ကလေးသူငယ် ညှဉ်းပန်းနှိပ်စက်ခြင်း (Child abuse)
Child abuse လို့ပြောတဲ့အခါမှာ များသောအားဖြင့် လူတွေထင်တာက ဒဏ်ရာ အနာတရဖြစ်အောင်၊ ခန္ဓာကိုယ်မှာ တစ်ခုခု ထိခိုက်အောင် လုပ် တာလောက်ပဲ ထင်ကြတာပါ။ တကယ်တော့ Child abuse ဆိုတာ အပေါ်ယံမြင်ရတဲ့ ဒဏ်ရာတွေတင် မဟုတ်ပါဘူး။ ကလေးရဲ့ လိုအပ်ချက်တွေကို လျစ်လျူရှုခြင်း၊ ကလေးကို ပစ်ထားခြင်း၊ ကလေးကို သူဟာ ညံ့ဖျင်းတယ်၊ တန်ဖိုးမရှိဘူးစသဖြင့် ခံစားစေခြင်း … အစရှိတဲ့ အချက်တွေပါ ပါဝင်ပါ တယ်။ ဘယ်လို Child abuse ပဲမဆို ကလေးကို စိတ်ပိုင်းဆိုင်ရာ အင်မတန် နာကျင် ထိခိုက်စေပါတယ်။
ကလေးသူငယ် ညှဉ်းပန်းနှိပ်စက်ခြင်း (Child abuse) ဆိုတာ ဘာတွေလဲ?
1 - ကလေးအား ဆဲဆိုကြိမ်းမောင်းခြင်း
2 - ကလေးအား မလိုအပ်ပဲ နောက်ပြောင်ခြင်း
3 - ကလေးအား ညစ်ညမ်းစာပေ၊ ညစ်ညမ်းအပြုအမူများနှင့် ထိတွေ့စေခြင်း
4 - ကလေးက မထိစေ မကိုင်စေချင်တဲ့နေရာကို ထိခြင်း၊ ကိုင်ခြင်း
5 - ကလေးအား မိမိ၏ ကိုယ်ခန္ဓာ အစိတ်အပိုင်း တစ်ခုခုကို အတင်းကိုင်ခိုင်းခြင်း
6 - ကလေးအား သူ့ကိုယ်သူယုံကြည်မှူပျက်ပြားစေခြင်း
7 - မိမိ၏ စိတ်ရှုပ်ထွေးခြင်းများ၊ စိတ်ညစ်စရာများကြောင့် ကလေးကို မကြာခဏ ရိုက်ခြင်း၊ နာကျင်စေခြင်း
8 - ကလေးအား ကြိုးကိုင်ခြယ်လှယ်၍ မတရားသဖြင့် မိမိအလိုရှိရာ လုပ်စေခြင်း။
9 - ကလေးကို ဂရုမစိုက်၊ တာဝန်မယူခြင်း။ ဥပမာ သန့်သန့်ရှင်းရှင်း မထားခြင်း၊ အ၀တ်အစား မဆင် ယင်ခြင်း၊ အစားအစာ မကျွေးခြင်း
10 - ကလေးအား အလုပ်သမားအဖြစ် အသုံးပြုခြင်း
11 - ကလေး၏ ပြောစကားများ၊ ခံစားချက်များအား နားထောင်မပေးခြင်း
12 - ကလေး၏ ခံစားမှူပိုင်းဆိုင်ရာ လိုအပ်ချက်ကို လစ်လျူရှုခြင်း
13 - မိမိ၏ သားသမီးအား ပညာရေးနှင့် ကစားချိန်အတွက် အချိန်မပေးပဲ အိမ်တွင်ခိုင်းစေခြင်း
14 - ကျောင်းတွင် ကလေးအား ရိုက်နှက်ခြင်း၊ အရှက်ကွဲစေခြင်း
15 - ကလေး၏ ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်ကို လစ်လျူရှုခြင်း
16 - ကလေး၏ ပညာရေးပိုင်းဆိုင်ရာ လိုအပ်ချက်ကို လစ်လျူရှုခြင်း
17 - ကလေးအား စောင့်ကြည့်သူမရှိပဲ ပစ်ထားခြင်း
ဒီအချက်တွေထဲက တချို့တွေဆိုရင် ကျွန်မတို့ဆီမှာ သမားရိုးကျ လုပ်နေကြအရာတွေဖြစ်လို့ Child abuse လို့တောင် မထင်ကြပါဘူး။ တကယ်တော့ ဒါတွေအားလုံးဟာ ကလေးတွေရဲ့ဘ၀မှာ အင်မတန်နာကျင် ထိခိုက်စေတဲ့ အချက်တွေပါ။ Child abuse and neglect နဲ့ပါတ်သတ်လို့ လူတွေထင်တာနဲ့ တကယ့် အဖြစ်အပျက်တွေနဲ့ မတူတဲ့ အချက်တွေ ရှိပါတယ်။
ထင်မြင်ချက် (၁) - ကြမ်းတမ်းပြီး လူကိုနာကျင်စေမှ Abuse လို့ထင်တယ်။
ဖြစ်ရပ်မှန် (၁) - ကိုယ်ခန္ဓာ ထိခိုက်နာကျင်မှုဆိုတာ Child Abuse တွေ အများကြီးထဲကမှ တစ်ခုဖြစ်ပါ တယ်။ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်စေခြင်းဟာလဲ ကလေးကို အင်မတန် နာကျင်စေပါတယ်။
ထင်မြင်ချက် (၂) - မကောင်းတဲ့သူတွေသာ သူတို့သားသမီးတွေကို သူတို့ကိုယ်တိုင် Abuse လုပ်ကြ တယ်။
ဖြစ်ရပ်မှန် (၂) - မကောင်းတဲ့ သူတွေသာ သူတို့သားသမီးတွေကို သူတို့ Abuse လုပ်ကြတယ်လို့ ပြောတာ မှားပါတယ်။ တစ်ခါတစ်လေ သားသမီးတွေကို Abuse လုပ်တဲ့လူတွေက Abuse လုပ်ချင်စိတ်နဲ့ လုပ်တာ မဟုတ်ပါဘူး။ အဲဒီလိုလူတွေဟာ သူတို့ကိုယ်တိုင် ကလေးဘ၀တုန်းက ကိုယ့်မိဘတွေက (နားမလည် လို့သော်လည်းကောင်း) Abuse လုပ်တာ ခံခဲ့ရဖူးတာမျိုးတွေကြောင့် သူတို့မိဘတွေနဲ့ သူတို့ကြီးပြင်းခဲ့ရတဲ့ ပုံစံအတိုင်း သူတို့ကလေးတွေကို ဆက်ဆံမိနေတာဖြစ်ပါတယ်။ အခြားဘယ်လိုနည်းလမ်းနဲ့ (ကိုယ့်မိဘက ကိုယ့်ကို ဆက်ဆံတဲ့ အတိုင်းမဟုတ်ပဲနဲ့) သားသမီးတွေကို ဘယ်လိုကောင်းအောင် ပြုစုပျိုးထောင်ရမယ် ဆိုတာမသိတာတွေကြောင့်လဲ ပါပါတယ်။ တချို့ ကလေးတွေကတော့ စိတ်ပိုင်းဆိုင်ရာရောဂါ တစ်ခုခု ရှိတဲ့မိဘတွေဆီက Abuse လုပ်တာခံရနိုင်ပါတယ်။
ထင်မြင်ချက် (၃) – Child Abuse ဆိုတာ စီးပွားရေး အခြေအနေကောင်းတဲ့ မိသားစုတွေမှာ မဖြစ်ဘူး။
ဖြစ်ရပ်မှန် (၃) - Child Abuse ဆိုတာ ဆင်းရဲ၊ ချမ်းသာ၊ မကောင်းတဲ့ပတ်ဝန်းကျင် ဘာညာနဲ့ မဆိုင်ပါဘူး။ လူမျိုးမရွေး၊ စီးပွားရေးအခြေအနေမရွေး၊ ရိုးရာယဉ်ကျေးမှုမရွေး ဖြစ်နိုင်ပါတယ်။ တစ်ခါတစ်လေ အပြင်ပန်း က ပြည့်စုံတယ်ထင်ရတဲ့ မိသားစုမျိုးမှာ မမြင်ရတဲ့ပြဿ နာ အများကြီး ရှိနိုင်ပါတယ်။
ထင်မြင်ချက် (၄) – Child Abuse လုပ်တဲ့သူများဟာ သူစိမ်းတွေဖြစ်တယ်။
ဖြစ်ရပ်မှန် (၄) - သူစိမ်းတွေက Abuse လုပ်တာတွေ အများကြီးရှိပေမယ့် များသောအားဖြင့်က မိသားစုဝင် များက Abuse လုပ်တာ၊ မိသားစုနဲ့ ရင်းနှီးတဲ့သူတွေက Abuse လုပ်တာ ပိုများပါတယ်။
ထင်မြင်ချက် (၅) – Abuse လုပ်ခံရတဲ့ကလေးတိုင်းဟာ ကြီးလာရင် သူများကို ပြန်ပြီး Abuse လုပ်တတ်တဲ့ သူဖြစ်လာတယ်။
ဖြစ်ရပ်မှန် (၅) - အဲဒီလိုဖြစ်ဖို့များပါတယ်။ ကလေးတုန်းက ကိုယ်ခံခဲ့ရတဲ့အတိုင်း သူများကို ပြန်လုပ် မိနေတာမျိုးတွေ ဖြစ်ပါတယ်။ ဒါပေမယ့် Child Abuse လုပ်ခံရတဲ့သူတိုင်း အဲဒီလိုမဖြစ်ပါဘူး။ တချို့ Abuse လုပ်ခံခဲ့ရတဲ့ကလေးတွေ ကြီးလာတဲ့အခါ မိမိတုန်းက နာကျင်ခံစားခဲ့ရသလို မိမိသားသမီးတွေ မခံစားစေရ ဘူးဆိုပြီး ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချ၊ သားသမီးတွေကို ကာကွယ်တတ်တဲ့ အကောင်းဆုံး မိဘတွေ ဖြစ် လာတတ်ကြပါတယ်။
အဆုံးသတ်အနေနဲ့ ပြောချင်တာက …
- ဒီစာကို ဖတ်ရင်းနဲ့ ကိုယ်ငယ်ငယ်တုန်းက Abuse လုပ်ခံရတာတွေကို ပြန်မြင်ယောင်လာပြီး Abuser တွေကို (ကိုယ့်မိဘဖြစ်ချင်ဖြစ်မယ်) မုန်းဖို့မဟုတ်ပါဘူး။ သူတို့ကိုယ်တိုင်လဲ ဒါတွေဟာ မလုပ်သင့်တဲ့ child abuse လုပ်ရပ်တွေမှန်း သိချင်မှသိမှာပါ။
- အရင်ကဖြစ်ခဲ့တာတွေကို ပြန်ပြင်လို့မရတော့တဲ့အတွက် မသိနားမလည်လို့သော်လည်းကောင်း၊ သိလျက် နဲ့သော်လည်းကောင်း ကိုယ့်ကို Abuse လုပ်ခဲ့တဲ့ မိသားစုဝင်ရှိခဲ့မယ်ဆို Forgive and Forget လုပ်လိုက် ပါ။ လူကို ခွင့်လွှတ်လိုက်ပါ၊ အဖြစ်အပျက်ကို မေ့ဖို့ကြိုးစားလိုက်ပါ။ Move on လုပ်ပါ။ ရှေ့ဆက် သွားပါ။
- ကိုယ်ကိုယ်တိုင်လဲ အထက်မှာရေးထားတဲ့အချက်တွေထဲကအတိုင်း လုပ်မိနေတယ်ဆိုရင် ရပ်လိုက်ပါ။ ကိုယ့်သားသမီးလေးတွေ၊ ကိုယ့်တူတူမလေးတွေ၊ ကိုယ့်နီးစပ်ရာဆွေမျိုးသားချင်း ကလေးငယ်လေးတွေကို ချစ်ခြင်းအားဖြင့် ပျော်ရွှင်စွာကြီးပြင်းလာစေပါ။ သူတို့တွေကို abuse လုပ်ခံရခြင်းမှ ကာကွယ်ပါ။ ကိုယ့်ရဲ့ next generation မှာ child abuse ကို မသိနားမလည်လို့ ဆက်ကျူးလွန်မိတာတွေ ကင်းဝေးစေပါ။
#JESSICA_M
ShweMinThar
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

- (အရှေ့သို့) ‘အာ့လာပြောတာ’’၊ ‘‘ဆေးထိုးကြမ်းတယ်’’တို့နှင့် ဖေ့စ်ဘွတ်ခ် ဗန်းစကားရေစီးကြောင်း Ei Chaw Po (အိချောပို)..Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးသရဲမွေးမိသူ မိခင်US officials advocate use of HIV pill to fight AIDSCytotec (Misoprostol) ဆေးသုံးနည်း
- (အနောကျသို့) စာအုပ်အစုံပါသည့် Save လုပ်ပြီး သိမ်းထားရမည့် လင့်ခ်များ Ei Chaw Po (အိချောပို)..Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးသရဲမွေးမိသူ မိခင်US officials advocate use of HIV pill to fight AIDSCytotec (Misoprostol) ဆေးသုံးနည်း