ငါးဥ စပ်ဆီး (ငရုတ်သီး) စိမ်းအုပ်

ဒီဟင်းလေးကလဲ အင်းလေးရိုးရာ ဟင်းလေးပဲ ဖြစ်ပါတယ်။ အင်းထဲ နဲ့ တောင်ကြီးမှာတော့ ငါးဖိန်း လို့ခေါ်တဲ့ အရမ်း စားကောင်းတဲ့ ငါးရဲ့ဥ ကိုချက်တာပါ။ အခုချက်ထားတဲ့ ငါးဥတွေလို ဖောဖောသီသီ မရနိုင်တာကြောင့် အနှစ်များများ ငါးဥ နဲနဲ နဲ့ ချက်ပါတယ်။ ရှားရှားပါးပါး ရမှ စားရတာကြောင့် ပိုပြီးတော့ အရသာ ရှိပါတယ်။ ဒီဟင်းကတော့ ငါးဖိန်းဥနဲ့ ချက်တာလောက် စားလို့ မကောင်းပေမယ့် အတော်လေး ကို အရသာ ရှိတာကြောင့် ချက်စားကြည့်ကြပါ ဦးနော်....
***... ငါးဥ စပ်ဆီးစိမ်းအုပ် ချက်ဖို့ လိုအပ်တာလေးတွေ….
1. ငါးဥ – ၆၅ ကျပ်သား (1 kg)
2. အတော်လေး ညက်အောင် ထောင်းထားသော ကြက်သွန်ဖြူ အတက်ကြီး – ၂၀ တက်
3. အတော်လေး ညက်အောင် ထောင်းထားသော အစိမ်းရောင် ငရုတ်သီးစိမ်း အတောင့်ကြီး – ၅ တောင့်
4. အတော်လေး ညက်အောင် ထောင်းထားသော အနီရောင် ငရုတ်သီးစိမ်း - ၅ တောင့် (အစပ်ကြိုက် လျှင် ပိုထည့်ပါ။)
5. အကွင်းလိုက်လှီးကာ နှစ်ပိုင်းဖြတ်ထားသော ခရမ်းချဉ်သီး အလုံးကြီး – ၁ လုံး
6. chicken powder – ထမင်းစားဇွန်း ၁ ဇွန်းခွဲ
7. ဆား – ထမင်းစားဇွန်း ၁ ဇွန်း
8. ဆီ – 3/4 cup(180 ml)
9. နနွင်းမှုန်.- လက်ဖက်ရည်ဇွန်း ၁ ဇွန်း
အစပ်ကြိုက်လျှင် ငရုတ်သီး ပိုထည့်ပါ။
ရေဆူဆူထဲ နနွင်း လက်ဖက်ရည်ဇွန်း တစ်ဝက် နှင့် ငါးဥ ထည့်ကာ ၂ မိနစ်ခန့် ပြုတ်ပါ။ (အိုးအဖုံး မဖုံးပါနှင့်၊ အရမ်းကျက်မသွားပါစေနှင့်။)
ပြီးလျှင် ဆယ်ထုတ်ပြီး အအေးခံကာ လှီးထားပါ။
ဆီ ဒယ်အိုးထဲ နနွင်း လက်ဖက်ရည်ဇွန်း တစ်ဝက် နှင့် ထောင်းထားသော ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း ကိုထည့်ကာ ၂ မိနစ်ခန့် medium heat နှင့် ဆီသတ်ပါ။
ပြီးလျှင် ခရမ်းချဉ်သီးကို ထည့်ပါ။
ခရမ်းချဉ်သီးကြေပြီး နွမ်းသွားလျှင် အရသာမှုန့် နှင့် ဆားကို ထည့်ကာ ၂ ချက်လောက်မွှေပါ။
ပြီးနောက် လှီးထားသော ငါးဥများကို ထည့်ကာ အနှစ်ရရန် အတွက် လှီးထားသော ငါးဥ ၇ တုံးလောက် ကို ကြေသွားအောင် ဇွန်း ဖြင့် ဖိချေပါ။ ၂ မိနစ်ခန့် မွှေပါ။
အိုး အဖုံး ဖုံးပြီး ၆ မိနစ်ခန့် medium heat နှင့် ဆက်ထားပါ။ ထိုအတော အတွင်း ၃ ခါလောက် မွှေ ပေးပါ။
မီးပိတ်ပြီး ၅ မိနစ်ခန့် ထားပြီးလျှင် ပန်းကန်လေးထဲ ခူးထည့်ကာ အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ…
ref;Chaw Su's Food Friends
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook