ပျော်ရွှင်ခြင်းရဲ့ အနှစ်သာရ

ဘဝမှာ တချို့က အကောင်းမြင်သူ (ပျော်ရွှင်တဲ့သူ)၊ တချို့က အဆိုးမြင်သူ (မပျော်ရွှင်သူ) အဖြစ် ကျွန်တော်တို့ တွေ့နေ ရတယ်။ ဒါဟာ ဘာကြောင့်လဲ၊ တကယ်တော့ လောကကြီးက ဘာမှပြောင်းလဲမသွားဘူး။ လူတွေရဲ့စိတ်နေ သဘောထားက ပြောင်းလဲနေလို့ ဖြစ်ပါတယ်။

"အကောင်းမြင် သူမြင်တာက ချိုတဲ့ ဒိုးနပ်ဖြစ်တယ်။ အဆိုးမြင်သူ မြင်တာက ဒိုးနပ်အလယ်က သေးငယ်တဲ့ အပေါက်ကို ဖြစ်တယ်"

တစ်လောက ဒိုးနပ်ရောင်းတဲ့ဆိုင်တစ်ဆိုင်ရဲ့ ဆိုင်းပုဒ်တစ်ခုကို ကျွန်တော်တွေ့လိုက်တယ်။ ဆိုင်းပုဒ်ပေါ် ရေးထားတာက...
"အကောင်းမြင်သူနဲ့ အဆိုးမြင်သူရဲ့ ခြားနားချက်ဟာ အရမ်းသေးငယ် လွန်းတယ်။ အကောင်းမြင်သူ မြင်တာက ချိုတဲ့ဒိုးနပ်ဖြစ်တယ်။ အဆိုးမြင်သူ မြင်တာက ဒိုးနပ်အလယ်က သေးငယ်တဲ့ အပေါက်ကိုဖြစ် တယ်"။ တိုတိုတုတ်တုတ်နဲ့ ဟာသနှောတဲ့ ဒီစာကြောင်းက ပျော်ရွှင်ခြင်းရဲ့ သဘာဝတရားကို ဖော်ပြနေ တယ်။

တကယ်တော့ လူတွေရဲ့မျက်စိနဲ့ မြင်တဲ့အရာတွေဟာ အရာဝတ္ထုရဲ့ လုံးလုံးလျားလျား ပုံသဏ္ဌာန်ကို မဟုတ်ပါဘူး။ သူတို့မြင်တာက သူတို့လိုချင်နေတဲ့၊ သူတို့ရှာဖွေနေတဲ့ ပုံစံကိုပဲဖြစ်တယ်။ အကောင်းမြင် သူနဲ့ အဆိုးမြင်သူတို့ဟာ လိုချင်တာ မတူကြဘူး။ ရှာဖွေတာ မတူကြဘူး။ ဒါကြောင့် တူတဲ့ အရာဝတ္ထု တစ်ခုပေါ်မှာ မြင်တဲ့အမြင်ဟာကွဲပြားပြီး မတူတဲ့ စိတ်သဘောထားနှစ်ခု ဖြစ်ကြရပါတယ်။

တစ်နေ့မှာ ရတနာအရောင်းဆိုင်က အရောင်းကောင်တာမှာ ကျွန်တော်ရပ်နေခဲ့တယ်။ စာအုပ်တွေ ထည့်ထားတဲ့ အထုပ်တစ်ထုပ်ကို ကောင်တာပေါ် ကျွန်တော်ထင်ထားပါတယ်။ တအောင့်နေတော့ အဝတ်အစား သပ်သပ်ရပ်ရပ်၊ ခန့်ခန့်ညားညားနဲ့ လူတစ်ယောက်ဝင်လာတယ်။ ကောင်တာရှေ့မှာရပ်ပြီး ရတနာတွေကို သူကြည့်တယ်။ ကျွန်တော်က ယဉ်ယဉ်ကျေးကျေးနဲ့ ကောင်တာပေါ်တင်ထားတဲ့ ကျွန်တော့် အထုပ်ကို နေရာရွေ့ပေးလိုက်တယ်။ အဲဒီမှာ အဲဒီလူဟာ ကျွန်တော့်ကို ဒေါသတကြီးနဲ့ ကြည့်ပြီး သူဟာဖြောင့်မှတ်တဲ့သူ ကျွန်တော့်အထုပ်ကို အလစ်သုတ်တဲ့စိတ် တစ်စက်မှမရှိဘူးလို့ ပြောတယ်။ သူ့ကို ကျွန်တော် မယုံသင်္ကာဖြစ်တယ်ဆိုပြီး တံခါးကိုဆောင့်ပိတ်ပြီး ဆိုင်ထဲကနေ သူထွက် သွားခဲ့တယ်။ ကျွန်တော် အရမ်းအံ့သြမိတယ်။ ကျွန်တော် မတော်တဆပြုလိုက်တဲ့ သေးငယ်တဲ့ အပြုအမူ တစ်ခုက သူ့ကို အကြီးအကျယ် ဒေါသဖြစ်သွားစေခဲ့တယ်။ နောက်မှ ကျွန်တော် သုံးသပ်မိတာက သူနဲ့ကျွန်တော်ဟာ ခြားနားတဲ့ လောကကြီးထဲမှာ ရှိနေသလိုပါပဲ။ တကယ်တော့ လောကကြီးက ဘာမှမပြောင်းလဲဘူး။ ခြားနားတာက သူနဲ့ကျွန်တော်ရဲ့ အရာဝတ္ထုတစ်ခုပေါ်မြင်တဲ့ စိတ်နေသဘောထား ပဲဖြစ်ပါတယ်။

အဲဒီအဖြစ်အပျက် ဖြစ်ပျက်ပြီး ရက်အနည်းငယ်အကြာ မနက်ခင်းတစ်ခုမှာ ကျွန်တော်အိပ်ရာကထတာနဲ့ စိတ်မကြည်လင်ဖြစ်နေခဲ့တယ်။ ဒီတစ်နေ့ကို ခါတိုင်းလိုပဲ သမားရိုးကျ အလုပ်တွေနဲ့ ဖြတ်ကျော်ရဦးမယ်။ လောကကြီးက ပျင်းရိငြီးငွေ့စရာကောင်းလိုက်တာလို့ ကျွန်တော်ခံစားမိတယ်။ မြို့ထဲအလုပ်ရှိရာသွားဖို့ ကားတွေရှုပ်ထွေးများပြားတဲ့ လမ်းမပေါ်မှာ ကားမောင်းရင်း ကျွန်တော်အလိုလို ဒေါသထွက်နေခဲ့မိတယ်။ ဒီလောက်တုံးအ,တဲ့ ကားဆရာတွေဟာ ဘာဖြစ်လို့ ကားမောင်းလိုင်စင်ကို အလွယ်တကူ ရခဲ့ကြတာလဲ၊ ကားကို အရမ်းမြန်လိုက်၊ အရမ်းနှေးလိုက်နဲ့ မောင်းနေတဲ့ကားဆရာတွေရဲ့ လိုင်စင်တွေကို သိမ်းပစ်လိုက် ဖို့ ကောင်းတယ်လို့ ကျွန်တော်တွေးနေမိတယ်။

အဲဒီနောက် လမ်းခွတစ်ခုမှာ ထရပ်ကားတစ်စီးနဲ့ ကျွန်တော်ကား ပြိုင်တူရောက်သွားပါတယ်။ ထရပ်ကား မောင်းသူကို ကြည့်ပြီး ကျွန်တော့်စိတ်ထဲ တွေးနေတာက "ဒီကောင် ကားကြီးမောင်းတယ် ဆိုပြီး တဟုန်ထိုး ရှေ့ကို ကျော်တက်တော့မယ်"။ ဒါပေမယ့် ထရပ်ကားဆရာဟာ ကားပြတင်းကနေ ရွှင်ပျတဲ့ အပြုံးနဲ့ ကျွန်တော့်ကို အရင်သွားပါဆိုပြီး လက်ပြနှုတ်ဆက်နေခဲ့တယ်။ လမ်းခွကို ကျွန်တော်အရင် ကျော်ဖြတ်နေချိန် ကျွန်တော့် ဒေါသစိတ်တွေဟာ အလိုလိုနေရင်း ပျောက်သွား ခဲ့တော့တယ်။ ကျွန်တော့် စိတ်တွေ ပေါ့ပါးလန်းဆန်း လာခဲ့ပါတယ်။

ထရပ်ကားဆရာရဲ့ အပြုအမူဟာ ကျွန်တော့်ကို အခြားလောကထဲ ရောက်သွားစေသလိုပါပဲ။ တကယ် တော့ လောကကြီးက ဘာမှမပြောင်းလဲဘဲ သူ့နဂိုအတိုင်း တည်ရှိနေပါတယ်။ မတူတာက ကျွန်တော်ရဲ့ စိတ်နေသဘောထားပဲဖြစ်တယ်။ လောကမှာ အသက်ရှင်နေသူအားလုံးလည်း ဒီလိုအဖြစ်အပျက်မျိုးကို ကြုံကြရပါလိမ့်မယ်။ ဒီလိုအဖြစ်အပျက်တွေဟာ ပျော်ရွှင်ခြင်းကိုရှာဖို့ ကျွန်တော်တို့အတွက် အကောင်းဆုံး နည်းဖြစ်တယ်။ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းချင်ရင် ပထမဦးဆုံး ပြုပြင်ပြောင်းလဲရမှာက ကျွန်တော် တို့ရဲ့ စိတ်နေသဘောထားကိုပဲဖြစ်တယ်။ ဒါမှ ပျော်ရွှင်တဲ့ဘဝကို ကျွန်တော်တို့ရနိုင်ပါမယ်။ ဒါဟာ ပျော်ရွှင်ခြင်းရဲ့ အနှစ်သာရလို့ ကျွန်တော်မြင်ပါတယ်။


မူရင်းလင့် --- http://www.duwenzhang.com/wenzhang/renshengzheli/ganwu/20070811/650.html

နိုင်းနိုင်းစနေ (Tuesday, February 15, 2011)
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...