အဝေးသင် တက်ရောက်လိုသူ ကျောင်းသားဦးရေ တစ်နှစ်ထက် တစ်နှစ် ပိုများလာဟုဆို

ပြင်ပသင်တန်းများကို တက်ရောက်ချင်သည့် သူများပြားလာ သဖြင့် အဝေးသင်သို့ ဝင်ရောက်လာသူ များ တစ်နှစ်ထက် တစ်နှစ် ပိုမိုများပြားလျက် ရှိနေကြောင်း သိရသည်။

ယခုနှစ်တွင် တက္ကသိုလ် ဝင်တန်း စာမေးပွဲတွင် အောင်ချက်များ ကျဆင်း ခဲ့သော်လည်း အဝေးသင်သို့ ကျောင်းသား ဝင်ရောက်မှုနှုန်းသည် မလျော့ကျသွားဘဲ ပုံမှန် ဝင်နေကျထက်ပင် တိုးလာကြောင်း၊ ပညာ သင်ယူ လိုစိတ်များ မြင့်မားလာသည့်အတွက် သင်တန်းမှ တစ်ပြိုင်နက်တည်း တက်ရောက်ပြီး ဘွဲ့နှစ်ခု ယူသည့် အခြေအနေများ ရှိနေသည့်အတွက် အဝေးသင်ကျောင်းသား ဝင်ရောက်မှုသည် လျော့ကျဖွယ် မရှိကြောင်း ရန်ကုန် အဝေးသင်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာလှတင့် ကပြောသည်။

“အဝေးသင်က တက္ကသိုလ်ဝင်တန်းအောင်ချက်ကျလို့လဲ လျော့မသွားဘူး။ ဘာလို့လဲဆိုတော့ ကျောင်း သားတွေက သင်တန်းနှစ်မျိုးခွတတ်ချင်တဲ့ အခြေအနေတွေ ရှိလာတယ်။ အဝေးသင်ဘွဲ့ချိန်နဲ့ ကျန်တဲ့ ဘွဲ့တစ်ခုကို တစ်ခါတည်း ရချင်ကြတဲ့အတွက် အဝေးသင်က သူတို့အတွက်အကောင်းဆုံး ဘွဲ့ရတဲ့ သင်တန်းတစ်ခုဖြစ်တာကြောင့်ပါ။ အချိန်ကို အသုံးချလိုက်တာပါ” ဟု ဒေါက်တာလှတင့်ပြောကြား သည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်နှစ်လျှင် တက္ကသိုလ်ဝင်တန်းအောင်မြင်သူ ငါးသောင်းကျော်သည် အဝေးသင် သင်တန်းများသို့ တက်ရောက်ကြကြောင်း၊ ကျောင်းသားဦးရေမှာ တစ်နှစ်ထက်တစ်နှစ် သောင်းဂဏန်းထက် များပြားလာသည့်အခြေအနေတွင် ရှိနေကြောင်းသိရသည်။

“အဝေးသင်က မနှစ်ကဆိုရင် ပုံမှန်ထက်ကျော်သွားတယ်။ ခြောက်သောင်းလောက်အထိ ဖြစ်သွား တယ်။ လူတွေက အဝေးသင်ကို မကောင်းဘူးပဲပြောနေတာ။ ကျောင်းသားအများဆုံးတက်တာက အဝေးသင်ပါ။ ကျောင်းသားတွေ များလာတာကိုဆရာတို့က အွန်လိုင်းနဲ့ပြန်ခွဲထုတ်နေတယ်။ ဒီနှစ်လဲ မနှစ်ကထက်နည်းမယ် မထင်ဘူး” ဟု ယင်းကထပ်မံပြောကြားသည်။

လက်ရှိရန်ကုန်အဝေးသင်တက္ကသိုလ်နှင့် မန္တလေးအဝေးသင်တက္ကသိုလ်တို့မှ သင်ကြားပို့ချလျက်ရှိ သည့် ဘာသာ ရပ်ပေါင်း ၁၉ ခုရှိပြီး ယင်းဘာသာရပ်များထဲမှ အသက်မွေးဝမ်းကျောင်းနှင့် ပတ်သက် သည့်ဘာသာရပ်မှာ စီးပွားရေး၊ ဥပဒေတို့ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အဝေးသင်ပညာရေးစနစ်ကို ၁၉၇၅-၇၆ ခုနှစ်တွင် စတင်ကျင့်သုံးခဲ့ပြီး ၁၉၈၁ ခုနှစ်ဝန်း ကျင်ခန့်က ပြင်ပဝိဇ္ဇာတန်း၊ ညနေတန်းများရှိခဲ့ပြီး ဝိဇ္ဇာဘာသာရပ် မေဂျာသမားများအတွက် ဖွင့်လှစ်ခဲ့ ကြောင်း၊ စာပေးစာယူ (အဝေးသင်) ပညာရေးစနစ် ပေါ်ပေါက်လာသောကြောင့် ယင်းအတန်းများ ပျက်သွားခဲ့ကြောင်း သိရသည်။

တစ်နိုင်ငံလုံးအအတိုင်းအတာဖြင့် ရန်ကုန်အဝေးသင်တက္ကသိုလ်နှင့် မန္တလေးအဝေးသင်တက္ကသိုလ် နှစ်ခု၏ လက်အောက်တွင် အဝေးသင်ဌာနခွဲပေါင်း သုံးဆယ်ကျော်ရှိကြောင်း သိရသည်။


Democracy Today Daily
စက်တင်ဘာ (၆) ရက်၊ ၂၀၁၄ ခုနှစ်
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...