ဖုန်းနဲ့ မခွာနိုင်ကြသည့် လူ့အဖွဲ့အစည်း

photo;www.cultofmac.com
 
ကျွန်မ သူငယ်ချင်းတစ်ယောက် သူ့ယောက်ျားနဲ့ လူပေါင်းစိတ်ခွာ ဖြစ်နေသည်။ အကြောင်းမှာ သူ့ယောက်ျား သည် အိုင်ဖုန်းနဲ့ မခွာနိုင်သောကြောင့် ဖြစ်သည်။

ဒီနေ့ခေတ်ကြီးမှာ လင်မယားတွေ ဆိုင်ထိုင်ကြရင် မြင်ရလေ့ရှိသည်ကား ထိုင်လိုက်သည်နှင့် အိတ်ထဲက ဖုန်းကိုယ်စီ ခုံပေါ်တင်လိုက်ကြခြင်း ဖြစ်သည်။ ဖုန်းနှစ်လုံးသည် နှစ်ယောက်သားကြားမှာ နယ်ခြားမျဉ်းပမာ ရှိလာသည်။ သမီးရည်းစား စုံတွဲတွေလည်း ထိုနည်းလည်းကောင်း။ ခပ်မှောင်မှောင် ခပ်တိတ်တိတ် ဆိုင်ထဲ ၀င်သွားလျှင် ကိုယ်စီကိုယ်စီ တွတ်ထိုးလိုက်၊ စားလိုက်သောက်လိုက်နဲ့ စုံတွဲများကို တွေ့ရမည်။ သို့သော် သေချာကြည့်ပါ။ စကားပြောနေကြတာ ဘာမှ မကြာသေး တစ်ယောက်ဖုန်းက အချက်ပေး သံ မြည်လာ၊ နောက်တစ်ယောက်ဖုန်းက မီးလင်းလာနှင့် ကိုယ်စီကိုယ်စီ ကောက်ကိုင်ကြည့်ကြမည်။ ချစ်သူဆီမှ အကြည့်ကိုခွာကာ ဖုန်းမျက်နှာကို ကြည့်ကြမည်။ ချစ်သူဆီမှ စိတ်ကိုခွာကာ ဖုန်းဆီ စိတ်နှစ်ကြ မည်။ ထိုသို့ဖြင့် လေးငါးမိနစ်တိုင်း တစ်ခါ နှစ်ခါ ဖုန်း ကောက်ကိုင်ကြည့်လိုက် စကားပြောလိုက်နဲ့ ဖြစ်နေ ကြမည်။ နှစ်ကိုယ်ကြား အေးဆေးစွာ စကားပြောသည့်ကြားသို့ ဖုန်းမှတစ်ဆင့် ပြင်ပကမ္ဘာကြီးက တိုးဝင်နေသည်။ ဖုန်းက အချက်ပေးသံ မြည်လာတိုင်း ကိုင်ကြည့်ကြသည်။ ဖုန်းထဲက သူစိမ်းများသည်ပင် ကိုယ်နဲ့ အရင်းနှီးဆုံးသူထက် ပိုအရေးကြီးသူ ဖြစ်လာသည်။

ယနေ့ခေတ်ကြီးမှာ စားသောက်ဆိုင်များမှာပင် နှစ်ယောက် စားပွဲလေးများက စုံတွဲများအတွက် မလုံလောက်တော့။ လေးယောက်စားပွဲလောက်မှ အနေတော် ဖြစ်လာသည်။ လူနှစ်ယောက်စာ နေရာ အပြင် ဖုန်းများ၊ တဲဘလက်များ ချထားဖို့ နောက်ထပ် နှစ်နေရာစာ လိုအပ်လာသည်။ မိုဘိုင်း အင်တာနက်ခေတ်ကြီးမှာ လူတွေ အတ္တပိုကြီးလာသည်။ လူသားများသည် အခြား မည်သူ့ကိုမျှ အာရုံအပြည့် စိုက်မပေးကြတော့။ သူစိမ်းများကို မပြောနှင့်၊ အရင်းနှီးဆုံးသူများနဲ့ တွေ့လျှင်ပင် ထိုသူကို ရာနှုန်းပြည့် စိတ်အာရုံစိုက် ပေါင်းသင်း ဆက်ဆံတာမျိုး မရှိကြတော့။ ဖုန်းဆီက ဘာမြည်လာ မလဲ၊ ဖေ့စ်ဘွတ်ခ်မှာ ဘယ်သူတွေများ ကိုယ့်ကို Like လုပ်မလဲ၊ မှတ်ချက်ရေးမလဲ သိချင်စိတ်က ကျွန်ုပ်တို့ စိတ်အလုပ်မှာ ရာခိုင်နှုန်း အတော်များများ ယူထားသည်။ အရင်းနှီးဆုံးသူနဲ့ စကားပြောနေစဉ်မှာပင် စိတ်၏ ရာခိုင်နှုန်း အများအပြားက ဖုန်းဆီ ရောက်နေသည်။ တက်လာမည့် Notification အချက်ပေးသံကို နားစွင့်နေ သတိထားမိနေသည်။ အရင်းနှီးဆုံးလူနဲ့ ဆက်ဆံနေစဉ်မှာပင် ကျွန်ုပ်တို့၏ စိတ်သည် သူ့အတွက် အပြည့်မပေးနိုင်ဘဲ ဖြစ်နေသည်။ ဖုန်းဆီက ဘာလာဦးမလဲကို မျှော်သည့်အလုပ်မှာ စိတ်အချို့ ခွဲပေးထားရသည်။ ဖုန်းများသည် နောက်ထပ် ဘာလာဦးမလဲ သိချင်စိတ်ကို အမြင့်ဆုံးထိရောက်အောင် နှိုး ဆွကြသည်။ ထိုအခါ နောက်ထပ် ဘာလာဦးမလဲ သိချင်သည့် ကျွန်ုပ်တို့၏ အာသီသကို မျက်နှာချင်းဆိုင်က လူသည် ဖြည့်ပေးနိုင်စွမ်း မရှိသူအဖြစ်ပါ မသိစိတ်က အလိုလို သတ်မှတ်လာတော့သည်။

စားပွဲဝိုင်းမှာ လူနှစ်ယောက် ထိုင်မိကြရင် ဖုန်းနှစ်လုံးလည်း စားပွဲပေါ်မှာ တင်ထားလျက်သား ဖြစ်သည်။ ဖုန်းလာလျှင် ကိုင်ကြသည်။ မက်ဆေ့ဂ်ျ ၀င်လာလျှင် ပြန်ပို့ကြသည်။ အချက်ပေးသံ အမျိုးမျိုး တက်လာ တာကို ကောက်ကိုင်ကြည့်ပြီး ဘာများထူးလဲ ကြည့်ကြသည်။ ထိုကြားမှာ စကားပြောသွားကြသည်။ ဖုန်းမကိုင်၊ မက်ဆေ့ဂ်ျ ပြန်မပို့လျှင်ပင် အနည်းဆုံးတော့ အချက်ပေးသံသည် ဘာများလဲ သိအောင် ဖုန်းကို တစ်ချက်တော့ ကောက်ကိုင်ကြည့်တတ်ကြသည်။ ပြီးမှ ဖုန်းပြန်ချ စကားဆက်ပြောကြသည်။ ထိုအပြုအမူ များသည် ရေစီးကြောင်းတစ်ခုပမာ အရှိန်ဖြင့် သွားရသော စကားပြောဆိုမှု ဖြစ်စဉ်မှာ အနှောင့်အယှက်ပေး သည်။ စကားပြောနေစဉ် တစ်ယောက်က ဖုန်း တကိုင်ကိုင် ဖြစ်နေပါက တစ်ဖက်လူသည် သူ့ကိုယ်သူ အရေးမပါသူ တစ်ယောက်လို ခံစားလာရသည်။ တစ်ချိန်တည်းမှာပင် ဖုန်း တကိုင်ကိုင် လုပ်နေသူကိုလည်း စိတ်ပျက်လာတတ်သည်။

ကျွန်မသည် စိတ်ကု ဆရာဝန်တစ်ဦးဖြစ်သောကြောင့် အထက်ပါ အခြေအနေမျိုးတွင် လူတွေ မည်သို့ တုံ့ပြန်ကြောင်းကို ကျွန်မဆီလာသူများထံက လေ့လာမိထားသည်။ အချို့က ဖုန်းတကိုင်ကိုင် လုပ်နေသည့် စကားပြောဖော်သည် ဖုန်းထက် ကိုယ့်ကို ပိုစိတ်ဝင်တစား စကားပြောချင်လာအောင် ကြိုးစားတတ်ကြ သည်။ အချို့မူကား အပယ်ခံတစ်ယောက်လို ခံစားရကာ အထီးကျန် အားငယ်သွားတတ်ကြသည်။ အချို့ကျတော့ အိုးရွဲ့ကို စလောင်းရွဲ့နဲ့ ဖုန်းသည့်အလား ကိုယ့်ဖုန်းထုတ်ပြီး အလားတူ ဖုန်း တကိုင်ကိုင် လုပ်ကာ စိတ်ကျဉ်းကျပ်ဖွယ် အခြေအနေမှ ထွက်ပေါက် ရှာလိုက်ကြသည်။ ထိုအခါ သူလည်း ဖုန်း တကိုင်ကိုင်၊ ကိုယ်လည်း ဖုန်း တကိုင်ကိုင်ဖြစ်ကာ သူနဲ့ကိုယ်ကြားက မျက်နှာချင်းဆိုင် ဆက်ဆံရေး တန်ဖိုးသည် ကျသထက် ကျသွားရသည်။ သူလည်း ကိုယ့် ဦးစားပေး စာရင်းမှ ကျသွားရသလို ကိုယ်လည်း အလားတူ ပြုမူသဖြင့် သူ့ ဦးစားပေးစာရင်းမှ ကျသွားရကာ နှစ်ယောက်သား အပြန်အလှန် တန်ဖိုးချ သံသရာ လည်သွားသည်။ လူနှစ်ယောက်တည်း တွေ့ကြသည်မှန်သော်လည်း စားပွဲပေါ်မှာ မီးလင်းလိုက် အချက်ပေးလိုက် ဖြစ်နေသော ဖုန်းကလေး နှစ်လုံး ရှိနေပါက လေးယောက်တွေ့ခြင်းဟုသာ ဆိုရမည်။ ဖုန်းထဲမှ နှစ်ယောက်သည် အများအားဖြင့် ပို၍ပင် အရေးပါ အချိန်ပေးခံရသည့်လူများပါ ဖြစ်သွားတတ် သည်။

လင်မယား စုံတွဲကိုပဲ ဥပမာပေး ပြောပါဦးမည်။ ထိုနှစ်ယောက်အတွက် တစ်ယောက်ကိုတစ်ယောက် အာရုံစိုက် အလေးပေး အချိန်ပေးခြင်းထက်ပိုပြီး တစ်ယောက်ကို တစ်ယောက် တန်ဖိုးထားကြောင်း ပြသ သည့် အပြုအမူမျိုး မရှိတော့။ အခြား ဘာကိုမှ အာရုံမစိုက်၊ အချိန်မပေးဘဲ ကိုယ့်ကိုသာ အာရုံစိုက် အချိန်ပေးပြီး နွေးထွေးစွာ စိုက်ကြည့်တတ်သော လက်တွဲဖော်၏ အကြည့်လောက် စိတ်ကို အင်အားဖြစ်စေ လုံခြုံစေတာမျိုး မရှိ။ လူနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အာရုံ အပြည့်စိုက်ပေး၊ ဂရုစိုက်ပေးကြ သည့် အချိန်မှာလောက် တစ်ယောက်နဲ့ တစ်ယောက် ခွန်အားတွေ အပြန်အလှန် စီးဆင်းသည့်အချိန်မျိုး မရှိတော့။ ထိုအချိန်မျိုးတွင် သူ ငါ ဆိုသော ရပ်တည်မှု ပျောက်သွားပြီး အတူတကွ ပေါင်းစည်းခြင်း စိတ်ဓာတ် ပေါ်လာကာ ကျွန်ုပ်တို့ ဟူသော ခွန်အားဖြစ်စေသည့် စိတ်မျိုး ပေါ်လာသည်။ ထိုသို့ အခြေအနေမျိုး ရလိုပါက အခြားအရာများအတွက် စိတ်ကို အချိန်ပေးထားခြင်း၊ စွမ်းအင် ခွဲဝေ သုံးထားခြင်းမျိုး မလုပ်မိဖို့ လိုသည်။ ဖုန်းထဲက ဘာများ မြည်လာဦးမလဲ၊ ဘာတွေများ ထူးနေပြီလဲ၊ ဘာတွေများ အသစ်တက်ဦးမလဲဆိုတာ မျှော်တတ်သည့် စိတ်ကြီး ရှိနေသရွေ့ကား အထက်ပါ ကျွန်ုပ်တို့ဟူသော တသားတည်း ပေါင်းစည်း ခွန်အားရှိစေသည့် စိတ်မျိုး လင်မယား၊ ချစ်သူစုံတွဲနှစ်ယောက်ကြားမှာ ပေါ်လာဖို့ မဖြစ်နိုင်။

ဆက်သွယ်မှုကို လွယ်ကူစေ၊ လုပ်ငန်းများကို ပိုထိရောက်စေသော နည်းပညာပစ္စည်းများကို ရှုတ်ချ ကန့်ကွက်ရန် အကြောင်းမရှိ။ သူတို့ကြောင့် လူသားများဘ၀ များစွာ ရှေ့တန်းရောက်ရသည်မှာလည်း မမှားသော ကိစ္စဖြစ်သည်။ သို့သော တန်ဆေး လွန်ဘေး စကားပုံကို မမေ့သင့်။ ဖုန်းများ၊ တက်ဘလက် များဟူသော နည်းပညာ မိတ်ဆွေများကို ကျွန်ုပ်တို့ အလေးပေးလွန်းခြင်းကြောင့် လူသားဟူသော ကျွန်ုပ်တို့၏ မိတ်ဆွေများကို တန်ဖိုးချမိလျက်သား ဖြစ်သွားမည့် အန္တရာယ်ကိုတော့ ရှောင်ကြရမည်။ ဖုန်းများ၊ တဲဘလက်များကို လိုသည်ထက်ပို အချိန်ပေးမိခြင်းကြောင့် တစ်ကိုယ်ရေဘ၀နှင့် အများနှင့် ဆက်ဆံရသည့် ဘ၀အကြားက နယ်ခြားမျဉ်း ပျောက်သွားသည်။ တစ်ကိုယ်ရေ အချိန်တွင်းသို့ပင် သူစိမ်းများက ဖုန်းကတစ်ဆင့် တစ်ချိန်လုံး ၀င်လာနေသည်။ ကိုယ့် အိမ်ထောင်ဖက်အတွက်၊ မိသားစု အတွက်၊ ရင်းနှီးသူများအတွက်သာ အချိန်ပေးသင့်သည့် အနေအထားမျိုးမှာပင် ဖုန်းမှတစ်ဆင့် ၀င်လာသော သူစိမ်းများကို အချိန်ဖဲ့ပေးနေကြသည်။ ဖုန်းကို ထိုသို့ နေ့စဉ်သုံးလာကြသဖြင့် ဖုန်းစွဲသည့် စိတ်ရောဂါပါ ဖြစ်လာကြကာ ကိုယ်ပိုင်အချိန်မှာ အရင်းနှီးဆုံးလူများကို အချိန်ပေးသင့်ပါလျက်နှင့်ပင် စိတ်ချစွာ မလုပ်နိုင်ရှာဘဲ ဖုန်းထဲက သူစိမ်းများကိုပါ အဆက်မပြတ်အောင် ကြိုးစားနေမိတတ်ကြ သည်။ ဖေ့စ်ဘွတ်ခ်၊ တွစ်တာ စသည့် ဆိုရှယ်မီဒီယာများသည်လည်း လွန်ပါက ဘေးဖြစ်ကာ စိတ်စွဲစေ သည်။ ထိုသို့ စွဲနေပါက ကိုယ်ပိုင် လွတ်လပ်စွာ နေလို့ရသည့် အချိန်များမှာပင် အရင်းနှီးဆုံးလူများကို အချိန်ပေးကာ အေးဆေးစွာ မနေနိုင်ဘဲ ဖုန်း မကြာမကြာ ဖွင့်ကြည့်နေတတ်သည်မှာ ယနေ့ လူအများစုကြီး ၏ အလေ့အထ ဖြစ်လာသည်။ လူသားများ ဘယ်သွားသွား နည်းပညာက လက်လှမ်းမီနေသောကြောင့် တစ်ကိုယ်ရေဘ၀သည် အများပြည်သူဘ၀နှင့် ထွေးရောယှက်တင် ဖြစ်လာသည်။ ကိုယ်တိုင်က စည်းကမ်း သတ်မှတ်ကာ ခွဲခြားမထားနိုင်ပါက တစ်ကိုယ်ရေဘ၀ ပျောက်ဆုံးသွားမည်။ ပျောက်ဆုံးနေသူလည်း ဒုနဲ့ဒေး ရှိနေပြီ။

ကိုယ့်ဘ၀အတွက် အရေးပါသူများ၊ အရေးပါသော ကိစ္စများကို အချိန်ပေးနိုင်အောင် ကြိုးစားကြဖို့ လိုသည်။ ယနေ့လို နည်းပညာကြောင့် ကိုယ်ဘယ်သွားသွား တစ်ကမ္ဘာလုံးရှိ သူစိမ်းများက လက်လှမ်းမီနေသည့် အချိန်မျိုးတွင် နည်းပညာကို အဆက်အဆံ မလုပ်ချင်လို့ မရ။ သို့သော် အကန့်အသတ်တော့ လုပ်လို့ရသည်။ ဘာများ လာဦးမလဲ၊ ဘာများ ထူးဦးမလဲ သိချင်စိတ်နဲ့ ဖုန်းကို ကောက်ကိုင်ကြည့်ချင်သည့် ကိုယ့်စိတ်ကို ထိန်းလို့ရသည်။ အဖြစ်အပျက်များ ကတော့ ဖြစ်ပျက်နေမည်သာ။ မဖြစ်အောင်လည်း တားလို့မရ။ ဖုန်းထဲကိုလည်း အချက်ပေးမှုများက ၀င်နေမည်သာ။ ကိုယ်အလုပ်သင့်ဆုံးကား ကိုယ့်စိတ်ကို စည်းကမ်း သတ်မှတ်တတ်ဖို့ ဖြစ်သည်။ စည်းကမ်းသတ်မှတ်ကာ နေတတ်သည့် အကျင့်ကိုလည်း မွေးရမည်။ အရေးမပါတာများမှာ အချိန်သုံးနေတာ လျှော့ချပါမှ အရေးပါတာများမှာ အချိန်သုံးနိုင်သွားမည်။

နောက်တစ်ခါ ကိုယ်ပိုင်ချိန်မျိုးမှာ ကိုယ် အချိန်ပေး အလေးထားရမည့်သူ တစ်ယောက်ယောက်နဲ့ တူတူနေဖြစ်သည့်အခါမျိုး၊ အပြင်ထွက် ဆိုင်ထိုင်ဖြစ်သည့်အခါမျိုး၊ တွေ့ကြုံစကား ပြောဆိုရသည့် အခါမျိုးတွေမှာ ဖုန်းကို ပိတ်ထားလိုက်ပါ။ ကိုယ့်မြင်ကွင်းထဲ မရှိအောင်ကို ထားထားလိုက်ပါ။ အကယ်၍ ဖုန်းပိတ်ထားလို့ မဖြစ်သူမျိုးဆိုလျှင်ပင် ဖုန်းကို အသံပိတ်ထားလိုက်ပါ။ ကိုယ့်မြင်ကွင်းထဲရှိမနေအောင် အိတ်ထဲဖြစ်ဖြစ် ထည့်ထားလိုက်ပါ။ ဖုန်းက ဘာများ ထူးဦးမလဲ မျှော်လင့်နေသည့် စိတ်ကိုလည်း ရှင်းထုတ်လိုက်ပါ။ သို့မှသာ မျက်နှာချင်းဆိုင်က လူကို ရာနှုန်းပြည့် စိတ်ရော လူပါ အချိန်ပေး အာရုံစိုက် ဆက်ဆံဖြစ်သွားမည်။ ကိုယ်ပိုင် သီးသန့်အချိန်ဟာ ကိုယ်နဲ့ ကိုယ့်အတွက် တန်ဖိုးထားရမည့်သူများအတွက် ရာနှုန်းပြည့် အသုံးချလိုက်ရသော အချိန်မျိုးဖြစ်အောင် ကြိုးပမ်းမည်ဟု ဆုံးဖြတ်ချက်ချထားပါ။ လက်တွေ့လည်း လုပ်ပါ။

မိမိ ကိုယ်ပိုင်ချိန်ဖြစ်သော်လည်း အရေးကြီးသည့် ကိစ္စများဖြစ်လာပါက ကိုယ့်ကို ဆက်သွယ်နိုင်အောင် အချိန်မရွေး ဖုန်းဖွင့်ထားဖို့လိုသူများလည်း ရှိသည်။ လူအများစုသည်လည်း ထိုသို့ပင် ခံယူထားကြသည်။ ထိုသို့သော လူများအနေဖြင့်လည်း ဖုန်းဖွင့်ထားသင့်သော်လည်း ဖုန်းနဲ့ချည်း အချိန်ကုန်တာမျိုးတော့ မဖြစ်စေသင့်။ ကိုယ်ပိုင်အချိန်တွင် ပုံမှန် အလုပ်ကိစ္စများအတွက် ကိုယ့်ကို ဆက်သွယ်ဖို့ မလိုအောင် ကြိုတင်စီစဉ်ထားခြင်းဖြင့် ကိုယ်ပိုင်အချိန်ထဲကို အလုပ်များ ၀င်မလာအောင် လုပ်နိုင်သည်။ ဖုန်းဖွင့်ထားလျှင်ပင် အလုပ်က ကိုယ်ပိုင်အချိန်မှာ လာနှောင့်ယှက်မည် မဟုတ်တော့။ ကိုယ့်ဆုံးဖြတ်ချက် မပါလျှင် မဖြစ်လောက်အောင် အရေးကြီးသော အရေးပေါ် ကိစ္စမျိုး ပေါ်လာပါကလည်း ကိုယ်က ဖုန်းဖွင့်ထားသောကြောင့် ဆက်သွယ်နိုင်ကာ လုပ်သင့်တာ လုပ်နိုင်မည်။ ထိုသို့ အရေးပေါ် မရှိမချင်း ကိုယ်ပိုင်ချိန်သည် အလုပ်ကြောင့် မထိခိုက်အောင် ကြိုစီစဉ်ထားဖို့ လိုသည်။ ကိုယ်ပိုင်ချိန်မှာ ကိုယ့်အတွက် အရေးပါတာများ၊ အရေးပါသူများကို အချိန်ပေးခြင်း၊ တစ်ကိုယ်တည်း စိတ်အေး လက်အေး နေထိုင်ခြင်းများ အတွက် အချိန်ကို သုံးသင့်သည်။ ဖုန်းကို အင်တာနက်ဖွင့်ပြီး ဆိုရှယ်မီဒီယာ သုံးခြင်းကိုလည်း လုံးဝ လိုအပ်မှသာ လုပ်သင့်သည်။ ထိုသို့ မဟုတ်ပါက ကိုယ်ပိုင်အချိန်ကို လက်တွေ့ကျ ထိရောက်၍ ကိုယ့်အတွက် အဓိပ္ပါယ်ရှိစေမည့် အလုပ်များအတွက်သာ သုံးသင့်သည်။

နောက်တစ်ကြိမ် ကြင်သူနဲ့ သို့မဟုတ် မိတ်ဆွေတစ်ဦးဦးနဲ့၊ သို့မဟုတ် ကိုယ့်အတွက် အရေးပါသူများနဲ့ ပြော ဆိုဆက်ဆံရမည့် အခါများမှာ ဖုန်းကို ပိတ်မထားနိုင်လျှင်ပင် အနည်းဆုံးတော့ အသံပိတ်ပြီး အိတ်ထဲ ထည့်ကာ မျက်နှာချင်းဆိုင်ကလူကို အာရုံအပြည့် အချိန်အပြည့် ပေးလိုက်ပါဟု တိုက်တွန်းလိုသည်။ ဘ၀ကို သာယာအောင် လုပ်နိုင်သည့် အချက်များစွာထဲတွင် လူမှုဆက်ဆံရေးဘ၀ ကောင်းမွန်ခြင်းသည်လည်း တစ်ခုအပါအ၀င်ဖြစ်ရာ လူမှုဆက်ဆံရေးကို ထိခိုက်စေနိုင်သော မှားယွင်းသည့် ဖုန်းသုံးနည်းများကို စွန့်ခွာကာ မှန်ကန်သည့် ဖုန်းစိတ်ဓာတ် ထားခြင်းဖြင့် ရလာမည့် လူမှုအကျိုးရလဒ်ကား ကြီးမားလှသည်ကို မမေ့သင့်။

The Messenger
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...