ကိုလံဘီယာတွင် ဘတ်စ်ကားမီးလောင်ပြီး ကလေး(၃၁)ဦးသေဆုံး

ကိုလံဘီယာနိုင်ငံတွင် ဘတ်စ်ကား မတော်တဆမှု တစ်ခု ဖြစ်ပွားရာ ကလေးငယ် (၃၁)ဦး မီးလောင်သေ ဆုံးခဲ့ကြောင်း သိရှိရသည်။ တနင်္ဂနွေနေ့က နိုင်ငံမြောက်ပိုင်းတွင် မောင်းနှင်နေသော ဘတ်စ်ကားသည် မီးစွဲလောင်မှု ဖြစ်ပွားခဲ့ကြောင်း ကြက်ခြေနီ ဌာနက အတည်ပြုခဲ့သည်။ သေဆုံးသူ (၃၁)ဦးအပြင် လူကြီး တစ်ဦး ပါဝင်သည့် နောက်ထပ် (၂၅)ဦးမှာ ပြင်းထန်သည့် မီးလောင်ဒဏ်ရာများ ရရှိခဲ့ကြသည်။ ယာဉ် မတော်တဆမှုသည် ဖွန်ဒါဆီယွန်မြို့အနီး ဘာသာရေး ခရီးစဉ်တစ်ခု၌ ဖြစ်ပွားခြင်းဟု ဆိုသည်။



“ဒဏ်ရာရသူ အများစုက ဒုတိယနဲ့ တတိယအဆင့် မီးလောင်ကျွမ်းမှုမျိုး ခံထားရပါတယ်။ တော်တော် များများက အရေးပေါ် အခြေအနေမှာ ရှိနေတုန်းပဲ”ဟု ဆန်တာမာရာ ဆေးရုံမှ ဆီဆာအူရီနာက ပြောကြား ခဲ့သည်။ ကလေးများသည် အသက်(၁)နှစ်မှ (၈)နှစ်ကြား အရွယ်များ ဖြစ်ကြပြီး ဘာသာရေး အစီအစဉ် တစ်ခုမှ နေအိမ်သို့ ပြန်လာစဉ် အဖြစ်ဆိုးနှင့် ကြုံခဲ့ခြင်းဟု ဖွန်ဒါဆီယွန် မြို့တော်ဝန် လုဇ်စတယ်လာဒူရန်က သတင်းထောက်များကို ပြောဆိုသွားသည်။

အသက်ရှင် လွတ်မြောက်လာသူများ၏ အဆိုအရ ဘတ်စ်ကားဒရိုင်ဗာသည် ကားပေါ်တွင် ဓာတ်ဆီတိုင် ကီတစ်ခု တင်လာပြီး ယင်းမှတစ်ဆင့် မီးလောင်မှု စတင်ခြင်းဟု သိရသည်။ ရဲများကမူ ဘတ်စ်ကား၏ စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုကြောင့် ဖြစ်နိုင်ကြောင်း မှတ်ချက်ပြုထားသည်။ အခင်းဖြစ်ပြီးနောက် ယာဉ်မောင်းမှာ တိမ်းရှောင်နေပြီး ဒေါသထွက်နေသည့် ဒေသခံများက ၎င်း၏ နေအိမ်သို့ သွားရောက် ကာ ကျောက်တုံးများဖြင့် ပစ်ပေါက်ခဲ့ကြောင်းလည်း လာဒူရန်က ပြောဆိုသွားသည်။ 

planet Myanmar Network
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...