ပညာဖြင့် လူ့စွမ်းအားမြင့်

Written by သော်တာအေး

ပညာရေးကို အခြေပြု၍ ထွက်ပေါ်လာသော အသိပညာ ရှင် အတတ် ပညာရှင် များသည် နိုင်ငံဖွံ့ဖြိုးတိုး တက်မှု တွင် အဓိက အခန်းကဏ္ဍမှ ပါဝင်လျက် ရှိသည်။ နိုင်ငံတစ်နိုင်ငံ လူ့အဖွဲ့အစည်း တစ်ခုအတွင်း၌ တန်ဖိုး အရှိဆုံးအရာသည် ပြည်သူ့စွမ်းအား ဖြစ်ပေသည်။ ပြည်သူများ အားလုံး အသိပညာ အတတ် ပညာ မြင့်မားခြင်းဖြင့် ကမ္ဘာ့ အထွတ်အထိပ်သို့ ရောက်နိုင် သည်။ သို့ဖြစ်၍ နိုင်ငံတော်အတွက် အားထား ရမည့် အရည်အသွေး ပြည့်ဝသော လူ့စွမ်းအား အရင်းအမြစ်များကို စဉ်ဆက်မပြတ် မွေးထုတ်ပေးရပေမည်။ ထို့ကြောင့် ပတ်ဝန်းကျင်၌ လူသား စွမ်းအားစုများ လေ့ကျင့်ပျိုးထောင်ပေးသည့် (Human Reso-urces Development Program) လုပ်ငန်းဖြစ်သော ပညာရေး အတွေးအခေါ် မြော်မြင်မှုကိုရှင်သန် အောင်သင်ကြားမည့် ပညာရေး နည်းစနစ် ထွန်းတောက်စေရန် အစဉ်ကြိုးပမ်းရမည် ဖြစ်ပါသည်။

မြန်မာ့ပညာရေး အစသည် မြန်မာ့ရိုးရာပညာရေးစနစ်၊ မြန်မာ့အမျိုးသား ပညာရေးစနစ်ဖြစ်သော ဘုန်းတော်ကြီး ကျောင်းပညာရေးဖြစ်သည်။ ရှေးမြန်မာတို့ ပညာသင်ကြားရာ စာသင်ကျောင်းများသည် ဘုန်းတော်ကြီးကျောင်း များဖြစ်ပြီး အရညဝါသီတောကျောင်းများမှာ သာသနာ့အဆုံးအမကို ဆောက် တည်ကျင့်သုံးစေခဲ့၍ ဂါမဝါသီပွဲ ကျောင်းမှာ လောကုတ္တရာ စာပေများသာမက သင်္ချာပညာ၊ နက္ခတ် ပညာ၊ ရာဇဝင်ပုံပြင်၊ ရာဇသတ်၊ ဓမ္မသတ်၊ ဆေးပညာစသည့် လောကီစာပေအတတ်ပညာများနှင့် လက်မှုပညာအသက်မွေးမှုပညာတို့ကို ကျယ်ပြန့်စွာ သင်ကြားပို့ချပေးခဲ့သည်။ မြို့တိုင်း၊ ရွာတိုင်း၌ ဘုန်းကြီးကျောင်းရှိပြီး ကလေးများအား ရွာဦးကျောင်းသို့ပို့ကာ ပညာသင်ကြားစေခြင်းဖြင့် မြန်မာနိုင်ငံ တွင် စာမတတ်သူဦးရေ နည်းပါးခဲ့သည်။

ဘုန်းတော်ကြီးကျောင်းပညာရေး၊ ကိုလိုနီခေတ်ပညာရေး၊ လွတ်လပ်ရေးခေတ်ပညာရေးမှသည် မျက် မှောက်ခေတ် ၌ နည်းပညာအသုံးပြုကဏ္ဍတွင် မြန်မာ့ပညာရေးစနစ်သည် အီလက်ထရွန်နစ်ပညာရေး နယ်ပယ်သို့ဝင်ရောက် နေပြီ ဖြစ်သည်။

မြန်မာတစ်ပြည်လုံးရှိ အခြေခံပညာကျောင်းများတွင် Multimedia စာသင်ခန်းများ ဖွင့်လှစ်ပေးပြီး ကျောင်းသား၊ ကျောင်းသူများ ကွန်ပျူတာအသုံးပြုတတ်လာစေရန် လေ့ကျင့်ပေးခဲ့သည်။ အဆင့်မြင့် ပညာကဏ္ဍတွင် သင်ခန်းစာ များကို Data Broadcasting စနစ်ဖြင့် ထုတ်လွှင့်နိုင်ပြီဖြစ်သည်။ ထုတ်လွှင့်သင်ခန်းစာများကို လက်ခံနိုင်သော Learning Center များလည်း ထူထောင်ပြီးဖြစ်ပေသည်။

နိုင်ငံခြားဘာသာစကားကို ထိရောက်စွာအသုံးပြုနိုင်ရေးအတွက် သင်ကြားနည်းအမျိုးမျိုးနှင့် Cyber Englishs, Global English, Dynamic English စသောသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိ သည်။ မျက်မှောက်ခေတ် ပညာရေးသည် ခေတ်မီ IT နည်းပညာဖြင့် သင်ယူခွင့်ရရှိခြင်း၊ အဖက်ဖက်မှ ပံ့ပိုးကူညီခြင်းများဖြင့် ကမ္ဘာ့နိုင်ငံ များ၏ ပညာရေးခရီးတွင် နောက်ကျန်ရစ်ခြင်းမရှိအောင် အားထုတ် လျက်ရှိသည်။

ပညာရေးနယ်ပယ်၏ အသက်သွေးကြောပမာ အဓိကအရေးပါသော လုပ်ငန်းစဉ်များမှာ သင်ကြားရေး နှင့် သုတေသနလုပ်ငန်းတို့ ဖြစ်ပေသည်။ သင်ကြားရေးနှင့် နှီးနွှယ်လျက်ရှိသည့် အကျိုးပြုသုတေသန များကို ဝိဇ္ဇာ၊ သိပ္ပံဘာသာရပ်နှင့် သက်ဆိုင်ရာဘာသာနယ်ပယ် အသီးသီးတို့၌ အစဉ်တစိုက် ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြသည်။ ပညာရေးနယ်ပယ်အတွင်း၌ သင်ကြားရေးနှင့်သုတေသနကို ဟန်ချက် ညီညီလုပ်ဆောင်သင့်သည်။ သို့မှသာသင်ကြားရေးမှသည် သုတေသနစိတ်ဓာတ်များ နိုးကြားလာစေ ပြီးဘက်စုံထူးချွန်သည့် လူတော် လူကောင်းများ ပေါ်ထွန်းစေနိုင်သကဲ့သို့ သုတေသနလုပ်ငန်းများ၏ အကျိုးများမှာလည်း သင်ကြားရေးကဏ္ဍကို ပိုမိုဖွံ့ဖြိုးကာ နိုင်ငံတော်၏ပညာရေးအစဉ်အလာ မြင့်မား လာစေနိုင်ပေမည်။

ယနေ့ခေတ်သည် ပညာခေတ် Age of Knowledge ဖြစ်သည်။ ပညာရေးလူ့အဖွဲ့အစည်းတစ်ခုလုံး သည် ပညာခေတ်ကို စိန်ခေါ်မှုများရင်ဆိုင်နိုင်ရန် သုတေသနလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင် ရွက်အပ်ပေသည်။ ထိုသုတေသနများကို ဆောင်ရွက်ရာ၌ ပညာရပ်ဆိုင်ရာ အခြေခံသုတေသန Basic Research တို့ကိုအစဉ်တစိုက် လေ့လာကြိုးပမ်းနေမှသာ ပညာရေးမျှော်မှန်းချက်ပန်းတိုင်သို့ရောက်၍ အနာဂတ်လူ့ဘောင်မှာ တိုးတက်သာယာ မည်ဖြစ်ပါသည်။

၂၀၁၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမှရရှိသော ရှေ့ပြေးလူဦးရေစာရင်းအရ မြန်မာနိုင်ငံ ၏လူဦးရေမှာ ၅၁ သန်းကျော်ရှိကြောင်း ဗဟိုသန်းခေါင်စာရင်း ကော်မရှင်ကထုတ်ပြန်ကြေ ညာခဲ့ပြီးဖြစ်သည်။

ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏ သုံးသပ်ချက်တွင် သန်းခေါင်စာရင်းမကောက်သည်မှာ နှစ် ၃၀ ကြာ ပြီ ဟုယေဘုယျ ဆိုနိုင်သော်လည်း ယခုကောက်ယူမှုသည် မြန်မာ့သမိုင်းတစ်လျှောက် ပြည့်စုံမှုအရှိဆုံး ဟုဆို ချင်ကြောင်း ရှင်းလင်းတင်ပြထားသည်။

နိုင်ငံ၏တိုးပွားလာသော လူဦးရေနှင့်အညီ ဖြစ်ထွန်းပေါ်ပေါက်လာသည့် ပညာရေးဌာနများသည် ပညာထုတ်ကုန် (Knowledge Product) များဖြစ်သော ပညာတတ်များ မွေးထုတ်ရာနေရာဖြစ် ပေသည်။ ပညာခေတ်တွင် အရည် အသွေးမြင့်မားသော လူတော်လူကောင်းများကို စဉ်ဆက်မပြတ် မွေး ထုတ်ပေးရမည်ဖြစ်သည်။

ထိုသို့မွေးထုတ်နိုင်ရန်အတွက် မိမိတို့၏လူ့စွမ်းအား အရင်းအမြစ်တစ်ခုလုံးကို ပညာရေးလူ့အဖွဲ့ အစည်း (Knowledge Society) ဖြစ်ရန်အားထုတ် ကြိုးပမ်းကြရမည်ဖြစ်ပါသည်။ 


ကြေးမုံသတင်းစာ
စက်တင်ဘာ (၆) ရက်၊ ၂၀၁၄ ခုနှစ်
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...