နှစ်ပေါင်း(၃၀၀၀)မျှ သက်တမ်းရှိသည့် ရှေးဟောင်း ဓားတစ်လက်ကို တရုတ် ကလေးငယ်တစ်ဦး ရှာဖွေတွေ့ရှိ

တရုတ်နိုင်ငံမှ ကလေးငယ် တစ်ဦးသည် နှစ်ပေါင်း (၃၀၀၀)မျှ သက်တမ်းရှိသည့် ရှေးဟောင်း ဓားတစ်လက် ကို အမှတ်မထင် ရှာဖွေ တွေ့ရှိ ခဲ့ကြောင်း သတင်းရရှိသည်။

ရှန်ဇူးရှိ မြစ်တစ်ခုတွင် အသက် (၁၁)နှစ်အရွယ် ယန်ဂျန်ဇီးက လက်ဆေးနေရင်း ယင်းကဲ့သို့ တန်ဖိုးရှိလှသည့် မတော်တဆ ရှာဖွေတွေ့ရှိမှုနှင့် ကြုံဆုံခဲ့ခြင်း ဖြစ်သည်။ ယန်သည် ဂါယူရှိ လောင်ဇူလင်း မြစ်ထဲတွင် လက်ဆေးရင်း မာကျောသော အရာတစ်ခုကို စမ်းသပ် မိသည်။ ထိုအရာသည် အကြမ်းထည် သွန်းလုပ်ထားသည့် ကြေးညို ဓားတစ်လက်ဖြစ်မှန်း သိရှိသွားသည့်နောက် ယန်က နေအိမ်သို့ ယူဆောင်လာခဲ့သည်။

ပတ်ဝန်းကျင်တွင် ယင်းကိစ္စအပေါ် လူအများ စိတ်ဝင်တစား စပ်စုလာပြီး သတင်းကျယ်ပြန့်လာသည့်နောက် ယန်၏ မိသားစုက ဓားကို ကျွမ်းကျင်သူများထံ လွှဲပြောင်းပေးရန် ဆုံးဖြတ်ခဲ့သည်။ “တချို့ကတော့ ဒီဓားကို ဈေးကြီးပေးပြီး ဝယ်ဖို့ ကမ်းလှမ်းလာတာတွေ ရှိပါတယ်”ဟု ယန်၏ဖခင် ယန်ဂျင်ဟိုင်က ဆိုသည်။ ၎င်းက “ဒါပေမဲ့လည်း အခုလို ရှေးဟောင်းပစ္စည်းတစ်ခုကို ရောင်းတယ်ဆိုတာ တရားမဝင်ဘူးလို့ ကျွန်တော်ထင်တယ်လေ”ဟုလည်း ပြောကြား ခဲ့သည်။

ရှေးဟောင်း သုတေသန ပညာရှင်များသည် အရှည်(၁၀)လက်မခန့်ရှိသည့် အဆိုပါ ဓားကို စစ်ဆေးပြီးနောက် ရှန်နှင့် ဇူမင်းဆက်များ လက်ထက်က အသုံးပြုသည့် လက်နက်တစ်ခုဟု ဆုံးဖြတ်ခဲ့ကြသည်။ ဓားတွင် ဖွဲ့စည်းထား သည့် သတ္တု၊ ဓား၏ အရွယ်အစား၊ ပုံသဏ္ဍန်တို့ကို အခြေခံကာ သက်တမ်းသည် တရုတ်ယဉ်ကျေးမှု အစပြုရာ ကာလများက သွန်းလုပ်ခဲ့ခြင်းဟု ပညာရှင်များက အဖြေထုတ်ခဲ့သည်။

အဆိုပါ ဓားသည် လက်တွေ့ တိုက်ခိုက်ရာတွင် အသုံးပြုခြင်းထက် ရာထူးအဆင့် သတ်မှတ်မှုကို ကိုယ်စားပြုသည့် အဆောင်အယောင်တစ်ခု ဖြစ်နိုင်ကြောင်းလည်း သိရသည်။ ယခုအခါ ရှေးဟောင်း သုတေသန ပညာရှင်များသည် မြစ်ကမ်းပါး အနီးတွင် အကြီးစား ရှာဖွေတူးဖော်မှု လုပ်ငန်းတစ်ခု အစပြုရန် စီစဉ်နေပြီ ဖြစ်သည်။ ရှေးဟောင်းဓား ကို လာရောက် အပ်နှံမှုကြောင့် ယန်နှင့် ဖခင်ဖြစ်သူတို့မှာလည်း ဆုချီးမြှင့်ခြင်း ခံခဲ့ရကြောင်း သတင်းရရှိသည်။ 


_Ref: BBC
7Day Daily
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...