နှလုံးခုန်နှုန်းကို ခြေရာခံပေးမည့် နားကြပ်များအတွက် Intel နှင့် SMS Audio ပူးပေါင်း

အမေရိကန် ရက်ပ်ပါ 50 Cent ပိုင်ဆိုင်သည့် SMS Audio နားကြပ် ကုမ္ပဏီနှင့် ပူးပေါင်းပြီး BioSport In-Ear ဟုခေါ်သော ကျန်းမာရေး ခြေရာခံ နားကြပ်များကို ထုတ်လုပ် သွားမည် ဖြစ်ကြောင်း Intel က ပြောကြားခဲ့သည်။

အဆိုပါ နားကြပ်သည် သုံးစွဲသူ လေ့ကျင့်ခန်း ပြုလုပ်နေစဉ် နှလုံးခုန်နှုန်းကို ခြေရာခံပေးနိုင် ကြောင်းနှင့် ၎င်းသည် Intel ၏ ဝတ်ဆင်နိုင်သော ထုတ်ကုန်များကို တွန်းအားပေးသည့် အစိတ်အပိုင်း တစ်ရပ်ဖြစ်သည်။ ချစ်ပ်ကုမ္ပဏီ Intel သည် မတ်လက ကျန်းမာရေးခြေရာခံ လက်ပတ် ထုတ်လုပ်သည့် ကုမ္ပဏီ Basis Science ကို ဝယ်ယူခဲ့ပြီး ပါကင်ဆန် သုတေသနအတွက် မိုက်ကယ်ဂျေဖောက်ဇ် ဖောင်ဒေးရှင်းနှင့် လက်တွဲကာ ဝတ်ဆင်နိုင်သည့် နည်းပညာကို အသုံးပြုပြီး အာရုံကြော အားနည်း၍ ခြေလက်တုန်သော ရောဒါအတွက် သုတေသနနှင့် ကုသမှု ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။

Intel နှင့် SMS Audio တို့ ပူးပေါင်းထုတ်လုပ်မည့် နားကြပ်များသည် ရေစိုဒဏ်ခံနိုင်သည့် Samsung Galaxy S5 Sport နှင့် ကျန်းမာရေးခြေရာခံ လက်ပတ်များကဲ့သို့သော ကျန်းမာရေးအခြေခံ ထုတ်ကုန်များ ပိုမိုကျယ်ပြန့်လာစေမည် ဖြစ်သည်။

အဆိုပါ BioSport In-Ear နားကြပ်များသည် အရေပြားကို ထွင်းဖောက်ကာ သွေးစီးဆင်းမှုကို သိရှိနိုင် သည့် optical sensor များကို အသုံးပြုပြီး သုံးစွဲသူများထံ တိကျသည့် နှလုံးခုန်နှုန်းကို ဖော်ပြပေးနိုင် ကြောင်း ၎င်း sensor များကို third-party ကုမ္ပဏီတစ်ခုက တီထွင်ထားခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် သုံးစွဲသူများသည် ဘော့စတွန်အခြေစိုက် FitnessKeeper မှ ဖန်တီးထားသည့် RunKeeper app ကို အသုံးပြုကာ နားကြပ်မှတစ်ဆင့် နှလုံးခုန်နှုန်းကို ခြေရာခံနိုင်သည့် အပြင် RunKeeper နှင့် စမတ်ဖုန်း GPS စနစ်ဖြင့် သုံးစွဲသူများ၏ ပြေးလွှားသည့် အကွာအဝေး၊ အမြန်နှုန်းတို့ကိုလည်း သိရှိနိုင် မည် ဖြစ်သည်။ ၎င်းနားကြပ်သည် ချွေးစိုဒဏ်နှင့် ရေစိုဒဏ်ခံနိုင်ပြီး ear-hook ဒီဇိုင်းကြောင့် တပ်ဆင် အသုံးပြုရာတွင် သက်သောင့်သက်သာ ရှိစေမည် ဖြစ်သည်။


Ref: CNET
Internet Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...