မျက်မမြင်ဟင်းချက်လက်ရာများ လေလံတင်ရာ ကျပ် ၆၇ သိန်းကျော်ရ


မျက်မမြင်ဟင်းချက်ပြိုင်ပွဲကျင်းပစဉ် (ဓာတ်ပုံ - ကျော်ဇင်သန်း)

ပထမဦးဆုံးအကြိမ်ပြု လုပ်သော မျက်မမြင်များ ဟင်းချက်ပြိုင်ပွဲ ဟင်းချက်လက်ရာများ ကို လေလံ တင်ရောင်းချရာ ကျပ် ၆၇ သိန်းကျော်ရရှိခဲ့ကြောင်း သတင်းရရှိသည်။

‘‘ဒီပြိုင်ပွဲကရတဲ့ လေလံ ကြေးအားလုံးကို ခ၀ဲခြံမျက်မမြင် ကျောင်းကို ပေးအပ်သွားမှာပါ’’ ဟု မြန်မာနိုင်ငံ ခရစ်ယာန်မျက်မမြင်များ မိတ်သဟာယအဖွဲ့မှ ပြန်ကြားရေး ဆက်သွယ်ရေးတာဝန်ခံ ဒေါ်ရိုစီကပြောသည်။

အဆိုပါမျက်မမြင်ဟင်းချက် ပြိုင်ပွဲကို မြန်မာနိုင်ငံခရစ်ယာန် မျက်မမြင်မိတ်သဟာယအဖွဲ့က ကြီးမှူး၍ မေလ ၁၇ ရက်တွင် ရန်ကုန်မြို့၊ အလုံမြို့နယ်၊ မင်းရဲ ကျော်စွာလမ်းရှိ မြန်မာနိုင်ငံနှစ် ခြင်းခရစ်ယာန် အသင်းချုပ် ၌ ပြု လုပ်ခဲ့ပြီး ယင်းအဖွဲ့လက်အောက် ရှိ ရန်ကုန်မျက်မမြင်ကျောင်း (ခ၀ဲခြံ)တို့မှ မျက်မမြင်ဝန်ထမ်းများက တစ်ဖွဲ့လျှင် ပြိုင်ပွဲဝင်နှစ်ဦးစီဖြင့် အဖွဲ့ ၁၁ ဖွဲ့ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

‘‘ကျွန်တော်တို့မျက်မမြင် ကျောင်းတွေမှာ စာပေနဲ့ လက်မှု ပညာတွေ သင်ကြားပေးရုံတင်မ ကဘူး။ ပတ်ဝန်းကျင်လေ့လာရေး နဲ့ လွတ်လပ်စွာ လှုပ်ရှားသွားလာ ရေးဆိုတဲ့ နေ့စဉ်နေထိုင်အသက် ရှင်မှုနဲ့ ဆိုင်တဲ့ အရာတွေကိုလည်း သင်ပေးပါတယ်။ ထမင်း၊ ဟင်း ချက်တာကလည်း အဲဒီထဲက တစ်ခုပါ။ ကျွန်တော်တို့ မျက်မမြင်တွေကလည်း သာမန်လူတွေလို ချက်ပြုတ်လုပ်ကိုင်စားသောက်နိုင်တယ်ဆိုတာ အားလုံးကို ပြချင်လို့ပါ’’ဟု မြန်မာနိုင်ငံ ခရစ်ယာန်မျက်မမြင်များ မိတ်သဟာယအဖွဲ့မှ အတွင်းရေးမှူး ဘုန်းတော်ကြီး ဦးသိန်းလွင်ကပြောသည်။

ယင်းပြိုင်ပွဲတွင် ပါဝင်ယှဉ် ပြိုင်သော အဖွဲ့များအား ကြက် သားဟင်း၊ သီးစုံကြော်၊ အ ထောင်းတစ်မျိုးနှင့် ဘူးသီးဟင်း ချိုများကို ယှဉ်ပြိုင်ချက်ပြုတ်စေ ပြီး ချက်ပြုတ်ချိန် တစ်နာရီခွဲခန့် ပေးထားကြောင်း သိရှိရသည်။

‘‘ဒီပွဲမှာ ဇနီးနဲ့အတူလာပြိုင် တာပါ။ အမြဲတမ်းအိမ်မှာလည်း ကိုယ့်ဟာ ကိုယ်ချက်စားဖြစ်နေ တော့ လာပြိုင်ဖြစ်တာပါ။ ပထမ ဆုံးဆိုတော့ အချိန်လည်း သတ် မှတ်ထားတာဆိုတော့ စိတ်လှုပ် ရှားစွာ ချက်ပြုတ်တော့အားနည်း ချက်တွေရှိတယ်။ ထည့်ရမယ့် ပစ္စည်းတွေ အကုန်မထည့်မိဘူး’’ ဟု ရန်ကုန်မျက်မမြင်ကျောင်း (ခ၀ဲခြံ)မှ တီးဝိုင်းဝန်ထမ်းတစ်ဦး ဖြစ်သူ ကိုဘရမ်နမ်ကပြောသည်။

7Day Daily
No.382 Sunday, May 18, 2014
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...