Latest Updates:

If you plant honesty, you will reap trust....

Wednesday, September 14, 2016
အောင်မြင်နေတဲ့ လုပ်ငန်းရှင်တစ်ဦးဟာ သူ့အနေနဲ့ အသက်အရွယ် ကြီးရင့်လာပြီ ဖြစ်တဲ့အတွက် သူ့ရဲ့ ကုမ္ပဏီလုပ်ငန်းတွေကို ဆက်ပြီး ဦးဆောင်နိုင်မယ့် သူကို ရွေးချယ်ဖို့ ဆုံးဖြတ်​လိုက်​တယ်....

ဒီလိုရွေးချယ်ဖို့အတွက် သူ့ရဲ့ဆွေမျိုးသားချင်းတွေနဲ့ စီနီယာ ညွှန်ကြားရေးမှူးတွေ ထဲကနေ ရွေးချယ် ရမယ့်အစား... ထူးထူးခြားခြား ဂျူနီယာကျတဲ့ လူငယ်ဝန်ထမ်းတွေ အားလုံးကို ခန်းမထဲ ခေါ်ပြီး စုရုံးခိုင်းလိုက်တယ်... အဲဒီနောက် အကြီးအကဲက...

"ငါ့အနေနဲ့ ကုမ္ပဏီကနေ အနားယူဖို့ အချိန်​ကျပြီ.. အဲဒီ​တော့ ငါ့နေရာမှာ ဆက်ခံမယ့်သူ နောက်ထပ် အမှုဆောင်အရာရှိချုပ်အသစ်ကို ရွေးချယ်ရမှာ ဖြစ်​တယ်​.. မင်းတို့ အားလုံးထဲက တစ်ယောက်ကို ရွေးချယ်ဖို့ ဆုံးဖြတ်ထားတယ်..."

အကြီးအကဲရဲ့ စကားကြောင့် ၀န်ထမ်းတွေအားလုံး အံ့အားသင့်ပြီး ကြက်သေ သေသွားကြတယ်... အကြီးအကဲက ဆက်လက်ပြီး...

"ဒီကနေ့ မင်းတို့ တစ်ဦးချင်းစီကို အပင်မျိုးစေ့ တစ်စေ့စီ ပေးလိုက်မယ်... အရမ်းထူးခြားတဲ့ မျိုးစေ့တွေပေါ့ကွာ... အဲဒီမျိုးစေ့ကိုယူပြီး မင်းတို့ရဲ့အိမ်မှာ စိုက်ပျိုးပါ... ရေလောင်းပါ... ဒီနေ့ကစပြီး တနှစ်ပြည့်တဲ့အခါ ငါပေးလိုက်တဲ့ မျိုးစေ့ကနေ ပေါက်လာတဲ့ အပင်ကိုယူပြီး ငါ့ဆီကို ပြန်လာကြပါ... မင်းတို့ယူလာတဲ့ အပင်တွေကို ကြည့်ပြီး အကဲဖြတ်မယ်... အဲဒီနောက် ငါရွေးချယ်လိုက်တဲ့သူဟာ ဒီကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ်အသစ် ဖြစ်လာလိမ့်မယ်..."

ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် ပေးလိုက်တဲ့ မျိုးစေ့ကို ရရှိတဲ့သူတွေထဲမှာ 'ဂျင်မီ' လို့ ခေါ်တဲ့ ၀န်ထမ်းတစ်ယောက်လည်း ပါတယ်... ဂျင်မီဟာ စိတ်လှုပ်ရှားမှုအပြည့်နဲ့ မျိုးစေ့ကိုယူပြီး အိမ်ပြန် လာခဲ့တယ်... အိမ်ရောက်တော့ ဇနီးဖြစ်သူကို အဖြစ်အပျက်တွေအားလုံးကို ပြောပြတယ်... ဇနီးဖြစ်သူက မျိုးစေ့စိုက်ပျိုးမယ့် မြေအိုးကို ကူပြီးပြင်ဆင်ပေးတယ်... အဲဒီနောက် မျိုးစေ့ကို မြေအိုးထဲမှာ စိုက်ပျိုး လိုက်တယ်... နေ့စဉ်နေ့တိုင်း မျိုးစေ့ကို ရေလောင်းတယ်... အပင်ထွက်ပြီလား စောင့်ကြည့်တယ်... ဒီလိုနဲ့ ရက်သတ္တပတ် (၃)ပတ်လောက် ကြာတဲ့အခါ တခြားလုပ်ဖော်ကိုင်ဖက်တစ်ချို့က သူတို့ရဲ့ မျိုးစေ့တွေ အပင်စပေါက်လာတဲ့အကြောင်း ပြောဆိုလာကြတယ်...

ဂျင်မီကတော့ သူ့ရဲ့မျိုးစေ့ကို နေ့စဉ်နေ့တိုင်း ရေလောင်းလိုက်... စောင့်ကြည့်လိုက်နဲ့ လုပ်နေခဲ့တယ်... ဒါပေမယ့် အပင်ပေါက်လာမယ့် အရိပ်အယောင်တောင် မတွေ့ခဲ့ရဘူး...

ဒီလိုနဲ့ ရက်သတ္တပတ် (၃)ပတ် (၄)ပတ်ကနေ (၅)ပတ်ထိ ကြာသွားပေမယ့် ဘာမှမထူးခြားပဲ မျိုးစေ့အတိုင်းသာ ရှိနေခဲ့တယ်...

ယခုဆိုရင် သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေ အားလုံးက သူတို့ရဲ့ အပင်တွေအကြောင်းကို ပြောနေကြပြီ... ဂျင်မီကတော့ ခုချိန်ထိ သူ့မျိုးစေ့ အပင် ပေါက်မလာသေးတဲ့အတွက် စိတ်ထိခိုက်နေတယ်...

(၆)လကြာသည့်တိုင် အပင်ထွက်မလာ သေးတဲ့အတွက် မျိုးစေ့ဟာ သူ့​ကြောင့်​ အသက် မရှင်တော့ဘူးလားလို့ သံသယ၀င်​လာတယ်... ဒီအကြောင်းကို သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေကိုလည်း ဖွင့်​မပြောပဲ နေခဲ့တယ်... ဒါပေမယ့် အပင် ပေါက်လာလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ မျိုးစေ့ကို မြေသြဇာကျွေး၊ ရေလောင်းမြဲ လောင်းပြီး ​စောင့်​ကြည့်​​နေခဲ့တယ်​...

ဒီလိုနဲ့ တနှစ်ကာလ ပြီးဆုံးသွားတဲ့ အခါမှာတော့ ဂျူနီယာဝန်ထမ်းငယ်တွေ အားလုံးဟာ အမှုဆောင် အရာရှိချုပ် ညွှန်ကြားထားတဲ့အတိုင်း သူတို့ စိုက်​ထားတဲ့ အပင်အိုးတွေကို ကုမ္ပဏီကို ယူလာကြတယ်...

ဂျင်မီကတော့ အပင်မ​ပေါက်​တဲ့ မျိုး​စေ့အိုးကို မယူသွား တော့ဘူးဆိုပြီး ဇနီးသည်ကို ပြောပြတယ်... ဒါပေမယ့် ဇနီးသည်က အိုးကိုယူသွားပြီး အဖြစ်အပျက်တွေ အားလုံးကို ရိုးရိုးသားသားနဲ့ အကြီးအကဲကို ရှင်းပြဖို့ ဂျင်မီကို အကြံပေးတယ်... ဂျင်​မီကလည်း သူ့ဘ၀မှာ အရှက်ရစရာ အကောင်းဆုံး ဖြစ်တော့မယ် ဆိုပြီး နေမထိထိုင်မသာ ဖြစ်နေတယ်... ဒါပေမယ့် ဇနီးသည် အကြံပေးတာကို လက်ခံလိုက်ပြီး အပင်မ​ပေါက်​တဲ့ မျိုး​စေ့အိုးကို ကုမ္ပဏီကို ယူသွားလိုက်တယ်... ကုမ္ပဏီကို ရောက်တဲ့အခါ လုပ်ဖော်ကိုင်ဖက်တွေ စိုက်ပျိုးထားတဲ့ ပုံသဏ္ဍာန် အရွယ်အစား အမျိုးမျိုးနဲ့ လှပတဲ့ အပင်တွေကို တွေ့တဲ့ အခါ အံ့အားသင့်သွားတယ်... သူ့ရဲ့ မျိုး​စေ့အိုးကို ကြမ်းပြင်ပေါ်ကို ချလိုက်တယ်.... လုပ်ဖော်ကိုင်ဖက် အနည်းငယ်လောက်သာ စိတ်မကောင်းတဲ့ အမူအယာ ပြပြီး... အများစု ကတော့ သူ့ကိုကြည့်ပြီး လှောင်ပြောင်ရယ်​​မောကြတယ်...

မကြာခင် ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် ရောက်လာတယ်... အခန်းကို စေ့စေ့စပ်စပ် ကြည့်လိုက်ပြီး သူ့ဝန်ထမ်းငယ်တွေကို နှုတ်ဆက်လိုက်တယ်... ဂျင်မီက အနောက်မှာ အရာရှိမမြင်အောင် ပုန်းဖို့ လုပ်နေတယ်... အဲဒီနောက် အရာရှိက...

"ငါ့ဝန်ထမ်းတွေက အရမ်းကို ကောင်းမွန်လှပတဲ့ အပင်တွေကို စိုက်ပျိုးထားကြတာပဲ..."

ဒီလို​ပြော​နေရင်း ရုတ်တရက်ဆိုသလို အခန်းရဲ့ နောက်ဆုံးမှာ အပင်မရှိတဲ့အိုးနဲ့ အတူရှိနေတဲ့ ဂျင်မီကို အရာရှိချုပ်က သတိပြုမိလိုက်တယ်... သူ့ကို အခန်းအရှေ့ကို ခေါ်ထုတ်လာဖို့ ညွှန်ကြားရေးမှူး တစ်ယောက်ကို ပြောလိုက်တယ်... ဂျင်မီကတော့ အရမ်းကို ကြောက်လန့်နေတယ်... သူ့ရဲ့ မအောင်မြင်မှုကြောင့် အရာရှိချုပ်က သူ့ကို အလုပ် ထုတ်တော့မယ်လို့ ထင်နေတယ်...

ဒီလိုနဲ့ ဂျင်မီအခန်းအရှေ့ကို ရောက်တဲ့အခါ အရာရှိချုပ်က... "ငါ​ပေးလိုက်​တဲ့ မျိုးစေ့က ဘာဖြစ်လို့ အပင် မပေါက်ရတာလဲ...?" ဆိုပြီး မေးလိုက်​တယ်... ဂျင်မီလည်း အဖြစ်အပျက်​တွေကို အရာရှိကို ရိုးသားပွင့်​လင်းစွာ ​ပြောပြတယ်...

အရာရှိချုပ်လည်း ဂျင်မီကလွဲပြီး တခြားဝန်ထမ်းတွေ အားလုံးကို ထိုင်ခိုင်းလိုက်တယ်... အဲဒီနောက် ဂျင်မီကိုကြည့်ပြီး ၀န်ထမ်းတွေအားလုံးကို... "မင်းတို့အားလုံးရဲ့ နောင်လာမယ့် အမှုဆောင် အရာရှိချုပ်အသစ်..... သူကတော့ ဂျင်မီဖြစ်တယ်..." ဆိုပြီး ကြေညာလိုက်တယ်...

ဂျင်မီက သူ့အနေနဲ့ တခြားဝန်ထမ်းတွေလို မျိုးစေ့ကို အပင်ပေါက်အောင် မစွမ်းဆောင်နိုင်ပဲနဲ့ ဒီလို အမှုဆောင်အရာရှိချုပ်အသစ်အဖြစ် ခန့်အပ်လိုက်တာကို မယုံနိုင်ပဲဖြစ်နေတယ်....

တခြားဝန်ထမ်းငယ်တွေကလည်း အရာရှိချုပ်​ကို... "သူ(ဂျင်​မီ)က ဘယ်လိုဖြစ်လို့ ကျ​နော်​တို့ရဲ့ အမှုဆောင် အရာရှိချုပ်လောင်း ဖြစ်ရတာလဲ..." ဆိုပြီး သံသယနဲ့ မေးခွန်းထုတ်ကြတယ်...

ဒီအခါ အရာရှိချုပ်က...

"လွန်ခဲ့တဲ့ တနှစ်က ဒီအခန်းထဲမှာပဲ မင်းတို့အားလုံးကို မျိုးစေ့တစ်စေ့စီ ပေးခဲ့တယ်... အဲဒီမျိုးစေ့ကို မင်းတို့အိမ်မှာ ရေလောင်းစိုက်ပျိုးပြီး ​ပေါက်​လာတဲ့အပင်​ကို ဒီ​နေ့အချိန်​ ငါ့ဆီ ပြန်​ယူလာဖို့ မှာခဲ့တယ်... ဒါပေမယ့် အဲဒီမျိုးစေ့တွေ အားလုံးဟာ စိုက်ပျိုးလို့ မရနိုင်တော့တဲ့... မီးနဲ့ပြုတ်ထားတဲ့... မျိုးစေ့ အသေတွေသာ ဖြစ်တယ်... "

"ဒါပေမယ့် ဒီ​နေ့... ဂျင်မီကလွဲပြီး မင်းတို့အားလုံး အပင်တွေ ကိုယ်စီယူလာကြတယ်... ငါပေးလိုက်တဲ့ မျိုးစေ့ဟာ အပင်မပေါက်ဘူးလို့ မင်းတို့သိတဲ့အခါ တခြားအပင်ပေါက်တဲ့ မျိုးစေ့နဲ့ အစားထိုးပြီး စိုက်ပျိုးခဲ့ကြတယ်... ဂျင်မီသာ ငါပေးလိုက်တဲ့ မျိုးစေ့ကို ပြန်ယူလာလို့ သူဟာသတ္တိရှိပြီး ရိုးသားတဲ့သူ တစ်ယောက်သာလျှင်​ ဖြစ်တယ်..."

So, be careful what you plant now; it will determine what you will reap later.

ကိုမျိုး
©awesomequotes4u/google
lwanmapyay.blogspot.com
 --------------------------------------
လွမ်းမပြေ သုတရပ်ဝန်း(lwanmapyay.blogspot.com) Facebook Page Twitter Google+
အပြည့်အစုံသို့ >>
                 

သိလိုသော အကြောင်းအရာကို အောက်က Search Box ထဲမှာ မြန်မာ/အင်္ဂလိပ် ဘာသာဖြင့် ရိုက်ထည့်၍ ရှာဖွေပါ...