ဂျာမဏီနိုင်ငံ လမ်းဖြတ်ကူးနည်း
ဂျာမဏီလို့ပြောလိုက်တာနဲ့ လူတွေရဲ့အသိဉာဏ်ထဲမှာ ဂျာမန်လူမျိုးတွေဟာ သူတို့ရဲ့စည်းကမ်း၊ ကန့်သတ်ချက် တွေကို လမ်း၊ ယာဉ်စည်းကမ်း လိုက်နာဖို့အထိ တိုးချဲ့ ခဲ့တယ်လို့ သိထားကြပါတယ်။ တကယ်လည်း ဂျာမဏီမှာ လမ်းသွားလမ်းလာ တွေပဲဖြစ်ဖြစ်၊ ကားတွေပဲဖြစ်ဖြစ် မီးနီဖြတ်ကူးတာ၊ ဖြတ်မောင်းတာမျိုး မရှိသလောက်ကို ရှားပါတယ်။ လမ်းပေါ်မှာ ကားသွားကားလာ မရှိလည်း မျဉ်းကျားမှာ မီးနီနေရင် လူတွေဟာ စည်းကမ်းတကျနဲ့ မီးစိမ်းတဲ့ အထိကို ရပ်စောင့်ကြပါတယ်။ ဂျာမဏီမှာ အကာအရံတွေကို ကျော်တက်ပြီး လမ်းကူးတာမျိုး၊ ကားမိုင်နှုန်းမြန်တဲ့ နေရာတွေမှာ လမ်းဖြတ်ကူးတာမျိုး လုံးဝမရှိပါဘူး။ လူတိုင်းက ယာဉ်စည်းကမ်း လမ်းစည်းကမ်းတွေကို တကယ်ပဲလိုက်နာကြပါတယ်။
ဂျာမန်တွေ ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာတာဟာ သူတို့သင်ယူခဲ့တဲ့ ပညာရေးနဲ့လည်း ဆိုင်ပါတယ်။ လမ်းအန္တရာယ် ကင်းရှင်းရေး ပညာပေးစနစ်မှာ ကလေးတွေကို လမ်းစည်းကမ်း အသိပညာ ဖြန့်ဝေ ပျိုးထောင်မှုက အရေးအပါဆုံး ကဏ္ဍတစ်ရပ်ဖြစ်ပါတယ်။ မူကြိုစတက်တာနဲ့ လမ်းအန္တရာယ် ကင်းရှင်းရေး သင်ခန်းစာကို သင်ကြားဖို့ အစိုးရက သတ်မှတ်ခဲ့ပါတယ်။ ဆယ်ကျော်သက် အရွယ်ရောက်တဲ့အခါ ကလေးတွေ စက်ဘီးစီးရင်လည်း ကျောင်းအဖွဲ့၊ ယာဉ်ထိန်းရဲအဖွဲ့က ဦးဆောင်ပြီး လမ်းပေါ်မှာ “အစမ်းလေ့ကျင့်မှု”တွေပြုလုပ်ပြီးမှသာ စက်ဘီးစီးခွင့် ရပါတယ်။ ညအချိန်မှာ စက်ဘီးစီးတဲ့ အခါ စက်ဘီးရှေ့မီးနဲ့ အခြားမီးတွေကို ဖွင့်ရပါတယ်။ အဲဒီအပြင် အရောင်ပြန်တဲ့ အဝတ်အစားကို ဝတ်ဆင် ရပါတယ်။ ဦးထုပ်(Helmet)ကတော့မပါမဖြစ် ပါရပါတယ်။ ယာဉ်မောင်း လိုင်စင်ကိုလည်း စည်းကမ်း တင်းကျပ်ထားပါတယ်။ အမှတ်တမဲ့ အမှားအယွင်းလေး ရှိရင်တောင် အအောင်မပေးပါဘူး။
ဂျာမန်တွေ မီးနီဖြတ်မောင်း၊ ဖြတ်ကူးရင် ကြီးလေးတဲ့ ပြစ်ဒဏ်ခံရပါတယ်။ ဂျာမဏီနိုင်ငံမှာ မီးနီဖြတ် တာနဲ့ လူကိုယ်တိုင်ရဲ့credit (ယုံကြည်မှု)တို့ကို တိုက်ရိုက် ချိတ်ဆက်ထားပါတယ်။ တကယ်လို့ မီးနီဖြတ် ခဲ့ဖူးသူဟာ တခြားလူတွေလို အရစ်ကျငွေချေခွင့်ရ၊ ဘဏ်ငွေချေးခွင့် နှစ်ရှည်ရတဲ့ အခွင့်အရေးမျိုးကို မခံ စားရပါဘူး။ ဒါ့အပြင် ဘဏ်အတိုးကို တခြားလူထက် ပိုပေးရပါတယ်။ ဂျာမန်တွေက မီးနီဖြတ်သူတွေဟာ ကိုယ့်အသက်ကို တန်ဖိုးမထားသူလို့ သတ်မှတ်ပါတယ်။ အဲဒီလိုလူမျိုးဟာ အန္တရာယ်ရှိတဲ့သူ၊ ကိုယ့် အသက်ကိုတောင် တန်ဖိုးမထားမှတော့ တခြားယုံကြည်မှု အကြောင်းကို ပြောဖို့မလိုတော့ပါဘူး။

Nine Nine Sanay @ နိုင်းနိုင်းစနေ
--------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)