ကမ္ဘာ့သမိုင်းတွင် အကြီးဆုံးဖြစ်သည့် ဒိုင်နိုဆောရုပ်ကြွင်း ရှာဖွေတွေ့ရှိ

ရှာဖွေတွေ့ရှိဖူးသမျှ ဒိုင်နိုဆောမျိုးစိတ် အားလုံးထက် ပိုမိုကြီးမားသည့် ဒိုင်နိုဆောမျိုးနွယ် တစ်ခု၏ ရုပ်ကြွင်း များကို အာဂျင်တီးနား နိုင်ငံတွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရှိရသည်။ ရုပ်ကြွင်းသုတေသန ပညာရှင်များက စနေနေ့တွင် တွေ့ရှိရသည့် ရုပ်ကြွင်းအပိုင်းအစများအရ မိမိတို့သည် ကမ္ဘာ့သမိုင်းတစ်လျှောက် အကြီးဆုံး ဒိုင်နိုဆော မျိုးစိတ်သစ်ကို တွေ့ရှိခဲ့ပြီဟု အတည်ပြုခဲ့သည်။ အာဂျင်တီးနားရှိ ချူဘက်ဒေသတွင် ဒိုင်နိုဆောကြီး (၇)ကောင်၏ ရုပ်ကြွင်းသိုက်ကြီးကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ယခုရုပ်ကြွင်း တစ်ခုစီကို လေ့ လာမှုအရ အဆိုပါ ဒိုင်နိုဆော မျိုးစိတ်သည် အလျားမီတာ(၄၀)မျှရှိပြီး အလေးချိန် တန်ချိန်(၈၀)မျှထိ ကြီး ထွားနိုင်ကြောင်း သုတေသီများက ယုံကြည်ခဲ့သည်။



ထိုပမာဏသည် ယခင်က ကမ္ဘာ့အကြီးမားဆုံး ဒိုင်နိုဆောအဖြစ် စံချိန်တင်ထားသည့် အာဂျန်တီနိုဆောရပ်စ်ကို ကျော်တက်သွားမည်ဖြစ်သည်။ ယခုတွေ့ရှိသည့် ရုပ်ကြွင်းများသည် ဧရာမ ဒိုင်နိုဆောကြီး အများစု၏ ထုံးစံအတိုင်း အသီးအရွက်စား သတ္တဝါများသာဖြစ်ကြောင်း သိရသည်။ “ရုပ်ကြွင်းတွေက တော်တော့်ကို ပြည့်စုံတယ်။ အရွယ်အစား၊ အလေးချိန်ကို တိတိကျကျ ခန့်မှန်းနိုင်လောက် တဲ့ထိ အခြေအနေ ကောင်းနေသေးတယ်”ဟု တူးဖော်ရေး လုပ်ငန်းတွင် ပါဝင်သည့် သုတေသီ တစ်ဦးဖြစ်သော ဟိုဆေးလူးဝစ် ကာဘယ်လီဒိုက ပြောကြားခဲ့သည်။ ယခုရုပ်ကြွင်းများအရ ယင်းဒိုင်နိုဆောကြီး တစ်ကောင်သည် မီနီထရပ်ကား နှစ်စင်းစာမျှ ရှည်လျားပြီး အလေးချိန်အားဖြင့် အာဖရိကဆင်ကြီး (၁၄)ကောင်စာမျှ ရှိလိမ့်မည်ဟုလည်း ကာဘယ်လီဒိုက ရှင်းပြခဲ့သည်။

ယခုတွေ့ရှိသည့် ဒိုင်နိုဆော မျိုးစိတ်သစ်ကို ခေါ်ဝေါ်မည့် အမည်သတ်မှတ်ချက်ကို မရွေးချယ်ရသေးချေ။ ၎င်းဒိုင်နိုဆောများသည် (၇)ကောင် အုပ်စုလိုက် သွားလာရင်း တစ်နေရာတည်းတွင် သေဆုံးခဲ့ခြင်း ဖြစ် ဟန်ရှိကြောင်း သုတေသီများက ယူဆထားသည်။ (၂၀၁၁)ခုနှစ်က အဆိုပါ နေရာကို ကျေးလက်ဒေသနေ အလုပ်သမား တစ်ဦးက မတော်တဆ သတိပြု တွေ့ရှိခဲ့ပြီးနောက် (၂၀၁၃)ခုနှစ်မှ စတင်ကာ ဒိုင်နိုဆော ရုပ်ကြွင်းများ ရှာဖွေတူးဖော်မှု လုပ်ငန်းကို အစပြုခဲ့ခြင်းဟု သိရှိရသည်။

Planet Myanmar Network
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...