MPT ဆင်းမ်ကတ်များ ဈေးတင်ရောင်းသည့် ကိုယ်စားလှယ် ဆိုင်များကို အရေးယူမည်

ရန်ကုန်၊ စက်တင်ဘာလ ၅

မြန်မာ့ ဆက်သွယ်ရေးက ၁၅၀၀ ကျပ်ဖြင့် ရောင်းချရန် ချထား ပေးသော်လည်း တရားဝင် အရောင်း ကိုယ်စား လှယ်ဆိုင် အချို့က သတ်မှတ်ဈေးအတိုင်း မရောင်းချ မှုများ ရှိသောကြောင့် အဆိုပါ အရောင်း ကိုယ်စားလှယ် များကို အရေးယူရန် စီစဉ်လျက်ရှိကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်းလ် အင်ဂျင်နီယာချုပ် ဦးမြင့်သိန်းထွန်းက ပြောကြားသည်။

စက်တင်ဘာလ ၁ ရက်နေ့မှ စတင်ကာ MPT ၁၅၀၀ ကျပ်တန် ဆင်းမ်းကတ်များကို စတင် ရောင်းချပေးလျက်ရှိရာ အချို့ တရားဝင် အရောင်းကိုယ်စားလှယ် ဆိုင်များက တယ်လီဖုန်း ဟန်းဆက် ဝယ်ယူမှ ဆင်းမ်ကတ် ရောင်းချပေးခြင်း၊ သတ်မှတ်တန်ဖိုးထက် ပိုမိုရောင်းချခြင်း၊ ငွေဖြည့်ကတ် တန်ဖိုး အမြောက်အမြား ဝယ်ယူမှ ဆင်းမ်ကတ် ရောင်းချပေးခြင်းများ ရှိသောကြောင့် ယင်းသို့အရေးယူရန် စီစဉ်ရခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။ “ချထားပေးကတည်းက ၁၅၀၀ နဲ့ပဲ ရောင်းချဖို့ ပြောထားပါတယ်၊ ဆိုင်တွေကို စစ်ဆေးတဲ့အဖွဲနဲ့ လိုက်စစ်သွား မှာပါ၊ စည်းကမ်း ချိုးဖောက်တဲ့ ဆိုင်တွေကို အရေးယူသွားမှာပါ” ဟု ၎င်းကဆိုသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းလ်အင်ဂျင်နီယာချုပ် ဦးမြင့်သိန်းထွန်းက စည်းကမ်း ချိုးဖောက်သည့်ဆိုင်များ တွေ့ပါက သင့်လျော်သလို အရေးယူသွားမည်ဟု ပြောဆိုသော်လည်း မည်ကဲ့သို့ အရေးယူမည်ကို တိတိကျကျ ထုတ်ပြန်ပြောဆိုခြင်း မရှိပေ။

“MPT ဆင်းမ်ကတ် ချပေးတဲ့ အရေအတွက်နည်းလို့ မှောင်ခိုဈေးကွက် ဖြစ်လာတာပါ။ MPT အနေနဲ့ ဒါကို မဖြစ်ချင်ဘူးဆို ဆင်းမ်ကတ် အလုံအလောက် ချပေးဖို့ လုပ်သင့်တယ်” ဟု ရန်ကုန်မြို့လယ်ရှိ MPT ဆင်းမ်ကတ် များကို တရားဝင် ရောင်းချခွင့် ရရှိထားသော အရောင်းကိုယ်စားလှယ် ဆိုင်ခွဲတစ်ခုမှ အထွေထွေ မန်နေဂျာ တစ်ဦးက ထောက်ပြ ပြောဆိုသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဆင်းမ်ကတ်များ ရောင်းချရန် တရားဝင် လုပ်ပိုင်ခွင့် ပေးထားသော ကိုယ်စားလှယ် ဆိုင်များ စည်းကမ်းချိုးဖောက်မှသာ အရေးယူနိုင်မည် ဖြစ်ပြီး ထိုကိုယ်စားလှယ်များထံမှ တစ်ဆင့်ခံ ဝယ်ယူရောင်း ချနေသော အခြားတယ်လီဖုန်း ဆင်းမ်ကတ်ဆိုင်များကိုမှု အရေးယူနိုင်မည် မဟုတ်ကြောင်း ၎င်းက ထပ်လောင်း ပြောဆိုသည်။

မြန်မာ့ဆက်သွယ်ရေးမှ ရောင်းချသော ၁၅၀၀ ကျပ်တန် ဆင်းမ်ကတ်များကို ဆိုင်အချို့မှာသာ ၁၅၀၀ ကျပ်ဖြင့် ရောင်းချကြပြီး ဆိုင်အများစုမှာ နည်းလမ်းအမျိုးမျိုးဖြင့် ဆင်းမ်ကတ်များကို အမြတ်ထုတ် ရောင်းချလျက်ရှိကြောင်း ဖုန်းဈေးကွက်မှ စုံစမ်းသိရှိရသည်။ ၁၅၀၀ ကျပ်တန် ဆင်းမ်ကတ်များကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ လေးလအတွင်း ဆင်းမ်ကတ် အရေအတွက် ၅ သန်းအထိ ရောင်းချသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။


The Voice Journal
-------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...