ကလေးတွေကို ဘယ်အချိန်မှာ iPad ပေးမလဲ

အက်ဒမ်က အမေရိကန်နိုင်ငံ ဆန်အန်တိုနီယိုမြို့မှ တက္ကဆက် ပြည်နယ် ဒါးလ်စ်မြို့ဆီသို့ ငါးနာရီ ကြာခရီးကို ကားမောင်း လာသည်မှာ လမ်းတစ်ဝက်သာ ရောက်ပါ သေးသည်။ သူနှင့်အတူ ဇနီးဖြစ်သူလာရာ နှင့် သမီးလေး နှစ်ဦးလည်းပါသည်။ နောက်ခုံမှာ ထိုင်နေ သော (၂)နှစ် အရွယ်သမီးငယ် ဗစ်တိုရီးယားကစပြီး ကျူကျူ ပါအောင် ငိုပါတော့သည်။

သူက အရုပ်တွေကိုလည်း ဆော့ပြီးပြီ၊ တစ်ရေးလည်း အိပ်ပြီးပြီ။ နောက်ထပ်ချော့စရာ နည်းလမ်းက မကျန်တော့။

‘‘ကျွန်တော့်မိန်းမနဲ့ ကျွန် တော့်မှာလည်း ချော့စရာနည်းက ကုန်ပြီ။ အဲဒီတော့ တစ်ယောက် မျက်နှာတစ်ယောက် ကြည့်ပြီး ပြောလိုက်ရတယ်။ သူ့ကို အိုင်ပက်သာ ပေးလိုက်တော့ဟေ့’’

တကယ်လည်း ကလေးကို သူတို့က အိုင်ပက်(iPad) ထုတ်ပေးလိုက်သည်။ တကယ်ပင် ကားအတွင်းမှာ ငိုသံတွေက ချက်ချင်း တိတ်ဆိတ်သွား ပါတော့သည်။

မိဘတွေအတွက် ကလေးများကို ချော့မော့ရန် လျှပ်စစ်ပစ္စည်း မသုံးမိအောင်နေဖို့က သိပ်ခဲယဉ်းလှသည်။ လျှပ်စစ်ခေတ်ပေါ် ကိရိယာမျိုးစုံကို ယခင်ကထက် ဈေးချိုချိုဖြင့်ရနေသည့်အပြင် ကလေးတွေနှင့် နေရာ တိုင်းလို ထိတွေ့နေသည်။ မိသားစုတိုင်းအတွက် ကားဖြင့်ခရီးသွားရာတွင် ဂျီကျနေသောကလေးများကို ကြာရှည်အာရုံ ဆွဲဆောင်နိုင်တာ၊ နောက်ခုံမှာငြိမ်ငြိမ်လေးနေဖို့ လုပ်နိုင်တာ အိုင်ပက်လို အရာတွေသာ ဖြစ်သည်။

လျှပ်စစ်ခေတ်ပေါ် အသုံးအဆောင် ပစ္စည်းများအပေါ် တပ်မက်လာကြခြင်းက ကလေးငယ်များရှိသော မိဘများအတွက် ပြဿနာအသစ်တစ်ခုဖြစ်လာပြီဟု စိတ်ရောဂါ ပညာရှင်များက ဆိုပါသည်။

‘‘နည်းပညာတွေက နေ့ချင်း ညချင်းဆိုသလိုဖြစ်နေတော့ မိဘတွေက ဘာလုပ်ရမှန်း မသိတော့ဘူး။ ဒါတွေကို သူတို့ဘဝထဲမှာ ဘယ်လိုပုံစံနဲ့ သွင်းရမှန်းမသိတော့ဘူး’’

အမေရိကန်နိုင်ငံ ပင်ဆယ်ဗေးနီးယားပြည်နယ် အင်တာနက် စွဲလမ်းမှုပြဿနာဖြေရှင်းရေး ဌာနကို တည်ထောင်သူ မစ္စကင်ဘာ လေရမ်းက ပြောကြားခြင်းဖြစ်၏။ မိသားစုများအနေဖြင့် နည်းပညာ မသုံး၊ ကွန်ပျူတာမသုံးသည့် အချိန်ကို ညီမျှအောင်ချင့်ချိန်ပြီး အချိန်ဖြုန်းကြဖို့ သူက အကြံပြုပါသည်။

လမ်းခရီးသွားသည့်အခါ မိဘများအနေဖြင့် ကလေးများနေအောင် ရှေးယခင်နည်းလမ်းဟောင်းများကို ပိုသုံးသင့်သည်ဟု သူက ဆိုပါသည်။ လျှပ်စစ် အသုံးအဆောင် ပစ္စည်းများအပြင် အရုပ်၊ စာအုပ်နှင့် စတစ်ကာလို ကလေးများကြိုက်သည့် အရာမျိုးဖြင့် ဆွဲဆောင်ပါဟု မိသားစုနှင့် ကလေးစိတ် ပညာရှင် ဒေါက်တာ ကရင်ဝက်စကင် ကလည်း အကြံပေးသည်။

ထို့အပြင် တတ်နိုင်ပါက ကလေးများကို သူတို့ကြိုက်သည့် ဆောင်ရွက်မှုများကို ခရီးမထွက်မီ မိဘက အတူပူးပေါင်း လုပ်ဆောင် သင့်သည်ဟု ဆိုပါသည်။ ထိုနည်းက ကလေးများသည် လျှပ်စစ်ပစ္စည်း အသုံး အဆောင်များကို အားမကိုးဘဲ သူတို့ဘာသာ ပျော်ရွှင်မှုဖန်တီးနိုင်အောင် မိဘက သင်ကြားပေးရမည်ဟု ဒေါက်တာကရင်က ပြောပါသည်။

အမေရိကန် ကလေးကျန်းမာရေးဌာနကမူ ကလေးများ ကွန်ပျူတာ (သို့မဟုတ်) တီဗီဖန်သားပြင် ကြည့်ရှု မှုကို တစ်နေ့ တစ်နာရီ (သို့မဟုတ်)နှစ်နာရီထက် ပိုနည်းသင့်သည်ဟု ဆိုသည်။ ထို့အပြင် (၂)နှစ် မပြည့်သော ကလေးများကို ထိုကဲ့သို့ ကွန်ပျူတာ ဖန်သားပြင်များနှင့် ထိတွေ့ရန် အားမပေးသင့်ပါဟု ပြောကြား ထားသည်။

ကွန်ပျူတာဖန်သားပြင်က ကလေးများ၏ ကျန်းမာရေးကို ထိခိုက်စေသည် မဟုတ်။ ကွန်ပျူတာသုံးရန် ထိုင်လွန်းရာမှ ကလေးများသည် ခန္ဓာကိုယ် လှုပ်ရှားမှုနည်းပြီး အဝလွန်လာမည်။ ထိုအခါ နှလုံးရောဂါ ဖြစ်လာနိုင်သည်ဟု အမေရိကန် ကလေးကျန်းမာရေးဌာနက သတိပေးထားသည်။

ယခုအခါ မိဘအများစုသည် ကလေးများကို အန္တရာယ် ကင်းသော ဖျော်ဖြေမှုပေးရေးနှင့် နောက်ဆုံးပေါ် လျှပ်စစ်အသုံးအဆောင်များကို အားကိုးပြီး ကလေးကို ကြီးပြင်းစေခြင်း အကြားတွင် ရောက်နေသည်ဟု ခံစားနေရသည်။

‘‘ပထမတော့ နည်းပညာတွေ အသုံးပြုတာကို ဆန့်ကျင်တာပေါ့လေ’’ဟု နယူးယောက်မြို့မှ (၆)နှစ်နှင့် (၃)နှစ်အရွယ် သမီးနှစ်ဦးမိခင် ဖာဘီနာဆူတန်က ပြောသည်။ ဆူတန်နှင့် ခင်ပွန်းသည်က ခရီးသွားလျှင် ကလေးများငြိမ်ငြိမ်နေအောင် စတစ်ကာနှင့်ပုံစာအုပ်များကို ပထမပေးကြသည်။သို့သော်လည်း အချို့ အခြေအနေများတွင် နည်းပညာပစ္စည်းများကူမှသာရသည်ဟု ဆူတန်က ပြောသည်။

‘‘ကလေးတွေကို ခဏခဏ ခုံမှာငြိမ်ငြိမ်ထိုင်ကြနော်လို့ ပြောလွန်းအားကြီးတော့လည်း မကောင်းတော့ ဘူး။ သူတို့မှာလည်း အကြာကြီးကို’’

နောက်ဆုံးတော့ ကလေးများကို ဖုန်းနှင့် တက်ဘလက်များ ထုတ်သုံးပြီးဂိမ်းကစားခွင့်၊ ကာတွန်းကြည့်ခွင့် ပေးလိုက်ရတော့ သည်ဟု ဆူတန်ကဆိုပါသည်။ သို့သော်လည်း အချိန်သတ်မှတ်ကာ ပညာရေးအတွက် ပြုလုပ်ထားသည့် ဂိမ်းများကိုသာ ကစားခွင့်ပေးသည်ဟု သူက ရှင်းပြသည်။

အရီဇိုးနာပြည်နယ် ဘာရတ်မာဆန်ကတော့ ကားမောင်းနေစဉ် သားလေးဂျက်ကော့ ဂျီကျငိုယိုတိုင်း ကားပြတင်းပေါက်ကို ဖွင့်ခြင်း၊ ကားရေဒီယိုအသံကျယ်ကျယ်ဖွင့်ခြင်းတို့ကို လုပ်တတ်သည်။ ထိုစဉ်က ဂျက်ကော့က (၅)နှစ်သားသာရှိသေး၏။

‘‘ဒါပေမဲ့ဗျာ ဘယ်လိုမှချော့လို့မရဘူးဗျ’’

တစ်ချိန်မှာတော့ မစ္စတာမာဆန်က သူ၏စမတ်ဖုန်းကို ကလေးကိုပေးလိုက်သည်။ ထိုအခါ ကလေးက ချက်ချင်းတိတ်သွားပြီး ဖုန်းထဲကဂိမ်းများကို စိတ်တိုင်းကျ ကစားနေတော့သည်။

ယခုအခါ ဂျက်ကော့က (၁၀)နှစ်ရှိပြီ။ သူက ကိုယ်ပိုင်အိုင်ပက်ဖြင့် မိသားစု ခရီးထွက်သည့်အခါတိုင်း စိတ်ကြိုက်ကစားပြီး လိုက်ပါလာတတ်သည်။ တစ်ချိန်တည်းမှာပဲ မစ္စတာမာဆန်၏ သမီးအကြီး (၁၄)နှစ် အရွယ် ဟန်နာကလည်း အိုင်ဖုန်းဖြင့် ဂိမ်းကစားသည်။ ကလေးများ၏ အိုင်ဖုန်း၊ အိုင်ပက်တွေသုံးပြီး ကစားချိန်ကို သူကမတားမြစ်ပါဟု မစ္စတာမာဆန်က ဆိုသည်။

‘‘ဘက်ထရီမကုန်မချင်း သူတို့ကို စိတ်ကြိုက်ကစားခွင့်ပေးထားတယ်။ အဲ.. ဘက်ထရီလည်းကုန်ရော အားသွင်းတဲ့ကြိုးကို သူ့ထက်ငါရဖို့ နှစ်ယောက်သား အသေသတ်ကြတော့တာပါပဲ’’

(ဝေါစထရိဂျာနယ်ပါ When it is ok to give the kids a tablet ဆောင်းပါးကို ထားထားမြင့် ဘာသာပြန်ဆိုသည်။) 

7Day Daily 
No.471 Friday, August 15, 2014 
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...