မသန်စွမ်း ညီငယ်အတွက် အစ်ကို ပြသခဲ့သည့် ထူးထူးခြားခြား ချစ်မေတ္တာ
အမေရိကန်မှ အသက် (၈)နှစ် အရွယ် ကလေးငယ် တစ်ဦးသည် လမ်း မလျှောက်နိုင် ရှာသည့် အာရုံကြော ဝေဒနာသည် ညီငယ်ကို အတူခေါ် ဆောင်ရင်း Triathlon ခေါ် အားကစား (၃)မျိုး ပြိုင်ပွဲကို အောင်မြင် ပြီးမြောက်အောင် ယှဉ်ပြိုင် ပြခဲ့ကြောင်း သိရှိရသည်။
အင်ဒီယာနာရှိ ဘွိုင်စီတွင် နေထိုင်သည့် အသက် (၆)နှစ် အရွယ် ကလေးငယ် လူးကက်စ် အဲလ် ဒရစ်ခ်ျ လေးသည် ရှားပါးသည့် အာရုံကြော ဆိုင်ရာ ရောဂါ တစ်ရပ်ကို ခံစားနေရ သူ ဖြစ်သည်။ Lissencephaly ခေါ် မူမမှန်သည့် အာရုံကြော အခြေအနေ တစ်ရပ်ကြောင့် လူးကက်စ်ခမျာ စကား မပြောနိုင်၊ လမ်းမလျှောက်နိုင် သည့်အပြင် သာမန်ထက် သက်တမ်းတိုတို နေထိုင် ရလိမ့်မည်ဟု ဆရာဝန်များက ကောက်ချက်ချထားသည်။
သနားစရာ ကောင်းလှသည့် လူးကက်စ်လေး၏ ဘဝတွင် အကောင်းဆုံး မိတ်ဆွေမှာ အသက်(၂)နှစ် ပိုကြီးသည့် အစ်ကိုဖြစ်သူ နိုအာအဲလ်ဒရစ်ခ်ျ ဖြစ်သည်။ နိုအာသည် ညီငယ်ကို ပျော်ရွှင်အောင် အတတ်နိုင်ဆုံး ကြိုးစားပေးလေ့ရှိပြီး လူးကက်စ်အနားတွင် အမြဲလိုလို အချိန်ပေး နေထိုင်လေ့ ရှိသည်။ တစ်နေ့တွင်မူ နိုအာသည် ၎င်းချစ်မြတ်နိုးသည့် ညီငယ် လူးကက်စ်ကို စိတ်ဓာတ် မြှင့်တင်ပေးနိုင်မည့် နည်းလမ်းတစ်ခုကို ကြံဆမိပြီး လက်တွေ့လည်း အကောင်အထည် ဖော်ခဲ့သည်။

အဆိုပါ အစီအစဉ်မှာ Triathlon ခေါ် (၃)မျိုးပေါင်းစပ် အားကစားပြိုင်ပွဲတွင် လူးကက်စ်နှင့် အတူ ပါဝင် ယှဉ်ပြိုင်ခြင်း ဖြစ်သည်။ “သူတို့နှစ်ယောက်မှာ အရမ်းထူးခြားတဲ့ တွယ်တာမှုမျိုး ရှိနေသလိုပဲ။ လူးကက်စ် က အခန်းထဲ နိုအာဝင်လာရင် သိသိသာသာ ရွှင်လန်းသွားတတ်တယ်။ ဒီကလေး နှစ်ယောက်ရဲ့ ချစ်ခင်မှု ကို တွေ့မြင်ရသူတိုင်း မပြုံးဘဲ မနေနိုင်ဘူးလေ”ဟု ကလေးနှစ်ဦး၏ ဖခင်ဖြစ်သူ ဘရိုင်ယန်က ဆိုသည်။ နိုအာသည် ညီငယ်ဖြစ်သူနှင့် TV အတူကြည့်ခြင်း၊ လူးကက်စ်ကို တွန်းလှည်းပေါ်တင်ပြီး ခြံထဲတွင် လှည့်လည် ပြသခြင်း တို့ကိုလည်း ပြုလုပ်လေ့ ရှိသည်။
နိုအာတို့ မိသားစုသည် ဘဝတွင် ရှင်သန်နေထိုင်ရသည့် အခိုက်အတန့်လေးအတွင်း လူးကက်စ်ကို အတတ်နိုင်ဆုံး ပျော်ရွှင်အောင် ထားရှိရန် ဆုံးဖြတ်ထားကြသည်။ တစ်နေ့တွင် YMCA Kids Club က စီစဉ်သည့် ကလေးများအတွက် Triathlon ပြိုင်ပွဲအကြောင်း နိုအာ သတင်းကြား လာခဲ့သည်။ “မေမေ၊ အဲဒီပွဲမှာ ကျွန်တော့် ညီလေးနဲ့တူတူ သွားပြိုင်ချင်တယ်”ဟု ၎င်းက မိခင်ဖြစ်သူ အေလစ်ဆာကို ပူဆာ ခဲ့သည်။ “သားက ကျွန်မကို ခွင့်တောင်းပြီး နောက်တစ်နေ့မှာပဲ ကျွန်မတို့ရဲ့ လေ့ကျင့်ခန်း အစီအစဉ် တွေကို စတင်ခဲ့ပါတယ်”ဟု အေလစ်ဆာက ပြောကြားခဲ့သည်။
(၃)လတာ အတောအတွင်း နိုအာသည် လူးကက်စ်လေးကို လှည်းပေါ်တင် တွန်းပြီး မိဘများနှင့်အတူ အပြေးလေ့ကျင့်သည်။ ရော်ဘာလှေ တစ်စီးပေါ်တွင် လူးကက်စ်ကို တင်ပြီး လှေကို လက်တွင် သံကြိုးဖြင့် ချိတ်ဆွဲကာ ရေကူးလေ့ကျင့်သည်။ ထို့အပြင် လူးကက်စ်ကို နောက်ခုံပေါ်တင်ပြီး စက်ဘီးစီးနိုင်အောင် လည်း နိုအာက ပြင်းပြင်းထန်ထန် ကြိုးစားပြင်ဆင်ထားခဲ့သည်။ Triathlon ပြိုင်ပွဲတွင် မီတာ(၂၀၀) ရေကူးခြင်း၊ (၃)မိုင် စက်ဘီးစီးခြင်းနှင့် (၁)မိုင် အပြေးပြိုင်ခြင်းတို့ ပါဝင်သည်။
ယခုလလယ်က ကျင်းပခဲ့သည့် ပြိုင်ပွဲနေ့တွင် စိတ်လှုပ်ရှားနေကြောင်း နိုအာက ဝန်ခံခဲ့သည်။ သို့သော် လည်း ပြိုင်ပွဲစတင်သည်နှင့် ကျန်သော အရာများကို မေ့ထားပြီး ညီငယ်ကို တစ်ပါတည်း ဆောင်ယူကာ ကြိုးကြိုးစားစားနှင့် အပင်ပန်းခံ ပြိုင်ပွဲဝင်ခဲ့သည်။ စိန်ခေါ်မှု အားလုံးကို ကျော်ဖြတ်ပြီးနောက် နိုအာနှင့် လူးကက်စ်တို့သည် ပန်းတိုင် သတ်မှတ်စည်းကို အောင်မြင်စွာ ကျော်ဖြတ် ပန်းဝင်လာချိန်တွင် မိဘနှစ်ပါးနှင့် ပရိသတ်များက သောင်းသောင်းဖြဖြ အားပေးခဲ့ကြသည်။ နိုအာသည် လူးကက်စ်နှင့်အတူ Triathlon ပြိုင်ပွဲ အစအဆုံးကို (၅၄)မိနစ်ကျော်မျှဖြင့် ပန်းဝင်အောင် ယှဉ်ပြိုင်နိုင်ခဲ့သည်။
_Ref: Dailymail

“မိဘတွေ အနေနဲ့တော့ ကျွန်မတို့ဟာ သူတို့ပြိုင်ပွဲ ဝင်တာ ကို ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့် ခဲ့ရပါတယ်။ ဒါပေမဲ့ သူတို့တွေ အကောင်းဆုံး လုပ်ပြနိုင်ခဲ့တယ်။ ကျွန်မရဲ့ သားတွေ အတွက် အရမ်း ဂုဏ်ယူ မိပါတယ်”ဟု အေလစ်ဆာ က သတင်းထောက် များအား ပြောကြား ခဲ့သည်။
လူးကက်စ်သည် ပျမ်းမျှအားဖြင့် ကလေးငယ် (၈၅၄၇၀) ဦးတွင် တစ်ဦးမျှသာ ဖြစ်နိုင်သည့် ရှားရှားပါးပါး ဝေဒနာမျိုး ကို ခံစားနေရခြင်း ဖြစ်သည်။ အေလစ်ဆာက သူမ၏ ကိုယ်ဝန်ဆောင် အတွေ့အကြုံသည် သာမန်အတိုင်း သာဖြစ်ပြီး ထူးခြားမှု မရှိခဲ့ဟု ဆိုသည်။ လူးကက်စ် (၃)လသား အရွယ်တွင် အငိုမတိတ်နိုင် ဖြစ်နေသည့် နောက် စစ်ဆေးမှုများ ခံယူရာမှ Lissencephaly ဝေဒနာ ခံစားနေကြောင်း သိရှိလာရသည်။
“လူးကက်စ်က လမ်းလည်း မလျှောက်နိုင်ဘူး။ စကားလည်း မပြောနိုင်ဘူး။ ဒါပေမဲ့ လူးကက်စ်လေးက သူ့ကို အချစ်ခင်ဆုံး လူတွေ ရှိနေတဲ့အတွက် ကမ္ဘာပေါ်မှာ အပျော်ဆုံး လူတစ်ယောက် ဖြစ်နေမယ်လို့ ကျွန်မ ယုံတယ်”ဟု အေလစ်ဆာက ပြောကြားခဲ့သည်။

7Day Daily
No.454 Tuesday, July 29, 2014
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

- (အရှေ့သို့) ရှားပါးလာသော ၀ိဇ္ဇာများ Flibanserin အမျိုးသမီးတွေ အတွက်ဆေး ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' Samsung Multipackage Firmware Collection I Mobile I Style 2.8 ကို Offical Firmware ပြန်တင်နည်းJAVA leaning Myanmar (PDF)ကြေကွဲစရာကောင်းခဲ့တဲ့ လက်ထပ်မင်္ဂလာပွဲ
- (အနောကျသို့) ဟီရိုရှီးမားကို အဏုမြူဗုံး ကြဲ ခဲ့သည့် လေ ယာဉ် မှ နောက် ဆုံး အသက်ရှင် ကျန်ရစ်သူ ကွယ်လွန် Flibanserin အမျိုးသမီးတွေ အတွက်ဆေး ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး' Samsung Multipackage Firmware Collection I Mobile I Style 2.8 ကို Offical Firmware ပြန်တင်နည်းJAVA leaning Myanmar (PDF)ကြေကွဲစရာကောင်းခဲ့တဲ့ လက်ထပ်မင်္ဂလာပွဲ