ငှက်များမတိုင်မီ တောင်ပံ လေးခုဖြင့် ပျံသန်း ခဲ့ကြသည့် ဒိုင်နိုဆောများ၏ ကျောက်ဖြစ် ရုပ်ကြွင်း တွေ့ရှိ

အကောင်း ပကတိအတိုင်း တည်ရှိနေသော တောင်ပံ လေးခုပါ ဒိုင်နိုဆော ကျောက်ဖြစ် ရုပ်ကြွင်း တစ်ခုကို တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်ပြည်နယ်တွင် တူးဖော် တွေ့ရှိ ခဲ့ကြ ပြီဖြစ်သည်။

အဆိုပါ တောင်ပံပါ ဒိုင်နိုဆော များသည် ငှက်များဖြစ်ပေါ်မှု မတိုင်ခင်ကပင် ပျံသန်းခဲ့ကြဖွယ် ရှိကြောင်း ယခုတွေ့ ရှိသည့် ကျောက်ဖြစ် ရုပ်ကြွင်းအရ ခန့်မှန်းနိုင်သည်။ ထို့အပြင် တရုတ်နိုင်ငံတွင် တွေ့ရှိသည့် တောင်ပံလေးခုပါ ဒိုင်နိုဆော (Changyuraptor) တွင် ပါရှိသည့် ရှည်လျားသော အမြီးသည် ၎င်းတို့ အန္တရာယ်ကင်းစွာ ပျံသန်း နိုင်ရေးအတွက် တည်ငြိမ်မှုနှင့် ထိန်းချုပ်နိုင်မှုတို့ကို ထောက်ပံ့ပေးနိုင်မည်ဟု ယူဆရကြောင်း ကျွမ်းကျင်ပညာ ရှင်များက ပြောကြားခဲ့သည်။

ယခု တူးဖော် တွေ့ရှိသည့် လွန်ခဲ့သော နှစ်သန်းပေါင်း ၁၂၅ သန်းက ရှင်သန် ပေါက်ဖွားခဲ့ကြသော ဒိုင်နိုဆော ကျောက်ဖြစ်ရုပ်ကြွင်းမှာ အရွယ်ပမာဏ အားဖြင့် လေးပေ(၁ ဒသမ ၂ မီတာ) အရှည်ရှိပြီး အလေးချိန် ၉ ပေါင် (၄ ကီလိုဂရမ်) ရှိသောကြောင့် ထိုကဲ့သို့သော ဒိုင်နိုဆော အမျိုးအစား တူးဖော် တွေ့ရှိမှုများအနက် အကြီးဆုံးသော အရွယ်အစားဖြစ်ကြောင်း ပညာရှင်များက ပြောကြားထားသည်။ အဆိုပါ ဒိုင်နိုဆောများတွင် ပါရှိသည့် အမြီးမှာ ပုံမှန်မဟုတ်သော အရှည်ရှိသည့်အပြင် ၎င်းတို့၏ ခြေချောင်းများမှာ အနောက်ဘက် တောင်ပံအစွန်းတွင် ပါဝင်လျက် ရှိသည်ကို တွေ့ရှိခဲ့ကြသည်။

ထို့အပြင် ခြေချောင်းများနှင့် လက်များတွင် ငှက်မွေးများ ထူထဲစွာ ပေါက်ရောက်နေခြင်းကြောင့် ၎င်းတို့ အနေ ဖြင့် ပျံသန်းနိုင်စွမ်း ရှိသည်ကို သိပံ္ပပညာရှင်များက အံ့သြဖွယ်ရာတွေ့ ရှိခဲ့ကြသည်။ သို့သော် ၎င်းဒိုင်နိုဆော များတွင် အမွေးများ ပေါက်ရောက်ကာ ပျံသန်းနိုင်သည် ဆိုသော်လည်း ၎င်းတို့သည် မြေပြင်ပေါ်တွင်သာ နေထိုင်ကျက်စားခဲ့သည်ဟု ယူဆရကြောင်း သိရသည်။ အဆိုပါ Changyuraptor အား တွေ့ရှိမှုစာတမ်းများ အရ ဒိုင်နိုဆောများ ပျံသန်းမှုသည် အရွယ်အစား သေးငယ်သော အကောင်များအတွက် အကန့်အသတ် မရှိသော်လည်း အရွယ်အစားကြီးမားသော ဒိုင်နိုဆောများအတွက် ပျံသန်းဖို့ရာ မစွမ်းသာနိုင်ကြောင်း ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်း တက္ကသိုလ်မှ ဒေါက်တာ မိုက်ကယ်ဟာဘစ်က ပြောကြားခဲ့သည်။


မြ၀တီ
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...