Samsung Tech Institute မှ တီထွင်မှုများကို အွန်လိုင်းပေါ်သို့ တင်မည်

photo:google

ရန်ကုန်ကွန်ပျူတာတက္ကသိုလ်နှင့် Samsung ကုမ္ပဏီတို့ ပူးပေါင်း၍ Android Application ရေးသားသည့် သင်တန်းကို ပထမဦးဆုံးအကြိမ် ဖွင့်လှစ်ခဲ့ပြီး အဆိုပါသင်တန်းမှ ထွက်ရှိလာသည့် တီထွင်ဖန်တီးမှုများကို အွန်လိုင်းပေါ်သို့ တင်ဆက်ပေးရန် စီစဉ်ထားကြောင်း သိရသည်။

Samsung Tech Institute အမည်ဖြင့် သင်တန်းဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ ၁၈ ယောက်ကို ရွေးချယ်သင်ကြားခဲ့ခြင်း ဖြစ်သည်။ သင်တန်းကာလ ၃ လအတွင်း သင်တန်းသူ၊ သင်တန်း သားများကို ၂ ယောက်စီ ၉ ဖွဲ့ခွဲ၍ လက်တွေ့ Application ရေးသားမှုကို ယှဉ်ပြိုင်စေခဲ့ကြောင်း အထက်ပါ Institute က သတင်းထုတ်ပြန်ခဲ့သည်။

“Application တွေကတော့ Samsung Tech Institute ရဲ့ အပိုင်ဆိုပေမယ့် ဈေးကွက်ထဲကို ရောင်းမယ် မရောင်းဘူးဆိုတာ ရေးခဲ့တဲ့ ကျောင်းသားတွေရဲ့ သဘောထားလည်း လိုတယ်။ လောလောဆယ် Play Store မှာ တင်ဖို့အတွက်တော့ စီစဉ်ထားတယ်။ အခမဲ့လား ဘယ်လိုလဲဆိုတာ ကတော့ ပြန်တိုင်ပင်ရ ဦးမယ်” ဟု Samsung Tech Institute မှ ကိုဖြိုးမင်းထွန်းက ပြောသည်။

သင်တန်းသား၊ သင်တန်းသူများသည် အစားအသောက်နှင့် ကျန်းမာရေးဆိုင်ရာများ၊ လမ်းညွှန်များ၊ ဖက်ရှင်နှင့် ဘာသာပြန်ဆိုပေးသည့် Application များကို ရေးသားခဲ့ကြသည့်အပြင် Samsung Tech Institute အမည်ဖြင့် Shwedagon Audio Guide ကိုလည်း ဖန်တီးခဲ့ကြသည်ဟု သိရသည်။

Samsung အနေဖြင့် သင်တန်းကာလအတွင်း သင်ကြားမှုများနှင့် ထောက်ပံ့မှုများပေးအပ်ခဲ့သည့်အပြင် Application ပြိုင်ပွဲကို ကျင်းပပေးခဲ့ကြောင်း သိရသည်။ ပြိုင်ပွဲ၌ Winner ဆုရရှိသူနှစ်ဦးကို အမေရိ ကန်ဒေါ်လာ ၈၀၀ နှင့် Smart ဖုန်းတစ်လုံးစီ ပေးအပ်ခဲ့သည့်အပြင် Samsung ထိုင်းနိုင်ငံ အင်ဒိုချိုင်းနား ရုံးချုပ်ဆီသို့ ၅ ရက်အကြာ လေ့လာရေးခရီး ပို့ဆောင်ပေးမည်ဟု သိရသည်။

ထို့အတူသင်တန်း၌ First Runner ဆုရရှိသူနှစ်ဦးကို အမေရိကန် ဒေါ်လာ ၅၀၀ နှင့် Second Runner ဆုရရှိသူကို အမေရိကန်ဒေါ်လာ ၃၀၀ အသီးသီး ဆုချီးမြှင့်ခဲ့သည်ဟု သိရသည်။

မြင့်ကျော်လှိုင်
Internet Journal
အတွဲ (၁၅)၊ အမှတ် (၁၈)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...