ဗိုက်တာမင်ဒီ ချို့တဲ့မှုနှင့် အရွယ်မတိုင်မီ သေဆုံးမှု ဆက်စပ်နေ

Health Updates Journal No. 124
ဗိုက်တာမင်ဒီ ကြွယ်ဝခြင်းသည် ကျန်းမာရေး အတွက် အကျိုးရှိသည် ဟူသည့် အယူအဆများ ရှိသလို ဗိုက်တာမင်ဒီကြောင့် အသက်ရှည်နိုင် သည်ဟူသည့် အယူအဆမှာ ခိုင်လုံမှုမရှိဟု ငြင်းခုံကြ သူများလည်း ရှိသည်။ Califonia-San Diego School of Medicine မှ သုတေသီများ၏ တွေ့ရှိချက်အရ ဗိုက်တာ မင်ဒီချို့တဲ့မှုသည် စောစီးစွာ သေဆုံးခြင်းနှင့် ဆက်စပ်လျက်ရှိကြောင်း သိရသည်။

ဗိုက်တာမင်ဒီသည် အဆီတွင် ပျော်ဝင်နိုင်သည့် ဗိုက်တာမင်တစ်မျိုး ဖြစ်ပြီး ကယ်လ်ဆီယမ်နှင့် ဖော့စဖရပ် ဓါတ်များကို အရိုးတွင်း စုပ်ယူမှု အားကောင်းစေရန် ကူညီပေးသလို ဆဲလ်အချင်းချင်း ဆက်သွယ်မှုကို ကူညီပေးခြင်း၊ ခုခံအားကောင်းစေခြင်းတို့ ကိုလည်း ဖြစ်ပေါ်စေသည်။

နိုင်ငံ (၁၄) ခုမှ ပျမ်းမျှအသက် (၅၅) နှစ်ရှိသူ (၅၆၆၅၈၃) ဦးကို ပြုလုပ်ခဲ့သည့် သုတေသန (၃၂) ခုကို ခွဲခြမ်းစိတ်ဖြာ၍ စောင့်ကြည့်ခဲ့ရာ ဗိုက်တာမင်ဒီချို့တဲ့ သူများသည် စောစီးစွာသေဆုံးနိုင်ချေ နှစ်ဆပို များကြောင်း သုတေသီများက တွေ့ရှိခဲ့ ကြသည်။

အမေရိကန် National Institutes of Health ၏အဆိုအရ အသက်(၁)နှစ်မှ (၇၀)အတွင်း ပုဂ္ဂိုလ်များ သည် နေ့စဉ် ဗိုက်တာမင်ဒီ ပမာဏ (၆၀၀)IU ရရှိသင့်သည်ဟု သိရသည်။(၇၀) ကျော်များတွင်မူ တစ်နေ့ (၄၀၀) IU သာ ရရှိသင့်သည်ဟု ဆိုသည်။ သို့သော် ယခုသုတေသနတွင်မူ ဗိုက်တာမင်ဒီပမာဏနေ့စဉ် (၄၀၀၀) IU ရရှိနေမှသာ စိတ်ချရသည်ဟု ဖော်ပြထားသည်။

ဗိုက်တာမင်ဒီ၏ သွေးတွင်းပုံစံဖြစ်သည့် 25-hydroxyvitamin D ပမာဏကို နှစ်စဉ်စစ်ဆေးပြီး နေ့စဉ် သောက်သုံးသည့် ဗိုက်တာ မင်ဒီအားဖြည့်ဆေးပမာဏကို ဆရာဝန်နှင့် တိုင်ပင်သင့်ကြောင်း သုတေသန အဖွဲ့က တိုက်တွန်းထားသည်။ ဗိုက်တာမင်ဒီကို ဗိုက်တာမင်ဒီ အားဖြည့်ဆေးများမှ ရရှိနိုင်သလို အရေပြားပေါ် နေရောင်ခြည် ကျရောက်သည့် အခါတွင်လည်း ဗိုက်တာမင်ဒီများ ထွက်ပေါ်လာနိုင်သည်။

““အဓိကပြောချင်တာကတော့ သင်ဟာ ယေဘုယျအားဖြင့် ကျန်းမာရေးကောင်းမွန်ပြီး တက်ကြွဖျတ်လတ် သူ တစ်ဦးဖြစ်မယ်ဆိုလျှင် ဗိုက်တာမင်ဒီ အားဖြည့်ဆေးတွေ သောက်တာထက် နေ့စဉ်နေရောင်ခြည် ထိတွေ့မှုရှိဖို့ အရေးကြီးပါတယ်”” ဟု ဦးဆောင်သုတေသီ Dr. Mark Bolland က ဆိုသည်။


ဇော်ကို
Ref:MNT
-----------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...