အခက်အခဲတွေ ရင်ဆိုင်ကြုံတွေ့ရတဲ့အခါ...

တစ်နေ့မှာ သမီးဖြစ်သူက ဖခင်ဖြစ်သူကို ရင်ဖွင့်တယ်။

"ဖေဖေ! သမီးဘဝက အရမ်းစိတ်ပျက်စရာကောင်းတာပဲ... သမီး အရမ်းစိတ်ညစ်တယ်... ဘာလုပ်ရမှန်း မသိတော့ဘူး... အခက်အခဲတွေနဲ့ အမြဲတမ်း ကြုံနေရတယ်... သမီး ငြီးငွေ့လာပြီ... ပြဿနာတွေကလည်း တစ်ခုပြီးတစ်ခု ဖြေရှင်းလို့ မကုန်နိုင်တော့ဘူး..."

ဒီအခါ ဖခင်ဖြစ်သူက သမီးကို မီးဖိုချောင်ထဲ ခေါ်သွားလိုက်တယ်။ သူက အိုးသုံးလုံးကို ရေထည့်ပြီး မီးဖိုပေါ် တစ်ပြိုက်နက် တင်လိုက်တယ်။ အိုးထဲက ရေတွေ ဆူပွက်လာတဲ့အခါ ပထမအိုးထဲကို အာလူးတစ်လုံး ထည့်လိုက်တယ်။ ဒုတိယအိုးထဲကို ကြက်ဥတစ်လုံး ထည့်လိုက်တယ်။ နောက်ပြီး တတိယအိုးထဲကိုတော့ ကော်ဖီစေ့တွေ ထည့်လိုက်တယ်။

အဲဒီနောက် သမီးဖြစ်သူကို စကားတစ်ခွန်းမှ မပြောပဲ အိုးထဲကအရာတွေ ဆူပွက်တဲ့အထိ ထိုင်စောင့်နေတယ်။ သမီးဖြစ်သူလည်း ဖခင်လုပ်နေတာကို ကြည့်ပြီး စိတ်မရှည်စွာနဲ့ ညည်းတွားနေမိတယ်။ တစ်ချိန်တည်းမှာပဲ သူ ဘာတွေ လုပ်နေသလဲဆိုတာ သိချင်နေတယ်။

မိနစ်နှစ်ဆယ် ကြာပြီးတဲ့နောက် ဖခင်ဖြစ်သူက မီးဖိုမီးတွေ ပိတ်လိုက်တယ်။ အာလူးကို အိုးထဲက ထုတ်ပြီး ပန်းကန်လုံးထဲ ထည့်လိုက်တယ်။ ပြုတ်ထားတဲ့ ကြက်ဥကိုလည်း ထုတ်လိုက်ပြီး ပန်းကန်လုံးထဲ ထည့်လိုက်တယ်။

အဲဒီနောက် တတိယအိုးထဲက ကော်ဖီတွေကို ယောက်ချိုဇွန်းနဲ့ခပ်ပြီး ကော်ဖီခွက်ထဲ ထည့်လိုက်တယ်။ ပြီးတော့ သမီးဘက်ကို လှည့်ပြီး "ဘာတွေ တွေ့သလဲ... ငါ့သမီး?..." လို့ မေးလိုက်တယ်။

"အာလူး၊ ကြက်ဥနဲ့ ကော်ဖီ..."တွေလို့ သမီးဖြစ်သူက ချက်ချင်း ပြန်ဖြေလိုက်တယ်။
ဒါနဲ့ ဖခင်ဖြစ်သူက...

''သမီး! အနားကပ်ပြီး အာလူးကို ထိကြည့်စမ်းပါဦး..." လို့ ပြောလိုက်တဲ့အခါ သမီးဖြစ်သူက အာလူးကို ထိကြည့်လိုက်တယ်။ အာလူးက နူးညံ့ပျော့ပြောင်းနေတာကို သူမ သတိပြုမိလိုက်တယ်။ အဲဒီနောက် ပြုတ်ထားတဲ့ ကြက်ဥကို ယူပြီး ခွဲဖို့ပြောတယ်။

သမီဖြစ်သူလည်း ကြက်ဥကိုခွဲပြီး အခွံတွေ ဖယ်ရှားလိုက်တယ်။ ကြက်ဥပြုတ်ရဲ့ အနေအထားကို သူမ သတိပြုမိလိုက်တယ်။ အဲဒီနောက် ကော်ဖီထည့်ထားတဲ့ခွက်ကို ယူပြီး သောက်ခိုင်းတယ်။ ကော်ဖီရဲ့ နှစ်လိုဖွယ် အနံ့အရသာကြောင့် သူမမျက်နှာ ပြုံးရွှင်လာတယ်။

အဲဒီနောက် သမီးဖြစ်သူလည်း ဖခင်လုပ်နေတာတွေကို သိချင်နေတာနဲ့ "ဒါတွေက ဘာကိုဆိုလိုချင်တာလဲ ဖေဖေ..." ဆိုပြီး မေးလိုက်တယ်။

ဒီအခါ ဖခင်ဖြစ်သူက သမီးကို စိတ်ရှည်ရှည်နဲ့ ရှင်းပြတယ်...

"ငါ့သမီး...! အာလူး၊ ကြက်ဥနဲ့ ကော်ဖီစေ့တွေ အားလုံးဟာ ပွက်ပွက်ဆူနေတဲ့ ရေအပူရှိန်ကို ညီတူညီမျှ ရင်ဆိုင်ခဲ့ရတယ်..."

"ဒါပေမယ့် သူတို့တစ်ခုချင်းစီဟာ ကြုံတွေ့ရတဲ့ အပူရှိန်အပေါ် မတူကွဲပြားစွာ တုံ့ပြန်ခဲ့ကြတယ်..."

"မာကျောနေတဲ့ အာလူးဟာ ပွက်ပွက်ဆူနေတဲ့ ရေနဲ့တွေ့တဲ့အခါ ပျော့ပျောင်းလာတယ်... အားနည်းလာတယ်..."

"ကြက်ဥဟာ ထိခိုက်လွယ်တယ်... အထဲက အရည်တွေကို အပြင်က ပါးလွှာတဲ့အခွံနဲ့ ကာကွယ်ပေးထားတယ်... ဒါပေမယ့် ဆူပွက်နေတဲ့ ရေနဲ့ ထိတွေ့တဲ့အခါ သူ့ရဲ့ အတွင်းပိုင်းဟာ ခက်ထန် မာကျောလာတယ်..."

"ဒါပေမယ့် ကော်ဖီစေ့တွေကတော့ ထူးခြားတယ်... သူတို့ဟာ ပွက်ပွက်ဆူနေတဲ့ ရေနဲ့ ထိတွေ့တဲ့အခါ အဲဒီရေတွေကို တစ်မျိုးတစ်ဖုံ ပြောင်းလဲပြီး နှစ်လိုဖွယ်ရာ တစ်စုံတစ်ရာကို ဖန်တီးပေးခဲ့တယ်..."

"ဒီတော့... ငါ့သမီးကလည်း ဘယ်လိုအမျိုးအစားထဲမှာ ပါသလဲ?... အခက်အခဲဒုက္ခတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရတဲ့အခါ သူတို့ကို ဘယ်လိုမျိုး တုံ့ပြန်ချင်သလဲ?..."

"အာလူး?... ကြက်ဥ?... ဒါမှမဟုတ် ကော်ဖီလား?......"


ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...