အမြင်မှန်၊ အတွေးမှန်၊ လမ်းစဉ်မှန်



နွေရာသီမှာ မြန်မာပြည် ပုဂ္ဂလိက International ကျောင်းက ကလေးတွေ ဆရာစံဆီသင်္ချာကျူရှင် သင်တန်း လာတတ်ကြတယ်။ အသက် ၁၂ နှစ်၊ ၁၃ နှစ်အရွယ် သူတို့ကျောင်းမှာ p-6 တန်းလို့ဆိုပါ တယ်။ အင်္ဂလိပ်စကားကို သွက်သွက်လက်လက် ပြောနိုင်ကြတာတော့ ချီးကျူးစရာပါ။ သို့သော် မြန်မာ လူမျိုးလေးတွေဆိုပေမယ့် မြန်မာစာဝေါဟာရစကားလုံးတွေ မကြွယ်ဝလို့ ပင်ပင်ပန်းပန်း ရှင်းပြ နေရတယ်။

သို့သော်မြန်မာစာ၊ မြန်မာစကားတုံ့ပြန်မှုတွေက နှေးကွေးလှပါတယ်။ မြန်မာစာဝါကျ မရေးတတ်ကြ ဘူး။ မြန်မာစာသဒ္ဒါအထားအသို မမှန်ကန်ကြပါဘူး။ ဒါတင်မကသေးပါဘူး။ သင်္ချာမှာ အလယ်တန်း အဆင့်မပြောနဲ့ အပေါင်းအနုတ်၊ အမြှောက်၊ အစား လေးတန်းစာကို စိတ်ရှည်လက်ရှည်ထား သင် ကြားပေးနေရတယ်။ မြန်မာပြည်နိုင်ငံတကာ ပုဂ္ဂလိကကျောင်းက ကလေးတွေသင်္ချာမှာ အခြေခံမပိုင်၊ ချာတူလန်နေကြပေမယ့် အစိုးရကျောင်းက ကလေးတွေ သင်္ချာမှာစိတ်ပါဝင်စားစွာ၊ သွက်လက်ချက် ချာစွာ တွက်နေကြတာတော့ ကိုယ်တွေ့ပါ။ စိတ်မဆိုးကြပါနဲ့။ အမှန်စကားပြောတာပါ။

တချို့မိဘတွေက သားသမီးတွေရဲ့ ပညာရေးအတွက်ဆိုရင် ထင်တစ်လုံးနဲ့ လောဘလွန်ကဲနေကြပါ တယ်။ မိဘတွေအောက်ခြေလွတ်နေကြတာပါ။ ပင်ကိုအသိ၊ ပင်ကိုဉာဏ်၊ ပင်ကိုပါရမီ၊ ပညာရေးအ ဆင့်အတိုင်းအတာကို မခန့်မှန်းတတ်ကြပါဘူး။ စစ်မှန်တဲ့ ပညာသင်ကြားရေးမှာ ပကာသနရှေ့တန်း တင်ပြိုင်ဆိုင်နေကြတာများပါတယ်။

နိုင်ငံတော်မှာလည်း အလုပ်အကိုင်အခွင့်အလမ်းနည်းပါးခြင်း၊ လုပ်ငန်းကိုင်ငန်းတွေမှာ လူမှန်နေရာမှန် မရှိကြခြင်းတွေကြောင့် လူငယ်တွေရဲ့အနာဂတ်ရည်မှန်းချက် ယိမ်းယိုင်ပျက်ပြားကြရာကစပြီး ပညာ ရေးသာမက နေရာတိုင်းမှာရေသာခိုမှုတွေ၊ မသမာမှုတွေ၊ ဖြတ်လမ်းကလိုက်မှုတွေ အကျင့်စာရိတ္တ ပျက်ပြားမှုတွေ ဖြစ်လာကြရပါတယ်။

ယင်းနိုင်ငံမှာ ပညာရည်ညံ့ဖျင်းနိမ့်ဆင်းလာမယ်။ လူ့စွမ်းအားအရင်းအမြစ်တွေ ယုတ်လျော့လာကြ မယ်။ မိခင်နိုင်ငံကို အထင်သေးပြီး နိုင်ငံခြားတိုင်းပြည်တွေကို အထင်ကြီး စိတ်ဝင်စားလာကြမယ်။ ဦးနှောက်ယိုစီးမှုတွေ ဖြစ်လာမယ်။ လူငယ်တွေဟာ ကိုယ့်ကိုယ်ကိုယ်အားကိုလိုစိတ် နည်းပါးလာမယ်။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်လိုစိတ်ပျက်ပြားလာမယ်။ တွေးခေါ်တီထွင်ကြံဆ လိုစိတ်တွေမရှိ ဖြစ်လာမယ်။ ဆရာ၊ မိဘကို အားကိုးလွန်ပြီး ဆရာ၊ မိဘ သူတို့ဖြစ်ချင်ရာ၊ အတင်းကြိုးဆွဲရာကလာ ကြရတယ်။ မိဘ၊ ဆရာတွေကလည်း သူတို့လိုအပ်သလိုကလေးတွေကို အရုပ်ကလေးများသဖွယ် ကြိုးဆွဲလာကြမယ်။

နေရာတကာမှာ ခွဲခြားဆက်ဆဲခံနေရသူများ ရှိပါတယ်။ ရိုးရိုးသားသားနဲ့ မှန်မှန်ကန်ကန် ကြိုးစားတဲ့ လူတော်လူကောင်းက အနှိမ်ခံဘဝလူမိုက်တွေကြားမှာတော့ နေရာမရကြဘူး။ မရိုးသားသူ၊ ဆိုးသူ၊ ညံ့သူတွေက ဆရာတပည့်မွေးပြီးနေရာတွေ ရနေကြတယ်။ အစိုးရကျောင်းတွေမှာဆိုရင် အတန်းပိုင် ဆရာမအဖွဲ့ကို ကျူရှင်ယူနိုင်တဲ့ကလေးက မေးခွန်းရကြတယ်။ ကလေးတွေမှာ စာမေးပွဲရမှတ်က ကောင်းကောင်းရတယ်ဆိုပြီး တတ်သယောင်ယောာင်၊ ယောင်သယောင်ယောင် ဖြစ်နေကြတယ်။ ခေတ်နဲ့အညီပေါ်လာတဲ့ မိုးကျရွှေကိုတွေလေ။ သူတို့က အရည်အချင်းမမီပေမယ့်၊ အရည်အချင်းမစစ် မှန်ပေမယ့် တော်တဲ့ S ခန်း၊ A ခန်းတွေမှာ တက်ခွင့်ရနေကြတယ်။

မိဘတွေကလည်း သူတို့သားသမီးတွေရဲ့ အရည်အချင်းမမီတာကို ဟန်ဆောင်ပြီှး မကြည့်မြင်ကြဘူး။ အမှတ်များများနဲ့ ပထမ၊ ဒုတိယရနေတာကိုပဲ ဂုဏ်ယူမဆုံးရှိနေကြတယ်။ ဘုန်းကြီးရူးနဲ့လှေလူး ဘဝတွေ၊ ပညာရေးလုပ်ပိုင်ခွင့်ရှိသူတွေ၊ မိဘတွေ၊ ဆရာ၊ ဆရာမတွေ၊ ကျောင်းသားတွေရဲ့ပညာကို အလွဲသုံးစားလုပ်နေကြတာက ထင်ထင်ရှားရှားပါ။

မိဘတွေဟာ ကလေးတွေရဲ့ လတ်တလောဂုဏ်ပကာသန ရရှိရေးကိုသာကြည့်ပြီး ကလေးတွေရဲ့ ရေရှည်ဘဝကောင်းဖို့ကို မကြည့်မြင်ကြဘူး။ သားသမီးကို ချစ်ရာမရောက်၊ နှစ်ရာရောက်နေရတဲ့ အဖြစ်တွေပါ။ ရိုးရိုးသားသား မှန်မှန်ကန်ကန် ကြိုးစားတဲ့သူတွေအတွက် ရေရှည်ဘဝကြီးက လှပလာ မှာပါ။ ကျောင်းကဆရာ၊ ဆရာမတွေရဲ့ ကျူရှင်ကိုမယူလို့ ဆရာ၊ ဆရာမတွေနဲ့ မပြေလည်တော့ ခွဲခြား ဆက်ဆံခံရမှုတွေ ရှိနေပါတယ်။ ကလေးတွေအတွက် လောလောဆယ် စိတ်ပျက်စရာဆိုပေမယ့် ရိုး သားကြိုးစားမှန်ကန်တဲ့သူတွေအတွက် ရေရှည်ဘဝကြီးက လှပလာမှာပါ။

မအောင်မနေရ ပညာရေးစနစ်ကြီးက အမှားကြီးမှားခဲ့ပါတယ်။ တချို့အစိုးရကျောင်း၊ ပုဂ္ဂလိကကျောင်း တွေမှာ ပညာရေးလုပ်ပိုင်ခွင့်ကိုအာဏာနဲ့ အလွဲသုံးစားလုပ်နေကြတာ ပေါ်ပေါ်ထင်ထင်ပါ။ မအောင် သင့်သူ၊ အခြေခံမခိုင်သူ၊ အရည်အချင်းမရှိသူကို အရည်အချင်းထက် အရေအတွက်ကိုကြည့်ပြီး တန်း စဉ်အအောင်ပေးနေကြတယ်။ အဲဒီ့အခြေခံ မပိုင်တဲ့ကလေးဟာ တက္ကသိုလ်ဝင်တန်းအစိုးရစစ်မှာတော့ ခွေးကျဝက်ကျကျတော့တာပါပဲ။ အစိုးရကျောင်းဖြစ်စေ၊ ပုဂ္ဂလိကကျောင်းဖြစ်စေ ပညာရေးကို အလွဲ သုံးစားလုပ်နေကြသူတွေ လုပ်နေကြတာကို သက်ဆိုင်ရာကမသိကျိုးကျွန်ပြုနေကြတယ်။

လူ့စွမ်းအားအရင်းအမြစ် အစစ်အမှန်ဖော်ထုတ်ရေးအတွက် နိုင်ငံတော်က လက်တွေ့ကျကျ အရေးယူ အကောင်အထည်ဖော်ဖို့ လိုအပ်နေပါပြီ။ ဥပမာ-အရင်ခေတ်က ကျင့်သုံးခဲ့တဲ့ စတုတ္ထတန်း၊ အဋ္ဌမတန်း နဲ့ဒသမတန်းတွေကို အစိုးရစစ်လုပ်ခြင်းဟာ အခုပြစားနေတဲ့ လုပ်ပိုင်ခွင့်အလွဲသုံးစားလုပ်နေတဲ့ ပညာ ရေးကို ကုစားနိုင်မယ့်နည်းတစ်နည်းပါ။ ဒီလိုမှန်ကန်တဲ့ ပညာရေးဖွံ့ဖြိုးမှု Plan ကိုအကောင်အထည် ဖော်ဖို့အတွက် နိုင်ငံတော်ကဘာကြောင့်နှောင့်နှေးနေရတာလဲ။

နောင်စာသင်နှစ်မတိုင်မီမှာ ကျောင်းသားမိဘအများပြည်သူသိသာဖို့ ပွင့်ပွင့်လင်းလင်းကြိုကြိုတင်တင် အသိပေးထားဖို့လိုအပ်နေပါပြီ။ ပန်းတိုင်ကို ပီပီပြင်ပြင်မြင်ရမှ ရည်ရွယ်ချက်ကိုလည်း ခိုင်ခိုင်မာမာ ထားနိုင်မှာပါ။ ပညာရေးကင်ဆာရောဂါအလွန်အကျွံမပြန့်ပွားခင် ကြိုတင်ကာကွယ်ကုသကြရမှာပါ။

တစ်ခါက ငွေကြေးတတ်နိုင်တဲ့ မိဘကဆိုလာပါတယ်။ သူ့သမီးလေးဟာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ ကိုးတန်းအထိ တန်းစဉ်ဂုဏ်ထူးတွေနဲ့ ပထမရခဲ့တယ်ဆိုပါတယ်။ သူ့သမီး ၁၀ တန်းအ တွက် သင်္ချာဝိုင်းကျူရှင် ဆရာစံဆီလာအပ်ပါတယ်။ အခြားဘာသာရပ်တွေမှာလည်း ကောင်းပေ့ဆိုတဲ့ ပါမောက္ခဆရာကြီးတွေ၊ ကျူရှင်ဆရာကြီးတွေ သင်ကြပါတယ်။ ကလေးရဲ့ဖခင်က သူ့သမီးရဲ့ပညာ အတိုင်းအတာကို အမှန်သိရှိပေမယ့် မိခင်ဖြစ်သူကအမှန်အတိုင်းမသိပါဘူး။ သူမဖြစ်ချင်တာကို ပြော ပါတော့တယ်။ သူ့သမီးကိုဆရာဝန်ဖြစ်စေချင်တဲ့အကြောင်း All D ပါအောင်သင်ပေးကြပါ။ ငွေဘယ် လောက်ကုန်ကုန်ဆိုတဲ့ အကြောင်းတွေပါ။

လက်တွေ့သင်ကြားကြည့်တော့မှ လက်ခံသင်ကြားမိတာ မှားပြီဆိုတာ သိလာရပါတယ်။ ယင်း ကျောင်းသူက အခြေခံလုံးဝမပိုင်သလို ဉာဏ်ရည်အဆင့်က မမီပါဘူး။ အောင်ဖို့ပင် အနိုင်နိုင်ပါ။ ဘယ်လိုကျောင်းကများ ဒီသူငယ်မကို ဂုဏ်ထူးတွေပေးလိုက်ကြပါသလဲ။ မိဘတွေနဲ့ရင်းနှီးနေတာက တစ်ကြောင်း၊ မျှော်မှန်းချက်ကြီးလှတဲ့ မိခင်ဖြစ်သူစိတ်မကောင်းဖြစ်သွားမှာ စိုးရိမ်မိတာကတစ် ကြောင်း၊ ကလေးရဲ့အဖြစ်မှန်ကို မပြောမိခဲ့ကြတာ ဆရာစံတို့အမှားပါ။ တိုတိုပြောရရင် အဲဒီနှစ်ကအဲ့ဒီ ကျောင်းသူ ဘာသာစုံကျပါတယ်။

နောက်ဆက်တွဲ အဲဒီမိခင်ကဆရာစံတို့သင်ကြားတဲ့ဆရာတွေကို နှစ်ပြားမတန်အောင် ပြောပါတော့ တယ်။ ဘာပါမောက္ခဆရာကြီးတွေလဲ၊ ကျူရှင်ဆရာကြီးတွေလဲ၊ ငွေဘယ်လောက်ကုန်ကုန် အကုန်ခံ မယ်ပြောရဲ့သားနဲ့ ဘာမှမစွမ်းဆောင်နိုင်ကြပါဘူး။ ဂုဏ်ထူးပါဖို့နေနေသာသာ အောင်ဖို့တောင် မဖန် တီးနိုင်ကြတဲ့ ဆရာတွေ၊ ကြည့်နေကြပါ။ နောက်နှစ်မှမေးခွန်းဝယ်ပစ်လိုက်ဦးမယ်။

နိုင်ငံခြားတိုင်းပြည်မှာ ပညာသင်ကြားပြလိုက်ဦးမယ် စသည်ပေါ့လေ။ သာသမီးချစ်တဲ့ဇောနဲ့ သားသမီး အခြေအနေကို မသိ၊ ပြောချင်ရာပြော၊ လုပ်ချင်ရာလုပ်ပါတော့တယ်။ နောက်နှစ်တွေမှာတော့ အဲဒီမိဘ နှစ်ပါးပညာရေးမှာ အကြီးအကျယ်အလိမ်ခံလိုက်ရပါတယ်။

ပညာရေးဆိုတာ နတ်ရေကန်ထဲချလို့ အလိုလိုကြီးထွားလာမှာ မဟုတ်ပါဘူး။ 'ဝ' မရှိဘဲ ဝိလုပ်လို့ မရပါဘူး။ အာဏာရှင်ကပညာအတတ်ကို ဖန်ဆင်းလို့မရပါဘူး။ လမ်းညွှန်ပံ့ပိုးပေးတဲ့ ဆရာမိဘ ကောင်းဖို့၊ မှန်ဖို့လိုသလို ကာယကံရှင်ကလေးရဲ့ ပင်ကိုအသိ၊ ပင်ကိုဉာဏ်၊ ပင်ကိုပါရမီနဲ့ အဆင့်ဆင့် စနစ်တကျ သင်ယူကြိုးစားအားထုတ်ခြင်းဟာ အဓိကပဓာနကျပါတယ်။ တချို့က မြန်မာနိုင်ငံမှာရှိတဲ့ အင်္ဂလိပ်လိုသင်ကြားနေတဲ့ ပုဂ္ဂလိကကျောင်းတွေကို အထင်ကြီးရောဂါဝင်နေကြပါတယ်။

တချို့နိုင်ငံတကာ ပုဂ္ဂလိကကျောင်းမှာ တက်ရောက်သင်ကြားနေသူတွေဟာ အဲဒီကျောင်းရဲ့ အောင် လက်မှတ်နဲ့ နိုင်ငံခြားမှာရှိတဲ့အစိုးရနဲ့ ပုဂ္ဂလိကကျောင်းတွေမှာ တက်ရောက်ခွင့်ရရှိကြဖို့ အလွန်နည်း ပါးပါတယ်။ တချို့မြန်မာပြည်က ပုဂ္ဂလိကနိုင်ငံတကာကျောင်းတွေဟာ မြန်မာအစိုးရကျောင်းတွေနဲ့ ချိတ်ဆက်သင်ကြားမှုမရနိုင်ကြသေးဘဲနဲ့ နိုင်ငံတကာတက္ကသိုလ်တွေရဲ့ ချိတ်ဆက်မှုရှိကြတယ်တာက တော့ စဉ်းစားစရာပါ။ အစစအရာရာ ဖြစ်နိုင်၊ မဖြစ်နိုင် သတိထားရမယ့်အချက်တွေပါ။

ဥပမာ-စင်ကာပူနိုင်ငံမှာရှိတဲ့ Polytechnic ကျောင်းတွေဟာ မြန်မာ Marticulation (တက္ကသိုလ် ဝင်တန်း) သို့မဟုတ် နိုင်ငံတကာ GCE-O Level သို့မဟုတ် IGCSE အနည်းဆုံး ငါးဘာသာဖြေဆိုလို့ ကျေနပ် လက်ခံလောက်တဲ့ အမှတ် (သို့မဟုတ်) Grade ရရှိမှသာ တက်ရောက်ခွင့် (Admission) ရရှိ ဖို့စဉ်းစားပါတယ်။ အခုမြန်မာပြည် ပုဂ္ဂလိကကျောင်းတွေရဲ့ အောင်လက်မှတ်နဲ့ မစဉ်းစားပါဘူး။

မြန်မာပြည်နိုင်ငံတကာ ပုဂ္ဂလိကကျောင်းတစ်ကျောင်းမှာ ကျောင်းပြီးအောင် တက်ခဲ့ရ တဲ့ကျောင်းသူ လေးတစ်ယောက်အကြောင်း ပြောပါမယ်။ အဲဒီ့ကျောင်းက အဲဒီ့ကျောင်းသူလေးကို GCE-A Level နဲ့ ညီတယ်လို့သတ်မှတ်ပြီး လက်မှတ်ထုတ်ပေးလိုက်ပါတယ်။ အဲဒီ့ကျောင်းသူရဲ့ မိဘနှစ်ပါးပါလိုက်ပါပြီး စင်ကာပူနိုင်ငံမှာရှိတဲ့ ကျောင်းတစ်ကျောင်းမှာ ကျောင်းအပ်တဲ့အခါ မြန်မာပြည်က ပုဂ္ဂလိကကျောင်း ကိုအသိအမှတ်မပြုကြောင်း၊ ဝင်ခွင့်စစ်ဆေးမည်ဖြစ်ကြောင်း ပြောပါတယ်။ ဝင်ခွင့်စစ်ဆေးတဲ့အခါမှာ Secondary (2) မြန်မာပြည်ရှစ်တန်းအဆင့်လောက်သာရှိကြောင်း တွေ့ရှိရလို့ စင်ကာပူကျောင်း မတက်နိုင်ခဲ့ပါဘူး။ Secondary (3) နဲ့ (4) ပြီးမှ Junior College (မြန်မာ ၁၁ တန်း) တက်ခွင့်ရကြမှာ ပါ။ GCE-A Level အောင်မှ တက္ကသိုလ်တက်ခွင့်ရကြမှာပါ။

အဲဒီ့ကျောင်းသူလေးခမျာ မြန်မာနိုင်ငံက ပုဂ္ဂလိကကျောင်းမှာ အချိန်တွေကုန်၊ အသက်တွေကြီးသွား ခဲ့ပေမယ့် သူလိုချင်တဲ့အဆင့်မီဖို့ဆိုတာ နောက်ထပ်သုံး၊ လေးနှစ်လောက် မှန်ကန်တဲ့အတွေး၊ မှန်ကန် တဲ့အမြင်၊ မှန်ကန်တဲ့လမ်းစဉ်နဲ့ ကြိုးစားရဦးမှာပါ။ အချိန်ကတော့လူကိုမစောင့်ပါဘူး။

ကျွန်တော်တို့နိုင်ငံမှာက ဒီမိုကရေစီမွေးဖွားစနုနယ်ပါသေးတယ်။ နိုင်ငံတကာပညာအဆင့်အတန်းမီဖို့ ဆိုတာက အစိုးရကျောင်းတွေ၊ ပုဂ္ဂလိကကျောင်းတွေ၊ ကျူရှင်ကျောင်းတွေသာမက ဆရာ၊ မိဘ၊ ကျောင်းသားတွေ ဖြတ်လမ်းကမလိုက်ကြဘဲ မှန်ကန်တဲ့အမြင်၊ မှန်ကန်တဲ့အတွေး၊ မှန်ကန်တဲ့လမ်းစဉ် တွေနဲ့တက်ညီလက်ညီ ရုန်းကန်ကြိုးစားကြဖို့၊ ရင်းနှီးကြဖို့လိုပါသေးတယ်။

စံတော်ချိန်သတင်းစာ

အတွဲ(၂)၊ အမှတ်(၃၉၀)၊ မေလ(၁၄) ရက်၊ ၂၀၁၄ ခုနှစ်
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...