တယ်လီနော ဖုန်းများတွင် ကျန်းမာရေးဆိုင်ရာ အချက်အလက်များ ၀န်ဆောင်မှုပေးမည်
(ပြည်ပနိုင်ငံ တချို့တွင် အသုံးပြုလျက် ရှိသော တယ်လီနော ဆင်းမ်ကတ်)
တယ်လီနော မြန်မာကုမ္ပဏီနှင့် Marie Stopes Inter-national Myanmar (MSI-M) တို့ ပူးပေါင်း၍ မိုဘိုင်းဖုန်းမှ တစ်ဆင့် ကျန်းမာရေး သတင်း အချက်အလက်များကို မိုဘိုင်းစာတို (SMS)၊ အသံဖြင့် ပေးပို့မှုများ ၀န်ဆောင်မှု ပေးသွား မည်ဖြစ်ကြောင်း သတင်း ရရှိသည်။
မိုဘိုင်း နည်းပညာဖြင့် ချိတ်ဆက်ပြီး MSI-M မှ အထူးပြုလုပ်ထားသော ကျန်းမာရေးနှင့် ပတ်သက်သည့် အချက်အလက်များကို ကိုယ်ဝန်ဆောင် မိခင်များနှင့် မွေးဖွားပြီးခါစ မိခင်များအတွက် ပေးပို့သွားမည် ဖြစ်ပြီး သားဆက်ခြား ကျန်းမာရေး၊ ကလေး ကျန်းမာရေးနှင့် မျိုးဆက်ပွား ကျန်းမာရေး ဆိုင်ရာများကိုပါ ပေးပို့ထောက်ပံ့မည် ဖြစ်ကြောင်း သိရသည်။
ကျန်းမာရေးထောက်ပံ့ပေးမှုများဆောင်ရွက်ရာတွင် စာတိုပေးပို့ခြင်း၊ အသံဖြင့် ပေးပို့ခြင်း၊ ကွန်ပျူတာမှ အသံဖြင့် ပြန်လည်ဖြေကြားပေးမှုနှင့် Call Center များမှ ကျွမ်းကျင်ပညာရှင်များက ဖြေကြားပေးခြင်းကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း တယ်လီနောမြန်မာကုမ္ပဏီမှ သိရသည်။
ကျေးလက်ဒေသတွင် နေထိုင်သည့် လူဦးရေ ၇၀ ရာခိုင်နှုန်းအတွက်ကျန်းမာရေးဝန်ဆောင်မှုပေးရန် လိုအပ်နေပြီး မိခင်၊ ကလေးနှင့် ပတ်သက်သည့် ကျန်းမာရေးသတင်းအချက်အလက်များကို ၂၀၁၅ ခုနှစ် တွင် ရည်မှန်းထားသည့် ကလေးသေဆုံးမှုလျှော့ချရေး၊ မိခင်နှင့် သားဆက်ခြား ကျန်းမာရေးဝန်ဆောင်မှု တိုးတက်ရေးများ ပြည့်မီစေရန် တယ်လီနောမြန်မာကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း MSI-M ၏ Country Director ဒေါက်တာစစ်နိုင် ကပြောသည်။
မိုဘိုင်းကျန်းမာရေးစစ်ဆေးမှု ၀န်ဆောင်မှုများကို 3Gစနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျေးလက် ဒေသတွင်နေထိုင်သူများအနေဖြင့် မြို့ကြီးများရှိ ဆရာဝန်များနှင့် မိုဘိုင်းကွန်ရက်ကို အသုံးပြုကာ တိုင်ပင်ဆွေးနွေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
တယ်လီနောမြန်မာကုမ္ပဏီမှ မိုဘိုင်းဝန်ဆောင်မှုများကို စက်တင်ဘာတွင် စတင်အသုံးပြုနိုင်မည်ဖြစ်ပြီး မိုဘိုင်းဆင်းမ်ကတ်များကို ကျပ် ၁၅၀၀ နှုန်းဖြင့် မှတ်ပုံတင်ရှိသူတိုင်း လိုသလောက်ရောင်းချပေး မည်ဖြစ် သည်။

7Day daily
No.445 Sunday, July 20, 2014
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook