ရွှေမှုံရတီနှင့်တွေ့ဆုံခြင်း

‘‘ကောလာဟလဆိုတာ မမှန်ဘူးလေ။ ဘယ်အနုပညာရှင်မှ လိုက်မရှင်းဘူး’’


အွန်လိုင်းတွင် ပျံ့နှံ့လာခဲ့သော ဆေးလိပ်သောက်နေသည့် ပုံကြောင့် အသက်(၁၈)နှစ်ပင် မပြည့်သေး သော မင်းသမီးငယ် ရွှေမှုံရတီမှာ ပရိသတ်၏ ဝေဖန်မှုခံနေရသည်။ ထိုဓာတ်ပုံကို လွန်ခဲ့သည့် ခြောက်လ က ရိုက်ကူးထားခဲ့ခြင်းဖြစ်ပြီး ဓာတ်ပုံအထူးပြုလုပ်ချက်ဖြင့် ပြောင်းဖူးဖက်ထည့်ကာ ရှေးခေတ်ဟန်ဖြစ်ရန် စီးကရက်သောက်ဟန် အစားထိုး ရိုက်ကူးခဲ့ခြင်းသာဖြစ်ကြောင်း မိခင်ဖြစ်သူက ဖြေရှင်းထားသည်။ ဘ၀ အတွက် အရေးကြီးသော တက္ကသိုလ်ဝင်တန်းစာမေးပွဲ မအောင်မြင်ခဲ့သော်လည်း အနုပညာပျိုးခင်း အလယ်တွင် အောင်မြင်မှုတစ်နေရာ ရရှိထားသူလည်းဖြစ်သည်။ ရိုက်ကွင်းတွင် မူးလဲခဲ့ပြီး မကြာမီကမှ ဘန်ကောက်တွင် ဆေးကုသမှုခံယူခဲ့ရသော ရွှေမှုံရတီနှင့် တွေ့ဆုံကာ ၎င်း၏ အနုပညာ၊ ကျန်းမာရေးနှင့် ရှေ့ဆက်မည့် ခရီးလမ်းနှင့်ပတ်သက်၍ တွေ့ဆုံမေးမြန်းခဲ့သည်များကို ပြန်လည်မျှဝေလိုက်ပါသည်။

မေး- မှော်ကျောက်စာ ရုပ်ရှင်ဇာတ်ကားကြီးမှာ နှစ်ကိုယ်ခွဲ သရုပ်ဆောင်ဖို့ ဘယ်လောက်ပြင် ဆင်ပြီးသွား ပြီလဲ။ ဒီကားက ရုပ်ရှင်လည်းဖြစ်တယ်။ နှစ်ကိုယ်ခွဲဇာတ်ရုပ်လည်း ဖြစ်တယ်ဆိုတော့ ရွှေမှုံရတီအတွက် ခက်ခဲမှုတွေ ရှိနိုင်မလား။

ဖြေ- နှစ်ကိုယ်ခွဲတော့မဟုတ်ပါဘူး။ နှစ်ဘ၀အနေနဲ့ သရုပ်ဆောင်ရမှာပါ။ နည်းနည်းတော့ ကြိုးစားရ မှာပေါ့။ အင်္ကျီအ၀တ်အစားတွေ ပြင်ဆင်နေသလို အိုက်တင်တွေ အတွက်လည်း လေ့လာနေပါတယ်။ ဇာတ်ရုပ်ပီပြင်ဖို့ အတွက်ကတော့ ဆရာတွေသင်ပေးတဲ့အတိုင်း သရုပ်ဆောင်သွားမှာပါ။

မေး- ကိုလူမင်းနဲ့ ရိုက်ခဲ့တဲ့ နို့ဘီလူးရုပ်ရှင်မှာရော ဘယ်လိုဇာတ်ကောင်စရိုက်နဲ့ ပါဝင်သရုပ်ဆောင်ခဲ့ တာလဲ။ ရွှေမှုံရတီအတွက်ရော ဘယ်လောက်လုပ်ကွက်ရတဲ့ ရုပ်ရှင်လို့ ပြောလို့ရလဲ။

ဖြေ- နို့ဘီလူးမှာကျတော့ ဇေရဲထက်ရဲ့ ချစ်သူနေရာက သရုပ်ဆောင်ထားပါတယ်။ အဲဒီရုပ်ရှင်ကတော့ ဒရာမာကားလေးပါ။ လုပ်ကွက်တွေလည်း ရပါတယ်။

မေး- ပြီးခဲ့တဲ့လက ပြင်ဦးလွင်က ရိုက်ကွင်းတစ်ခုမှာ မူးလဲလို့ ကိုပြေတီဦးတို့ ဆေးရုံကို လိုက်ပို့ရတယ် ဆိုတော့ အဲဒီအကြောင်းကိုရော ပြန်ပြောပြပေးပါလား။

ဖြေ- ဆေးရုံလိုက်ပို့ကြတာ ရှုတင်ကလူတွေ အကုန်လုံး လိုက်ပို့ကြတာပါ။ ရှေ့မှာရိုက်ခဲ့တဲ့ ရုပ်ရှင်တွေ ကြောင့် အားနည်းနေတာ။ ပြင်ဦးလွင် စရောက်ကတည်းက နေမကောင်းတာ။ အဲဒီနေ့ကလည်း နေ မကောင်းလို့ဆိုပြီး ရှုတင်မှာ မရိုက်ခင်ခေါင်းမူးလို့ ဟိုတယ်မှာ ခဏပြန်နားမယ်ဆိုပြီး အိပ်ရင်းဖြစ်သွား တာ။ ဘယ်လိုဖြစ်သွားတာလဲဆိုတာ ကိုယ့်ဟာကိုယ်တောင်မသိဘူး။

မေး- ကျန်းမာရေးကြောင့် နောက်တစ်ကားကို ဆက်မရိုက်ဖြစ်ဘူးဆိုတော့ နောက်ရိုက်မယ့် ဇာတ်ကား ကရော ဘယ်လိုဇာတ်ရုပ်မျိုးလဲ။ အဲဒီကား လက်လွှတ်လိုက်ရတာကရော ရွှေမှုံရတီအတွက် နစ်နာမှုတွေ ရှိခဲ့လား။

ဖြေ- အိပ်ရာထဲမှာ သတိလစ်ပြီး ရောဂါက ပြန်ဖောက်လာတာ။ နောက်ပြီး နှလုံးရောဂါပါ ပြန်ဖြစ်လာ တာဆိုတော့ မဖြစ်တော့ဘူးဆိုပြီး ဆေးခန်းပြဖို့ အလောတကြီးပြန်လာခဲ့ရတာ။ လုံးဝမထင်မှတ်ဘဲဖြစ် သွားတာ။ နောက်ကားအတွက်လည်း အင်္ကျီအ၀တ်အစားတွေ ပြင်ဆင်ပြီးသား။ မိတ်ကပ်တွေဆိုလည်း လုပ်ပြီးသားဆိုတော့ အဲဒီအတွက်လည်း အားနာတယ်။ ကိုယ့်ကြောင့်ဖြစ်ရတာဆိုတော့ ရိုက်ကွင်းက လူတွေအားလုံးကို တောင်းပန်ခဲ့တယ်။ ဒီကားမရိုက်ရလို့ နစ်နာမှုအနေနဲ့ကတော့ ရိုက်ကွင်းကလူတွေ လုပ်ဖော်ကိုင်ဖက်တွေ ရွှေမှုံ့ကို စိတ်ခုသွားရင်တော့ အဲဒါကနစ်နာမှုပဲ။

မေး- လက်လွှတ်ခဲ့ရတဲ့ ဇာတ်ကားမှာ အိန္ဒြာကျော်ဇင် ပါဝင်သရုပ်ဆောင်ပေးခဲ့လို့ အဆင်ပြေသွားတယ် လို့သိရတယ်။ ၀ါရင့်သရုပ်ဆောင် တစ်ယောက်ဖြစ်ပေမယ့် ကိုယ့်နေရာမှာ ပါဝင်သရုပ်ဆောင်ပေးတဲ့ အိန္ဒြာကျော်ဇင်ကို ဘယ်လိုကျေးဇူးတင်စကားပြောချင်လဲ။

ဖြေ- ရုတ်တရက်ဖြစ်သွားတာကို မအူဝဲကိုယ်တိုင်က လှိုက်လှိုက်လှဲလှဲ ကူညီပေးချင်ပါတယ် ဆိုတာကို ရွှေမှုံမျှော်လည်း မမျှော်လင့်ထားဘူး။ ထင်လည်းမထင်ထားဘူး။ ဒါပေမဲ့ ကူညီပေးတဲ့အတွက် မအူဝဲကို အရမ်းကျေးဇူးတင်ပါတယ်။

မေး- ဘန်ကောက်ကို ဆေးကုသွားခဲ့တာဆိုတော့ ရွှေမှုံခံစားနေရတဲ့ ရောဂါရော သက်သာသွားပြီလား။

ဖြေ- ဆေးသွားစစ်တော့ ရွှေမှုံ့ဦးနှောက်မှာက ပြဿနာနည်းနည်းရှိနေတယ်။ ရှိနေတဲ့အခါကျတော့ နေမ ကောင်းတဲ့အချိန် အိပ်နေရင်းနဲ့ သတိတွေဘာတွေ လစ်တတ်တယ်။ ရောဂါတော့မဟုတ်ဘူး။ အရမ်းစဉ်း စားတဲ့လူတွေဆိုရင် ဖြစ်တတ်တယ်လို့ ဆရာဝန်တွေကတော့ ပြောတယ်။ ပြင်ဦးလွင်တုန်းကလည်း အဲဒီ လိုပဲဖြစ်ခဲ့တာဆိုတော့ ခုဆေးစစ်ချက်အဖြေအရ သေချာသွားပြီ။ ခဏခဏကတော့ ဖြစ်မှာလို့ပြောတယ်။ အဓိကက ရွှေမှုံအစာ မစားတာလည်းပါတယ်။ အစားမစားတော့ အားနည်းပြီးဖြစ်တာ။ အဲဒီတော့ အစားတွေလည်း ပုံမှန်ပြန်စားပြီး ဆေးတွေလည်း ပုံမှန်သောက်နေပါတယ်။

မေး- အနုပညာက ခံစားချက်နဲ့ သရုပ်ဆောင်ရတယ်။ ဒါပေမဲ့ ရွှေမှုံရတီမှာက နှလုံးရောဂါရှိတော့ ဇာတ် ကားရိုက်ကူးရေးပိုင်းမှာ အခက်အခဲ ကြုံရတာမျိုးရော ရှိလား။

ဖြေ- အခက်အခဲတော့ မရှိပါဘူး။ အလုပ်လုပ်ရင် ဘာမှမသိတော့ဘူး။ ရောဂါဖြစ်ခါမှသာ ဖြစ်တာ။

မေး- အောင်မြင်မှုကို အသက်ငယ်ငယ်နဲ့ ရခဲ့တဲ့အတွက် ရွှေမှုံရတီရဲ့ဘ၀မှာ ရွယ်တူတွေနဲ့ယှဉ်ရင် ဘယ်အရာတွေကို လက်လွှတ်ဆုံးရှုံးခဲ့ရလဲ။

ဖြေ- သိပ်ပြီးကြီးကြီးမားမားတော့ မရှိပါဘူး။ မိသားစုနဲ့ နေချိန်နည်းသွားတာ တစ်ခုပါပဲ။ တခြားတော့ မရှိပါဘူး။ အရင်ကတည်းက ရွှေမှုံက တစ်ယောက်တည်းပဲ နေတတ်တယ်။

မေး- အရင်ထွက်ထားတဲ့ ဇာတ်ကားတွေမှာ အ၀တ်အစားပိုင်းနဲ့ပတ်သက်ပြီး ပရိသတ်က ဝေဖန်တာတွေ ရှိတော့ ခုနောက်ပိုင်းရိုက်တဲ့ ဇာတ်ကားတွေမှာ ဆင်ခြင်ဖြစ်တာမျိုးရောရှိလား။

ဖြေ- ဆင်ခြင်ပြီးဝတ်ဖြစ်တာတော့ မရှိပါဘူး။ အဓိကက ကာရိုက်တာနဲ့ လိုက်ဖက်အောင်ပဲ ၀တ်ဖြစ်ပါ တယ်။

မေး- အခုနောက်ပိုင်းမှာ ဇာတ်လမ်းတွေနဲ့ပတ်သက်ပြီး ပရိသတ်တွေက ပွင့်ပွင့်လင်းလင်း ဝေဖန်လာကြ တာဆိုတော့ ရွှေမှုံရတီအနေနဲ့ ဇာတ်ကားရိုက်ကူးမှုတွေကို ဘယ်လိုရွေးချယ်ပြီး ရိုက်ကူးဖြစ်လဲ။

ဖြေ- ပရိတ်တွေကြိုက်တဲ့ အကြိုက်ကိုလည်း ရိုက်ကူးဖြစ်သလို ရသမျိုးစုံအောင် ရိုက်ကူးဖြစ်တယ်။ အဓိက က ပရိသတ်တွေ အမြင်မရိုးသွားဖို့ဘဲ။

မေး- အနုပညာရှင်တိုင်းလိုလို ကောလာဟလကြုံရတာဆိုတော့ ရွှေမှုံရတီအနေနဲ့ ကောလာဟလတွေ ကြုံလာရင် ဘယ်လိုဖြေရှင်းဖြစ်လဲ။

ဖြေ- ကောလာဟလဆိုတာက မမှန်ဘူးလေ။ ဒါတွေက မနာလိုလို့ ပြောကြတာတွေရှိသလို၊ အမြင်မ ကြည်လို့ ပြောကြတာဆိုတော့ သူတို့ပြောလည်းပဲ ဘယ်အနုပညာရှင်ကမှ လိုက်ပြီးမဖြေရှင်းကြဘူး။ ရွှေမှုံလည်းမရှင်းဘူး။

မေး- ပညာရေးအတွက် ဘယ်လိုအစီအစဉ်တွေ ဆွဲထားလဲ။ ဒီနှစ်ဆယ်တန်းရော ပြန်ဖြေမှာလား။

ဖြေ- စဉ်းစားနေပါတယ်။

မေး- အနုပညာပျိုးခင်းနဲ့ လက်တွဲလုပ်ကိုင်ဖို့ကရော အချိန်ဘယ်လောက်ကျန်သေးလဲ။ အနုပညာပျိုးခင်းက ရွှေမှုံရတီအတွက် ဘယ်လောက်အထောက်အပံ့ပေးနိုင်ခဲ့လဲ။

ဖြေ- အဲဒီလိုတော့မရှိပါဘူး။ ရွှေမှုံတို့အနေနဲ့ စာချုပ်ချုပ်ထားတာတော့ရှိတယ်။ ဒါပေမဲ့စာချုပ်ပြီး သွားရင် လည်း ဒီမောင်နှမတွေက ဆက်ပြီးလက်တွဲသွားမှာပဲ။ ရွှေမှုံရတီဖြစ်လာတာက အနုပညာပျိုးခင်းကြောင့် ပါ။ အဲဒါအပြင် အနုပညာလောကက တိုက်ပိုင်ရှင်တွေ၊ ဇာတ်ပို့ဇာတ်ရံတွေ၊ မင်းသား၊ မင်းသမီးတွေ လက်တွဲကူညီလို့ ဒီလိုဖြစ်လာတာပါ။ နောက်ပြီး ပရိသတ်တွေရဲ့ အားပေးမှုလည်းပါပါတယ်။

မေး- ဒီနှစ်ထဲမှာ ရုပ်ရှင်ဘယ်နှကားလောက် ရိုက်ပြီးသွားပြီလဲ။ နောက်ထပ်ဇာတ်ကားတွေ လက်ခံထား တာရောရှိလား။

ဖြေ- ဒီနှစ်ထဲမှာ ရိုက်ထားတာတော့ သုံးကားရှိပါတယ်။ နောက်ထပ်လက်ခံထားတဲ့ကားလည်း ငါးကား လောက်ရှိပါတယ်။ မှော်ကျောက်စာကတော့ ဇူလိုင်လထဲမှ စရိုက်မှာပါ။

ကျေးဇူးတင်ပါတယ်။ ။


7Day News Journal
အတွဲ (၁၃)၊ အမှတ် (၁၆)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...