေးလုပ်ငန်းများနှင့် သက်ဆိုင်သည့်ဘာသာရပ်များဖြစ်သည်။
“အရင်က နိုင်ငံ့ဝန်ထမ်းတွေဟာ အဝေးသင်၊ စာပေးစာယူတွေမပေါ်ခင်ကဆိုရင် လုပ်သားကောလိပ် ဆိုတာကို တက်ကြရတယ်။ ငါးနှစ်တက်ရတယ်။ ပညာကိုအလုပ်လုပ်ရင်းရှာနိုင်တဲ့ သင်တန်းမျိုးတွေ ပေါ့။ စက်မှုလက်မှုနဲ့ ပတ်သက်တဲ့ ညကျောင်းတွေကို အရင်ကရန်ကုန်နည်းပညာတက္ကသိုလ်က ဖွင့် လှစ်သင်ကြားတာမျိုးတွေလဲ ရှိခဲ့တယ်။ ဂျီတီအိုင်တွေကဖွင့်ပြီး သင်ပေးတာမျိုးတွေလဲရှိခဲ့တယ်” ဟု ယင်းကထပ်မံပြောသည်။
အဆိုပါညကျောင်းများကို ယခင်က THS, GTI ကျောင်းများရှိသည့်နေရာများတွင် ဖွင့်လှစ်ခဲ့ဖူးကြောင်း ရန်ကုန်တိုင်း ဒေသကြီးတွင် ယခင်ကအင်းစိန်ဂျီတီအိုင်၊ ရန်ကုန်နည်းပညာတက္ကသိုလ်၊ ဗဟန်းမြို့နယ် ရှိနတ်မောက်လမ်း စက်မှုလက်မှုကျောင်းများတွင် ဖွင့်လှစ်ခဲ့ဖူးကြောင်း သိရသည်။
“ဝန်ကြီးဌာနက ကျွမ်းကျင်လုပ်သားမွေးထုတ်နိုင်ဖို့အတွက် ရည်ရွယ်ပြီးဒါတွေကိုစီစဉ်နေတာပါ။ လော လောဆယ် နေ့ပိုင်းသင်တန်းတွေကို အစီအစဉ်တကျဖြစ်အောင်လုပ်ပြီးမှ ဒီသင်တန်းတွေဖွင့်ဖို့ လုပ် မယ်ထင်တယ်။ ဒီ သင်တန်းတွေက အင်ဂျင်နီယာသင်တန်းမျိုးတွေ ဖြစ်ပါတယ်” ဟု ရန်ကုန်နည်းပညာ တက္ကသိုလ်မှ ပါမောက္ခဌာနမှူး ဒေါက်တာဉာဏ်မြင့်ကျော်က ပြောသည်။
ယခင်က ယင်းသင်တန်းများကို နိုင်ငံ့ဝန်ထမ်းအများစုသာ တက်ရောက်ကြပြီး၊ အဆိုပါသင်တန်းများကို ပြင်ပမှ တက်ရောက်မည်ဆိုပါက ပညာအရည်အချင်း၊ လုပ်သက်၊ သက်ဆိုင်ရာအလုပ်ထောက်ခံစာများ ဖြင့်တက် ရောက်နိုင်ကြောင်း သိရသည်။
ညကျောင်းများကို ၁၉၆၀ ပြည့်နှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၈၈ ခုနှစ်နောက်ပိုင်း ယင်းသင်တန်းများ ဖျက်သိမ်းခဲ့ ကြောင်း သိရသည်။
Democracy Today Daily
စက်တင်ဘာ (၂၈) ရက်၊ ၂၀၁၄ ခုနှစ်

--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+