ထိုင်းကွေ့သယို ချက်နည်း (၅ ပွဲစာ)


လုပ်ရတာ အရမ်းလွယ်ကူ၊ ရိုးရှင်းပေမယ့် ဒီခေါက်ဆွဲမှာ အရည်ရဲ့ အနံ့၊အရသာက အရမ်းအရေးကြီးပါတယ်။ အရိုးပြုတ်ရည်ပဲလေဆိုပြီး ရေထဲကို အရိုးထည့်၊ ဆား၊ အရသာမှုန့်ထည့်ပြီး ပြီးလွယ်၊ စီးလွယ် မလုပ်ပဲ အောက်ပါ နည်းလေးအတိုင်း တိတိကျကျလေး တစ်ခါလောက်လုပ်စားကြည့်ရင် အဖြေကိုသိရမှာပါရှင်…. ပါဝင်ပစ္စည်းများပေ မယ့် ခက်ခက်ခဲခဲရှာရတာ မလွယ်တဲ့ ပစ္စည်းတွေ မဟုတ်လို့ မလုပ်စားတော့ဘူးလို့လည်း အဆုံးအဖြတ် မမြန်စေ ချင်ပါဘူးရှင်….

ကိုက်လိုက်ရင် ဆတ်တောက်၊ ဆတ်တောက် ready made ဝက်သားလုံး၊ မြန်မာပြည်က ပုဇွန်ထုပ်အသားလေး တွေ လိုပဲ မွပြီးစားလို့ကောင်းလှတဲ့ tiger prawn၊ spices အမျိုးမျိုး နဲ့ဝက်ရိုးအများကြီးကို သုံးပြီး အကြာကြီးပြုတ် ထားတာကြောင့် ချိုမွှေးလှတဲ့ အရည်၊ ချဉ်လည်းချဉ် စပ်လည်းစပ်တဲ့ ငရုတ်သီးအချဉ်၊ သင်းသင်းလေးမွှေးစေတဲ့ ကြက်သွန်ဖြူ ဆီချက်၊ အရည်နဲ့တွေ့ရင် အိအိလေးစားကောင်းသွားတဲ့ ဝက်ခေါက်ကြော်တို့ကို ကန်ဇွန်းရွက်၊ ခေါက်ဆွဲတို့နဲ့ တွဲဖက်ပြီး၊ သံပုရာရည်လေးညစ်၊ ကြက်သွန်ပင်လေးဖြူးထားတဲ့ အရသာရှိလှသော ကွေ့သယိုလေး စလုပ်ကြရအောင်…..

**... ကွေ့သယို လုပ်ဖို့အတွက် လိုအပ်တာလေးတွေ…

1. ဝက်ရိုး – 500 g (၃၂ ကျပ်သားခန့်)
2. ပုဇွန်ခြောက်မှုန့် – ထမင်စားဇွန်း ၁ ဇွန်း
3. နာနတ်ပွင့် (star anise) – ၄ ပွင့်
4. လက်ညှိုးအရွယ်ခန့် သစ်ဂျပိုး (cinnamon stick) – ၂ ချောင်း
5. အမည်းရောင် ဖာလာစေ့ (black cardamon pod) – ၂ ခု
6. အနည်းငယ်ကြေအောင် ထောင်းထားသော ငရုတ်ကောင်းစေ့ – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
7. အခွံမခွါပဲ ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ အတက်ကြီး – ၄ တက်
8. ရေပြောင်စင်အောင်ဆေးကာ အနည်းငယ်ကြေအောင်ထုထားသော ၆ လက်မ အရှည်ခန့် နံနံပင်အမြစ်(သို့) ကြက်သွန်ပင်အမြစ် – ၂ ခု
9. ငါးငံပြာရည် – ထမင်းစားဇွန်း ၂ ဇွန်း
10. ဆား (ချင့်ချိန်ထည့်ပေးပါ။)
11. အရသာမှုန့် (ချင့်ချိန်ထည့်ပေးပါ။)
12. ကျောခွဲ အကြောထုတ် ခေါင်းဖြုတ်ထားသော tiger prawn
13. ready made ဝက်သားလုံး
14. ရှမ်းခေါက်ဆွဲဖတ် (သို့) ရေစိမ်ခေါက်ဆွဲဖတ် (သို့) ဆန်ကြာဇံ
15. ကန်ဇွန်းရွက်
16. ဝက်ခေါက်ကြော်
17. pickled chilli
18. ground chilli
19. ကြက်သွန်ပင်
20. နနွင်းမပါသော ကြက်သွန်ဖြူဆီချက်
21. သံပုရာသီး

ပြုတ်ပြီးနောက် ၅ ပွဲစာခန့်ကြာအောင် ချင့်ချိန်ထည့်ကာ ပွက်ပွက်ဆူအောင် တည်ထားသောရေထဲ ပါဝင်ပစ္စည်း ၁ မှ ၁၁ အထိထည့်ကာ အိုးအဖုံး ဖုံးပြီး မီးအေးအေးဖြင့် အနည်းဆုံး ၁ နာရီခွဲခန့် ပြုတ်ထားပါ။ (ပြုတ်ချိန်ကြာရင် အရိုးထဲမှ အဆီအနှစ်များ ပိုထွက်လာတဲ့အတွက် အရသာပိုကောင်းစေပါတယ်။)

မစားမှီ high heat သို့တိုး၍ အရမ်းဆူပွက်လာအောင် တည်ပြီးမှ ဝက်သားလုံး နှင့် ပုဇွန်ကိုထည့်ကာ ၁ မိနစ်ခန့် ထားပါ။

ခေါက်ဆွဲ နှင့် ကန်ဇွန်းရွက်ကို ဇကာထဲထည့်ပြီး ဟင်းရည်အိုးထဲ နှစ်ပြုတ်ကာ စားမည့်ပန်းကန်ထဲထည့်ပါ။ (ခေါက်ဆွဲခြောက်များကိုသုံးလျှင် ၅ နာရီခန့် ကြိုတင်ရေစိမ်ထားပါ။)

အသားလုံး နှင့် ပုဇွန်ကိုပါ ပန်းကန်လုံးထဲထည့်ပြီး ဟင်းရည်ကို (spices အဖတ်များမပါသွားအောင်) ဇကာခံပြီး လောင်းထည့်ပါ။

နောက်ဆုံးတွင် ပါဝင်ပစ္စည်း ၁၆ မှ ၂၁ အထိထည့်ကာ အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။


Credit;Chaw Su's Food Friends
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...