Apple ထုတ်ကုန်များ၏ ဆက်စပ် ပစ္စည်းများ ဈေးနှုန်းမြင့်မားမှုကြောင့် ပြုပြင်သူနည်းပါး



Apple အမှတ်တံဆိပ် နည်းပညာပစ္စည်းများနှင့် ဆက်စပ်အပိုပစ္စည်းများ၏ ဈေးနှုန်းများမှာ မြင့်မားလွန်း သည့်အတွက် အသုံးပြုလိုသူများ အနေဖြင့် ပြုပြင်နိုင်ကြခြင်း နည်းပါးကြောင်း စုံစမ်းသိရသည်။

iPhone, iPad နှင့် MacBook အစရှိသည့် နည်းပညာထုတ်ကုန်ပစ္စည်းများ မတော်တဆမှုကြောင့် ထိခိုက်ပျက်စီးမှုများ ရှိလာပါက အဆိုပါပျက်စီးသွားသည့် အစိတ်အပိုင်းများကို လဲလှယ်ရမည့် ပြင်ဆင်ခနှုန်း ထားများသည် များလွန်းသဖြင့် ပြန်လည်ပြုပြင်သူ နည်းပါးရခြင်းဖြစ်ကြောင်း Apple နည်းပညာ ထုတ်ကုန် များကို သီးသန့်ရောင်းချသည့်ဆိုင်များမှ သိရသည်။

ထို့အပြင် Apple ပစ္စည်းများကို ရောင်းချသည့်ဆိုင်များတွင် အပိုပစ္စည်း ပြုပြင်တပ်ဆင်ပေးသည့် ဈေးနှုန်း များသည် တစ်ဆိုင်နှင့်တစ်ဆိုင် မတူညီဘဲ အချို့သောဆိုင်များတွင် ဈေးနှုန်းကွာခြားချက် ပိုမိုကြီးမားကြောင်း သိရသည်။

iPhone 4S တစ်လုံး၏ ကွဲအက်သွားသော မျက်နှာပြင်အတွက် အချို့သော Apple ထုတ်ကုန်ရောင်းချသည့် ဆိုင်များတွင် အသစ်တပ်ဆင်ခ ကျပ်ရှစ်သောင်းခန့်ရှိပြီး အချို့သောဆိုင်များတွင်မူ ကျပ်လေးသောင်းသာ ရှိသည်ဟု အသုံးပြုသူများက ပြောသည်။

“ပစ္စည်းက အရမ်းကောင်းသလို မတော်တစ်ဆတခုခု ဖြစ်သွားရင်လည်း အကောင်းတိုင်းပြန်ဖြစ်ဖို့က မလွယ်ဘူး။ သူ့ရဲ့ပြင်ဆင်စရိတ်က တခြားစမတ်ဖုန်းတစ်လုံးနီးပါးစာရှိတယ်” ဟု Apple ထုတ်ကုန် အသုံးပြုသူ အမျိုးသားတစ်ဦးက ဆိုသည်။

အဆိုပါ နည်းပညာထုတ်ကုန်များ၏ မူလဈေးနှုန်းများမှာလည်း မြင့်မားသည့်အတွက် ဆက်စပ်ပစ္စည်းများ ၏ ဈေးနှုန်းများမှာ မြင့်မားနေရခြင်းဖြစ်ပြီး ပြည်တွင်းဈေးကွက်အတွင်း ပျက်စီးမှုကြောင့် ပြန်လည်ပြုပြင် သူနည်းပါးကြောင်း သိရသည်။

ထို့အပြင် iOS နည်းပညာထုတ်ကုန် အသုံးပြုသူများသည် ၎င်းတို့အသုံးပြုသည့်ပစ္စည်းများ မတော်တဆ မှုကြောင့် ထိခိုက်မှုများရှိလာပါက ယင်းနှင့်ဆက်စပ်ပစ္စည်းများ၏ ဈေးနှုန်းများ မြင့်မားခြင်းကြောင့် သာမဟုတ်ဘဲ အချို့သော မိုဘိုင်းဖုန်းဆိုင်များကို ယုံကြည်မှုနည်းပါးခြင်းကြောင့်ဟု စုံစမ်းသိရသည်။

“ပြန်ပြင်တဲ့စရိတ် ဈေးကြီးပေမယ့် ပြင်လိုက်ရင်လည်း အကောင်းတိုင်းဖြစ်သွားအောင် ဆိုင်တစ်ဆိုင်မှာ သွားပြင်လိုက်ပါတယ်။ မရဘူးပြောတယ်။ ဒါနဲ့ ဝယ်လာတဲ့ ဂျပန်နိုင်ငံကိုပြန်ပို့လိုက်တော့ အထဲက မူလပစ္စည်းတချို့ကို လဲထားပါတယ်တဲ့။ အဲ့ဒီလိုကြုံဖူးတဲ့အတွက် ကျွန်မလို ဆိုင်တိုင်းကို ယုံကြည်မှု နည်းပါးတဲ့သူတွေရှိတာ ဖြစ်နိုင်ပါတယ်” ဟု ဂျပန်နိုင်ငံတွင်နေထိုင်သည့် မြန်မာနိုင်ငံသား အမျိုးသမီး တစ်ဦးက ဆိုသည်။

အထက်ပါ အခြေအနေများသည် ပြည်ပဆက်သွယ်ရေး အော်ပရေတာများ လုပ်ငန်းလည်ပတ်မှုများ ပြု လုပ်လာသည့်အချိန်တွင် မိုဘိုင်းဖုန်းနှင့် ဆက်စပ်ပစ္စည်းရောင်းချသည့် ဆိုင်များလည်း လက်ရှိထက် ပိုမို များပြားလာမည်ဖြစ်ရာ ဝယ်ယူသုံးစွဲသူများသည် ဝန်ဆောင်မှု ပိုမိုကောင်းမွန်သည့်ဆိုင်များကိုသာ ရွေးချယ် လာကြတော့မည်ဟု ရန်ကုန်မြို့နေ မိုဘိုင်းဖုန်းသုံးစွဲသူများက ဆိုကြသည်။

ယုဇနကိုကို
Internet Journal
အတွဲ (၁၅)၊ အမှတ် (၁၈)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...