"လူဗလာ"

(၁)
"Hatreds do not cease through hatred, but through love alone the cease."
"ဤလောက၌ ရန်တုံ့မူခြင်းဖြင့် ရန်တို့သည် အဘယ် အခါမျှ မပြေငြိမ်းနိုင်ကုန် ရန်တုံ့မမူခြင်း ဖြင့်သာလျှင် ရန်ပြေငြိမ်းနိုင်ကုန်" - မြတ်ဗုဒ္ဓ(ဓမ္မပဒ)

"Take an eye for an eye, and the whole world will be blind."
"မျက်စိတစ်လုံးအတွက် မျက်စိတစ်လုံး ပြန်ယူစတမ်း ဆိုလျှင် ကမ္ဘာလောက တစ်ခုလုံး အကန်းဖြစ်သွား ပေလိမ့်မည်"- မဟတ္တမဂန္ဓီ

(၂)
လွန်ခဲ့သော နှစ်များစွာက အမေရိကန်ပြည်ထောင်စု တောင်ပိုင်းဒေသရှိ မက္ကစီကိုမြို့တော်၏ ပန်းခြံတစ်ခုတွင် အမျိုးသမီးပုံ ကြေးရုပ်တုတစ်ခု ထုလုပ်ထားရှိခဲ့သည်။ ထိုအမျိုးသမီး ကြေးရုပ်တုမှာ ဂရိလူမျိုးတို့ အမဲလိုက် ထွက်ခါနီးတွင် ကိုးကွယ်လေ့ရှိသည့် " ဒိုင်ယာနာ " နတ်သမီးပင် ဖြစ်ပေသည်။

" ဒိုင်ယာနာ " နတ်သမီးကြေးရုပ်ထု၏ ထူခြားချက်သည်ကား ရုပ်တုတွင် အ၀တ်မပါ ဗလာ ထီးထီးဖြစ် လေခြင်း ကြောင့်ပင်။

တချို့သော အမျိုးသမီးများက အ၀တ်ဝတ်ဆင်ပေးရန် မြို့တော်ဝန်ထံ မေတ္တာရပ်ခံကြသည်။ တောင်းဆို ကြသည်။ သူတို့၏ တောင်းဆိုချက်ကို ရုပ်တု ထုလုပ်သူ ပန်းပုဆရာက အကြောက်အကန် ငြင်းဆိုသည်။ အချို့ သော အမျိုးသမီးများက အတင်း အ၀တ်ဝတ်ပေးကြသည်။

ထိုသို့ ၀တ်သင့် မ၀တ်သင့် အနှစ်သုံးဆယ်နီးပါး အငြင်းပွားရာမှ အများဆန္ဒအရ နဂိုမူလအတိုင်းသာ ထားရှိလေ တော့သည်။

(၃)
ရိုဒင်၏ အတွေးသမား Thinker ရုပ်တုကို တစ်ခါက အတွေးအခေါ် အသင်းတစ်ခု၏ အမှတ်တံဆိပ် ပြုလုပ်ရန် အသင်းသား တစ်ဦးက အဆိုတင်သွင်းရာ အများက သူ၏ အဆိုကို ပယ်ချခဲ့ကြသည်။

အဘယ့်ကြောင့် ဆိုသော် ရိုဒင်၏ " အတွေးသမား" ရုပ်တု၌ အ၀တ်မပါ ဗလာကိုယ်တီးဖြစ်နေ သောကြောင့် ပင်ဖြစ်သည်။

(၄)
"ဆွန်နီအစွန်းရောက် IS အဖွဲ့သည် ဘာသာမတူ သူများကိုသာမက ဘာသာတူသော်လည်း ဂိုဏ်းမတူသူ (အထူး သဖြင့် ရှီးယိုက်များ)ကိုပါ ဘာသာကူးပြောင်းခြင်း မပြုပါက ရက်စက်စွာ အစုလိုက်သတ်ဖြတ်မှုများ ပြုလုပ်ခဲ့သည်။"

"အမေရိကန် သတင်းထောက် တစ်ဦးအား ခေါင်းဖြတ်သတ်၍ မှတ်တမ်း ဗွီဒီယိုအား လွှင့်တင်ခဲ့ပြီး အမေရိကန် တို့ကို သတိပေးခဲ့သည်။"

"ပါကစ္စတန်ရှိ အစွန်းရောက် စစ်သွေးကြွများက အပြစ်မဲ့ စစ်ပြေးဒုက္ခသည်များအား အစုလိုက် သတ်ဖြတ် ခဲ့ကြ သည်။"

အထက်ပါ ရက်စက်ယုတ်မာ၍ လူသားမဆန်သည့် သတင်းမျိုးကို ကမ္ဘာအနှံ့ ကြားသိနေရသည်။ ဘာသာအယူဝါဒ မတူညီမှုဖြင့် သွေးချောင်းစီးခဲ့ရသော ဘာသာရေး စစ်ပွဲများစွာ ကမ္ဘာ့သမိုင်းတွင် ဖြစ်ခဲ့ကြရသည်။

လူသားတစ်ဦးက လူသားတစ်ဦး၏ ယုံကြည်စွာ ကိုးကွယ်ခွင့်ကို တားမြစ်ရုံမျှမက ထိုလူသားတစ်ဦး၏ အသက်ကိုပါ ထိပါးလာကြသည်။ လူကို လူဟု မြင်နိုင်စွမ်းများ အားနည်းလာကြသည်။ " အတ္တစိတ်" များက ထုနှင့်ထည်နှင့် ဖုံးလွှမ်းလာကြသည်။

ထိုအတ္တစိတ် များကြောင့် မှန်ကန်၍ ဓမ္မဓိဋ္ဌာန်ကျသော လူသားတစ်ဦး၏ အမြင်တို့ေ၀၀ါးလာလေသည်။

(၅)
လူတစ်ဦး လူ့ဘ၀ထဲ ၀င်ရောက်လာပြီ ဆိုကတည်းက ဗလာထီးတည်းပင်ဖြစ်ပါသည်။ ထို့ကြောင့် ကမ္ဘာပေါ်ရှိ လူသားမှန်သမျှ လူ့လောကထဲသို့ ဗလာ ဖြင့် ရောက်ရှိ လာခဲ့ကြခြင်းဖြစ်သည်။

မွေးဖွားရာ မျိုးရိုးဗီဇအရ အသားဖြူ၊ အသားလတ်၊ အသားညို၊ အသားမည်း စသည့် အသား အရောင်အမျိုးမျိုး ကွဲပြားမည် မှန်သော်လည်း လူသားတစ်ဦးပင်ဖြစ်သည်။ အသားအရောင် ဖြူသူသည်လည်း လူသားတစ်ဦးဖြစ် သလို၊ အသားအရောင် မည်းနေသူလည်း လူသားတစ်ဦးပင်ဖြစ်သည်။

၃၂ ကောဋ္ဌာသတို့ဖြင့် ပေါင်းစည်းရာ ခန္ဓာကို ရရှိထားသူဖြစ်သည်။ ထို့ထက်ပို၍ ဖွဲ့စည်းထားသော လူ့ ခန္ဓာသည် မရှိ။ အားလုံးသာ တူညီမျှပင် ဖြစ်ပါသည်။

သို့သော် လူသားတို့သည် လူသားအချင်းချင်း လူဟူ မမြင်ကြချေ။ အသားအရောင် ခွဲခြားကြသည်။ အမျိုးအနွယ်ကို လိုက်၍ ခွဲခြားကြသည်။ ကိုယ်ယုံကြည်ရာ ကိုးကွယ်ခွင့် ရှိသော်လည်း ထိုကိုးကွယ်ရာဘာသာကို ခွဲခြားကြပြန် သည်။

ဗလာထီးတည်း ရောက်ရှိလာသော လူတစ်ဦး၏ ဘ၀အတွင်းသို့ "အတ္တ" ၀င်ရောက် လာသည့်အခါ အတ္တကြီးလျှင် ကြီးသလောက် ဘ၀အခြေအနေအမျိုးမျိုး ပိုင်ဆိုင်မှု ကွဲပြားသွားတော့သည်။ သွေးကြီးသွားကြ တော့သည်။ သွေးကွဲ သွားကြတော့သည်။

(၆)
" ပထမရေးဆွဲတဲ့ (မိသားစု)ပန်းချီကားက ခပ်ရိုးရိုး ရေးဆွဲထားတာပါ၊ မိခင်၊ ဖခင်နှင့် သားငယ်၊ ဒီလူသုံးဦးပါတဲ့ မိသားစုပုံကို ရေးဆွဲထားတာ၊ အဲဒီမိသားစုသုံးဦးရဲ့ ပုံသဏ္ဍာန် အချိုးအစားကိုတော့ နည်းနည်း ပြောင်းထားတယ်၊ အချိုးအစားအသစ် ယူထားတယ်ဆိုရင် ပိုပြီးမှန်မယ်ထင်တယ်။ "

" ပြီးတော့ အဲဒီမိသားစုသုံးဦးစလုံးကို အ၀တ်ဆင်ပေးမထားဘူး။ ဒီလိုအ၀တ်ဆင်ပေး မထားတာရယ်၊ ပုံပန်း သဏ္ဍာန်အချိုးသစ် ယူထားတာရယ်ကြောင့် ဒီမိသားစုသုံးဦးဟာ ဘယ်လိုလူမျိုးလဲဆိုတာ မသိနိုင်ဘူး။ ဒီလို မသိနိုင်ခြင်းဟာပဲ ကမ္ဘာပေါ်မှာ ရှိသမျှ မိသားစုတွေကို ကိုယ်စားပြုထားတဲ့ လူသုံးဦးအဖြစ် ရောက်သွားစေတဲ့ သဘောပါပဲ "

ပန်းချီဆရာ ဆရာပေါ်ဦးသက်က သူ၏ မိသားစု ပန်းချီကား ဆွဲဖြစ်သည့် အကြောင်းကို ပြောကြားခဲ့သည့် စကားပင်ဖြစ်ပါသည်။

ဆရာပေါ်ဦးသက်က အ၀တ်မပါသော မိသားစု သုံးဦးကို ဖန်တီးရေးဆွဲခဲ့သည်။ ကမ္ဘာပေါ်က ဘယ်နိုင်ငံ၊ ဘယ်လူမျိုး၊ ဘယ်ဘာသာဝင် ဟူ၍ မရည်ညွှန်းခဲ့။ လူသား မိသားစု တစ်စုအဖြစ်သာ ရည်ညွှန်းခဲ့ သည်။

အ၀တ်မပါသော ဒိုင်ယာနာ မင်းသမီး၏ ရုပ်တု၊ ရိုဒင်က အတွေးသမား ရုပ်တုတို့သည်လည်း ညစ်ညမ်း သော ပုံသဏ္ဍာန်ကို ပြသခဲ့ကြခြင်းမဟုတ်။ လူသားတိုင်းအတွက် လူသားတစ်ဦးအနေဖြင့် ညွှန်းဆိုခဲ့ကြခြင်းဖြစ် သည်။

လူသားဟုဆိုလိုခြင်းကြောင့် အသားအရောင်ကြောင့် စိတ်ဝမ်းကွဲနေစရာမလို၊ လူမျိုးကြောင့် စိတ်ဝမ်းကွဲ နေစရာ မလို၊ ဘာသာအယူဝါဒကြောင့် သွေးကွဲနေစရာမလိုတော့ပေ။

(၇)
ကိုယ့်မျက်လုံး တစ်လုံးအတွက် တစ်ပါးသူ၏ မျက်လုံးတစ်လုံးကို ပြန်ယူနေကြပါလျှင် ကမ္ဘာပေါ်ရှိ လူသားမှန်သမျှ အလင်းရောင်ကို မြင်နိုင်စွမ်းရှိကြမည် မဟုတ်ပါ။

သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ စာနာခြင်း၊ နားလည်ခြင်းနှင့် တစ်ဦးပေါ်တစ်ဦး မေတ္တာတရား ထားရှိနိုင်ကြ မှာ သာလျှင် စစ်ပွဲတွေ ဝေးကွာ၍ အေးငြိမ်းသာယာကြ မည်ဖြစ်သည်။

ဇာတ်နိမ့်၊ ဇာတ်မြင့်ခွဲခြားမှု၊ ဘာသာအယူဝါဒခွဲခြားမှု၊ လူမျိုးခွဲခြားမှု၊ အသားအရောင်ခွဲခြားမှု၊ အမျိုးသား/အမျိုးသမီး ခွဲခြားမှုတွေ များပြားလာပါလျှင် လူသားတို့နှင့် ငြိမ်းချမ်းပျော်ရွှင်မှု တို့သည်လည်း ခွဲခြား၊ ကွဲပြားသွားနိုင်ပါသည်။

ထို့ကြောင့် အပေါ်ယံသကာများကို ဖယ်ကြည့်ပါလျှင် လူသည် ဗလာသက်သက်မျှသာ ဖြစ်သည်။ ဗလာသက်သက် လူသားချင်းအတူတူ လူကို လူဟု မြင်နိုင်စွမ်းများ မြင့်မားလာသည်နှင့်အမျှ ကရုဏာတရား၊ မေတ္တာတရားတို့ ကိန်းဝပ်လာမည်ဖြစ်ပါသည်။

တကယ်တော့ ကျွန်တော်တို့ ဗလာသက်သက်မျှသာ ဖြစ်ပါသည်။ လူဗလာများ ဖြစ်ပါသည်။

***************

မောင်ပိုင်
၉-၉-၂၀၁၄။
ဘ၀ခြေရာ
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...