ယာဉ်မောင်းသူကို ကူညီပေးမည့် မော်တော်ကား Chip



Chip ထုတ်လုပ်သူ Freescale နှင့် ဆော့ဝဲ ကုမ္ပဏီများ ဖြစ်ကြသည့် Neusoft နှင့် Green Hills တို့ ပူးပေါင်းပြီး မော်တော်ယာဉ်မောင်းသူကို ကူညီပေးမည့် Chip များ ထုတ်လုပ်မည် ဖြစ်သည်။ အဆိုပါ Chip သည် လမ်းသွားလမ်းလာများ၊ မီးပွိုင့် အခြေအနေ၊ ယာဉ်တိုက်မှုများ၊ အိပ်ငိုက်နေသော ယာဉ်မောင်း၊ လမ်းညွှန်ဆိုင်းဘုတ်များ စသည်များ အပါအ၀င် ကားပတ်ဝန်းကျင်ရှိ အရာဝတ္ထုများကို အာရုံခံ သိရှိမည် ဖြစ်သည်။

Chip သည် သာမာန်မဟုတ်သော အခြေအနေများတွင် ယာဉ်မောင်းသူကို ထောက်ပံ့ကူညီပေးနိုင်ပါသည်။ Chip သည် Google , Volvo နှင့် အခြားကားထုတ်လုပ်သူများ တီထွင်နေသည့် အလိုအလျှောက်မောင်းနှင် သည့် ကားများကဲ့သို့ စွမ်းဆောင်နိုင်မည် မဟုတ်ဘဲ ယာဉ်မောင်းသူကိုသာ ကူညီပေးနိုင်ခြင်းဖြစ်သည်။ သို့သော် အလိုအလျှောက်မောင်းနှင်သည့် ကားများကို အောင်မြင်စွာ တီထွင်နိုင်ရန် Chip က ကြီးမားသည့် တီထွင်မှု တစ်ခု ဖြစ်လာမည် ဖြစ်သည်။

အလိုအလျှောက်မောင်းနှင်သည့်ကားများသည် ဖွံ့ဖြိုးတိုးတက်မှုများစွာ ဖြစ်ပေါ်လျှက်ရှိပါသည်။ အဆိုပါ ကားများတွင် ယာဉ်မောင်းသူက ကားကို အလိုအလျှောက်မောင်းနှင်စေပြီး တစ်ရေးအိပ်စက်နိုင်သကဲ့သို့ စာအုပ်တစ်အုပ် ဖတ်နိုင်စေရန် ဒီဇိုင်းလုပ်ထားခြင်းဖြစ်ပြီး ယာဉ်မောင်းသူကို ကူညီမှုသာပေးနိုင်သည့် ကားများနှင့် ကွာခြားပါသည်။ သို့သော် ယာဉ်မောင်းသူကို ကူညီပေးသည့် နည်းပညာ သည် အလို အလျှောက်မောင်းနှင်သည့် ကားများ အတွက် ကြားခံ အဆင့် တစ်ခု ဖြစ်သည် ဟု ကျွမ်းကျင်သူများက သုံးသပ်ပါသည်။

Freescale သည် ကျန်းမာရေး ပစ္စည်းများ၊ မိုဘိုင်းကွန်ရက် အထောက်အပံ့ပစ္စည်းများတွင် စမတ်ကျသည့် စွမ်းဆောင်ချက်များထည့်သွင်းပေးခြင်း နှင့် Guitar Hero Video Game တွင် အသုံးပြုသည့် လှုပ်ရှားမှုကို အာရုံခံနိုင်သည့် Sensor များကို အဓိက ထုတ်လုပ်လျှက်ရှိပါသည်။

Freescale သည် ဆော့ဝဲ ကုမ္ပဏီများ နှင့် ပူးပေါင်းပြီး ကင်မရာများမှ ဒစ်ဂျစ်တယ် ဒေတာများကို ခွဲခြမ်းစိတ်ဖြာနိုင်သည့် Processor ကို ထုတ်လုပ်မည် ဖြစ်သည်။ Green Hills က အဆိုပါ နည်းပညာ အတွက် Operating System ကို ရေးဆွဲမည် ဖြစ်ပြီး Neusoft က အရာဝတ္ထုများကို အာရုံခံနိုင် သည့် ဆော့ဝဲ ကို ရေးသားမည် ဖြစ်သည်။

အဆိုပါ နည်းပညာ ကို ၂၀၁၅ ခုနှစ်တွင် ဈေးကွက်ထဲ ရောက်ရှိရန် ရည်ရွယ်ထားပါသည်။ ဈေးကွက် ထဲ ရောက်ရှိချိန်တွင် Top View ကင်မရာ စွမ်းဆောင်ချက်ပါလာမည် ဖြစ်သည်။ Top View သည် ကားပတ်လည်ရှိ ကင်မရာများ မှ ရိုက်ကူးထားသည့် ပုံရိပ်ကို တစ်ပုံထဲအဖြစ် ပြောင်းလဲပေးခြင်း ဖြစ် ပါသည်။ ကားနောက်ဆုတ်သည့် အချိန်များ နှင့် ကျဉ်းမြောင်းသည့်လမ်းများတွင် မောင်းနှင်ရန် အထောက်အကူပေးနိုင်သကဲ့သို့ ယာဉ်မောင်းသူ မမြင်ရသည့် နေရာများကို မြင်တွေ့နိုင်မည် ဖြစ်သည်။

သူရ
Myanmar Digital Life Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...