ပြောင်းလဲလာသည့် ပညာရေးစနစ်အား ချိန်ညှိခြင်း

Written by ခင်မောင်ဌေး (ပညာရေး)

တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများ ကြိုတင်ကြေညာ ထားသည့်အတိုင်း ဇွန် ၇ ရက်တွင် ထွက်ရှိ လာသည်။ အောင်မြင်သူများ၊ ဂုဏ်ထူးရရှိသူများ ပျော်မဆုံးမော်မဆုံးဖြစ်ကြ၏။ ရှုံးနိမ့်သူများ မှိုင်သူမှိုင် ငိုင်သူငိုင်၊ ငိုသူငို၊ ယိုသူယို။

စင်စစ်ဘဝခရီးလမ်းကို လျှောက်လှမ်းရာတွင်လည်း အမြဲတမ်း အနိုင်ရနေသည်မဟုတ်။ ရှုံးနိမ့်ရသည့် အခါများလည်းရှိ၏။ ရှုံးနိမ့်တိုင်းလည်း စိတ်ဓာတ်ကျစရာ မဟုတ်ပါ။ “လေတိုက်တိုင်းသာ၊ ရွက်ကြွေပါမူ၊ ဘယ်မှာ သစ်ရွက်ကျန်မည်နည်း။ ရေတိုက်စားတိုင်းသာ ကမ်းပါးပြိုပါမူ ဘယ်မှာမြေသားကျန်မည် နည်း။ ကျရှုံးတိုင်းသာ ငိုရပါမူဘယ်မှာ မျက်ရည်ကျန်မည်နည်း” ဆိုသကဲ့သို့ပင်။ ဆုံးရှုံးမှုနှင့်ကြုံရသည့် အခါတိုင်း မလျှော့သောဇွဲလုံ့လ၊ ကြံ့ခိုင်သော စိတ်ဓာတ်ဖြင့် မိမိ၏လိုအပ်ချက်၊ အားနည်းချက်များကိုရှာ ကာအချိန် မီအခါမီ ပြုပြင်လိုက်လျှင် ဆုံးရှုံးခြင်းမှသည် အောင်မြင်မှုဆီသို့တက်လှမ်းနိုင်မည်သာ ဖြစ်သည်။

ယခုနှစ်၏ တစ်နိုင်ငံလုံးအောင်ချက်ကို ယေဘုယျသုံးသပ်ရလျှင် ၃၀ ရာခိုင်နှုန်း ဝန်းကျင်တွင်သာ ရှိသည် ကိုတွေ့ရ၏။ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်ကြည့်လျှင် မွန်ပြည်နယ်သည် အောင်ချက် ရာခိုင်နှုန်း အကောင်းဆုံးဖြင့် လေးနှစ်ဆက်တိုက် ပထမနေရာတွင် ရပ်တည်နိုင်ခဲ့သည်။

ထို့နောက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ၊ ရန်ကုန်တိုင်းဒေသကြီးတို့ အသီးသီးရပ်တည်နိုင်ခဲ့ ကြသည်ကို တွေ့ရ၏။ မြို့နယ်များနှင့် ကျောင်းအလိုက်အောင်ချက်ရာခိုင်နှုန်းများ၊ ဂုဏ်ထူးအရေအတွက် များကိုကြည့်လျှင် ကွဲပြားနေကြမည်သာ ဖြစ်သည်။

စင်စစ်တက္ကသိုလ်ဝင်တန်း စာမေးပွဲသည် အခြေခံကျောင်းသား၊ ကျောင်းသူများ၏ ဘဝလမ်းခွဲကို အဓိက ဆုံးဖြတ်ပေးရာနေရာပင်ဖြစ်သည်။ အကြောင်းမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲရမှတ်ဖြင့် ကျောင်းသား၊ ကျောင်းသူများ၏ အသက်မွေးဝမ်းကျောင်း၊ တက္ကသိုလ်၊ ကောလိပ်စသည်တို့ကို ခွဲခြား နိုင်ခြင်းကြောင့် ပင်ဖြစ်သည်။ လက်ရှိအနေအထားတွင် ကျောင်းသား၊ ကျောင်းသူများ၏ အရည်အချင်းကို စစ်ဆေးအကဲ ဖြတ်ရာတွင်လည်း စာမေးပွဲထက်ကောင်းသည့် စနစ်မျိုးမရှိသေးပါ။

ယခုကျင်းပနေသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲသည် အခြေခံပညာကျောင်းသား၊ ကျောင်းသူများ အတွက် တစ်ခုတည်းသော အစိုးရစစ်စာမေးပွဲဖြစ်သည်။ ဆိုလိုသည်မှာ သူငယ်တန်းမှ နဝမတန်းအထိ ကျောင်းစစ်စာမေးပွဲဖြစ်သည်။ တက္ကသိုလ်ဝင်တန်းရောက်မှသာ အစိုးရစစ်စာမေးပွဲနှင့်တွေ့ရခြင်းဖြစ် ရာ မျှော်မှန်းထားသည်ထက် လျော့နည်းကာပညာရေးအဟောသိကံဖြစ်မှုများလည်းရှိသည်ကို တွေ့ နိုင်ပါ သည်။

သို့ဖြင့် ယခုပညာသင်နှစ်မှစ၍ စတုတ္ထတန်းနှင့် အဋ္ဌမတန်းစာမေးပွဲများအား ရှေးယခင်က စစ်ဆေးခဲ့ သည့်အတိုင်း အစိုးရစစ် (ဝါ) ဘုတ်စစ်စာမေးပွဲများအဖြစ် ကျင်းပရန် စီစဉ်လျာထားလျက်ရှိကြောင်း သိရ၏။ ဤသို့ဖြင့် တက္ကသိုလ်ဝင်တန်း မရောက်မီ အဆင့်နှစ်ဆင့်တွင် ကျောင်းသား၊ ကျောင်းသူများ၏ အရည်အချင်းအား စစ်ထုတ်နိုင်တော့မည်ဖြစ်၏။

လွန်ခဲ့သည့် စာသင်နှစ်များအတွင်း ကျောင်းတွင်းစာမေးပွဲ၏ အောင်ချက်များကို လေ့လာရာတွင် ထူးခြားမှု ရှိလာသည်ကို တွေ့ရ၏။ ယင်းမှာအခြားမဟုတ်၊ အတန်းကြီးများ အထူးသဖြင့် အဋ္ဌမတန်း၊ နဝမတန်း စာမေးပွဲများတွင် ကျရှုံးသူအရေအတွက် သိသိသာသာများလာခြင်းပင် ဖြစ်သည်။ နာမည် ကြီးကျောင်းများ တွင်လည်း အလားတူအခြေအနေမျိုးတွေ့ရ၏။

ဆိုရလျှင် လွန်ခဲ့သည့် လေး၊ ငါးနှစ်ခန့်က အောင်ချက်ရာခိုင်နှုန်းများနှင့် နှိုင်းယှဉ်ကြည့်လျှင် သိသာနိုင် သည်။ ယင်းနှစ်များကကျောင်းစစ်စာမေးပွဲများတွင် ကျရှုံးသူ မရှိသလောက် နည်းပါး၏။ အချို့ကျောင်း ငယ်များဆိုလျှင် အောင်စာရင်းပင် ကပ်စရာမလို၊ အောင်စာရင်းထွက်သည့်နေ့တွင် ကျောင်းသင်ပုန်း တစ်ခုတွင် “အတန်းအသီးသီးမှဖြေဆိုသူအားလုံးအောင်မြင်သည်” ဟူ၍ စာတစ်ကြောင်းတည်း ရေး လိုက်သည်များလည်း ရှိ၏။

ဤသို့ကျရှုံးသူမရှိ အောင်မြင်လာခြင်းကြောင့် ကျောင်းသား၊ ကျောင်းသူများမှာ တစ်တန်းပြီးတစ်တန်း အတန်းများတက်လာသော်လည်း ယင်းအတန်းအသီးသီးတွင် ကြေညက်ရမည့်စာများမှာ မကြေညက်ခဲ့။ ဤသို့ဖြင့် အတန်းကြီးများသို့ရောက်ရှိလာ၏။ တက္ကသိုလ်ဝင်တန်းအရောက်တွင် အစိုးရစစ်နှင့် တွေ့သောအခါ မရှူနိုင်မကယ်နိုင်နှင့် ကျရှုံးရုံကာမျှနှင့် ကျောင်းမှ ထွက်ခွာသွားကြသူများလည်း အများ အပြားတွေ့ရှိနိုင်လေသည်။ ယင်းသို့သော မျိုးဆက်များကား ယနေ့တိုင် ကျန်ရှိနေဆဲဖြစ်၏။

ယခုကဲ့သို့ စတုတ္ထတန်းနှင့် အဋ္ဌမတန်းကို စစ်ဆေးမည့်ပုံစံပြောင်းလိုက်ခြင်းဖြင့် မိဘများကလည်း မိမိ တို့၏သားသမီးများကို ပေါ့ပေါ့ဆဆ လွှတ်ထား၍မရတော့သည်ကို သိမြင်လာကြသည်။ သားသမီး အရေး တတ်နိုင်သမျှ အလေးထားလာကြသည်ကိုလည်း တွေ့ရ၏။

ဆိုရလျှင် အခြေခံပညာကျောင်းများက ကျရှုံးသူမရှိ အနေအထားမှ အရည်အချင်းမပြည့်မီ သူများကို တဖြည်းဖြည်း စစ်ချနေသည်ကိုတွေ့ရသည်။ ဤသို့ အတန်းအသီးသီးတွင် အရည်အချင်းပြည့်မီသူများ ကိုသာ အောင်မြင်စေခြင်းဖြင့် အစိုးရစစ်စာမေးပွဲနှင့် တိုက်ရိုက်ထိတွေ့ရမည့် တက္ကသိုလ်ဝင်တန်း စာမေး ပွဲတွင် အရည်အချင်းပြည့်ပြည့် အောင်ချက်ကောင်းကောင်းဖြင့် အောင်မြင်ကြမည်သာ ဖြစ်သည်။ ယခု စီမံဆောင်ရွက်နေသည့် စတုတ္ထတန်းနှင့် အဋ္ဌမတန်းစာမေးပွဲစစ်ဆေးမှုပုံသဏ္ဌာန်ပြောင်း လဲခြင်းက တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် ကြိုတင်လေ့ကျင့်ခြင်းပင်ဖြစ်ပါသည်။

ယခုအခါတွင် အစိုးရကျောင်းများနှင့်အတူ ပုဂ္ဂလိကကျောင်းများလည်း ပေါ်ထွန်းနေပြီဖြစ်၏။ ယင်းပုဂ္ဂလိ ကကျောင်းများ၏ အောင်ချက်ရာခိုင်နှုန်းကိုကြည့်လျှင် အစိုးရကျောင်းများနှင့် ဆန့်ကျင် ဘက်ဖြစ်နေသည် ကိုတွေ့ရ၏။ အစိုးရကျောင်းများက အရည်အချင်းမပြည့်မီသူများကို အတန်းချသည့် အနေအထားမျိုးတွင် ပုဂ္ဂလိကကျောင်းများက ကျရှုံးသူမရှိသလောက် အောင်စာရင်းများ ထုတ်ပြန်နေ သည်ကိုတွေ့ရ၏။ ပညာ မလို အတန်းတက်ရမှု ကိုသာလိုသော မိဘများလည်း ပုဂ္ဂလိကကျောင်းများတွင် အပြေးအလွှား အပ်နှံနေ ကြသည်ကို တွေ့ရ၏။

စင်စစ်ပုဂ္ဂလိကကျောင်းများသည်လည်း ပညာရေးဝန်ကြီးဌာန၏ လက်အောက်တွင်ရှိသည့် အခြေခံပညာ သင်ကျောင်းများကဲ့သို့ပင် စာမေးပွဲစစ်ဆေး၍ အောင်စာရင်းများ ထုတ်ပြန်ကြေညာနေရသည်ဖြစ်ရာ ကျရှုံး သူမရှိအောင်ချက်များ ထုတ်ပြန်နေမှုအပေါ် ပြန်လည်လေ့လာသုံးသပ်ရန် လိုအပ်လာပြီ ဖြစ်သည်။ အ တန်းတိုင်းတွင် “မအောင်မရှိ ငါ့တပည့်” မူဖြင့် လက်ခံသင်ကြားနေကြလျှင် မလိုလား အပ်သော ပညာရေး အဟောသိကံဖြစ်မှုများ မြင့်မားနေဦးမည်ဖြစ်သည်။

ထို့ကြောင့် ပုဂ္ဂလိကကျောင်းများသည်လည်း အစိုးရကျောင်းများကဲ့သို့ အရည်အချင်းပြည့်မီသူများကို သာ အတန်းတင်ပေးသည့်စနစ်ကို ကျင့်သုံးသင့်သည်။ ထို့အတူတပည့်များ၏ အရည်အသွေးမြင့်မား လာ အောင်လည်း အဘက်ဘက်မှ ဝိုင်းဝန်းကြိုးပမ်းကြရမည်ဖြစ်သည်။ သို့မှသာ ယင်းကလေးများသည် တက္က သိုလ်ဝင်တန်းဟူသည့် အစိုးရစစ် စာမေးပွဲနှင့်ရင်ဆိုင်ရသည့်အခါ မိမိတို့၏ကြိုးပမ်းအား ထုတ်မှုနဲ့ အတူ အောင်မြင်မှုရနိုင်ပေလိမ့်မည်။ မိမိတို့မျှော်မှန်းသည့် အရည်အချင်းပြည့်မီသော လူ့စွမ်းအား အရင်းအမြစ် များ မွေးထုတ်နိုင်ပေလိမ့်မည်။ ဤသည်မှာ အောင်ချက်ထိန်းညှိနိုင်ရေးနှင့် တိုက်ရိုက်အချိုးကျနေလိမ့်မည် ဟု တွေးဆမိသည်။ 


ကြေးမုံသတင်းစာ
ဇွန် (၁၂) ရက်၊ ၂၀၁၄ ခုနှစ်
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...