ယခုနှစ်၏ အထင်ရှား အမြင်သာဆုံး Supermoon ဖြစ်စဉ်ကို ကမ္ဘာတစ်ဝန်းမှ စောင့်ကြည့်ခဲ့
ဩဂုတ်(၁၀)ရက်က Supermoon ဖြစ်စဉ်ကို ကမ္ဘာ တစ်ဝန်းတွင် လူပေါင်းများစွာ စိတ်ဝင်တစား စောင့်ကြည့် ခဲ့ကြောင်း သတင်း ရရှိသည်။
ဘဲဥပုံ လမ်းကြောင်း အတိုင်း ကမ္ဘာကို လှည့်ပတ် နေသော လသည် ကမ္ဘာနှင့် အနီးဆုံး ရောက်ရှိ နေသော အခိုက်အတန့်၌ လပြည့် ဖြစ်စဉ်နှင့် တိုက်ဆိုင် နေသော ကာလမျိုးတွင် လကို အကြီး မားဆုံး အရွယ်အစား၊ အတောက်ပဆုံး အရောင် အဝါမျိုးဖြင့် ကမ္ဘာပေါ်မှ တွေ့မြင်နိုင်ပြီး ယင်းဖြစ်စဉ်ကို Supermoon ဟု ခေါ်ဝေါ်ခြင်း ဖြစ်သည်။
NASA ၏ အဆိုအရ ဩဂုတ်(၁၀)ရက်တွင် လပြည့်ဝန်းကြီးကို သာမန်အခြေအနေထက် (၁၄)ရာခိုင်နှုန်း ပိုမိုကြီးမားပြီး (၃၀)ရာခိုင်နှုန်း ပိုမိုတောက်ပသည့် အခြေအနေမျိုးဖြင့် တွေ့မြင်ခဲ့ရကြောင်း သိရှိရသည်။ အဆိုပါ Supermoon မြင်ကွင်းသည် ရက်ပိုင်းအတွင်း ဒုတိယ အကြိမ်မြောက် ပေါ်ပေါက်လာခြင်း ဖြစ် သည်။ ဇူလိုင်(၁၂)ရက်က ယင်းကဲ့သို့ တစ်ကြိမ်ဖြစ်ခဲ့ပြီး စက်တင်ဘာ (၉)ရက်တွင် အလားတူ အခြေ အနေမျိုး ထပ်မံပေါ်ပေါက် လာမည်ဟု ပညာရှင်များက ခန့်မှန်းထားသည်။
ပျမ်းမျှအားဖြင့်မူ Supermoon ဖြစ်စဉ်သည် (၁၃)လတွင် တစ်ကြိမ်မျှ ကြုံတွေ့ရလေ့ ရှိသည်။ ဩဂုတ် (၁၀) ရက် Supermoonသည် ပြီးခဲ့သည့် နှစ်ပေါင်း(၂၀)အတွင်း ကမ္ဘာနှင့်လ အနီးစပ်ဆုံး ရောက်ရှိ လာသည့် အခြေအနေလည်း ဖြစ်သည်။ ယခုနှစ် နွေရာသီတွင် Supermoon ဖြစ်စဉ် (၃)ကြိမ် ပေါ်ပေါက် ရန် ရှိသော်လည်း ဩဂုတ် (၁၀)ရက်သည် လကို အရွယ်အစား အကြီးဆုံး၊ အတောက်ပဆုံးအဖြစ် တွေ့မြင် ရခြင်းဖြစ်ကြောင်း သိရှိရသည်။
_Ref: Channelnewsasia

7Day Daily No.467 Monday, August 11, 2014
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook