နိုင်ငံတော်သမ္မတရဲ့ ပထမဆုံး ပညာသင်ဆု စလျှောက်လို့ရပြီ

မြန်မာ့ ပညာရေးမှာ နိုင်ငံတော် သမ္မတရဲ့ ပထမဆုံး အကြိမ် အဆင့်မြင့် ပညာသင်ဆု လျှောက်လွှာ တွေကို လာမယ့် သြဂုတ်လ ၃၁ ရက်နေ့ နောက်ဆုံး ထား လက်ခံမယ်လို့ ပညာရေး ဝန်ကြီးဌာနက ထုတ်ပြန် ပါတယ်။

၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှာ ပြည်ပ တက္ကသိုလ် တွေမှာ ဘွဲ့ကြိုနဲ့ ဘွဲ့လွန်သင်တန်း တက်ရောက်လို သူတိုင်း သက်မှတ်ချက်နဲ့ ပြည့်မီရင် လျှောက်ထားနိုင် တယ်လို့ ပညာရေး ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦး က ပြောပါတယ်။

ဘွဲ့ကြိုတန်း ပညာသင်ဆု အတွက် ဆိုရင် တက္ကသိုလ် ဝင်တန်း ရမှတ် ၅၀၀ အထက်၊ GCE ရမှတ် ရှိထားသူတွေ ဆိုရင်လည်း A Level အဆင့်ထိ ပြီးဆုံးရန် လိုအပ် တယ်လို့ ဇူလိုင်လ ၂၇ ရက်နေ့ ရက်စွဲနဲ့ ပညာရေး ဝန်ကြီးဌာနက ထုတ်ပြန်တာပါ။ ပြည်ပ တက္ကသိုလ်မှာ ပညာသင်ကာလ ကြာမြင့်ချိန်ရဲ့ နှစ်ဆ (ဥပမာ- ပညာသင်ကြားချိန် နှစ်ဆိုပါက လေးနှစ်) နိုင်ငံတော်က ပေးတဲ့ တာဝန်ကို ထမ်းဆောင်ရမယ်လို့ အဲဒီ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဘွဲ့လွန်တန်းအတွက် မဟာဘွဲ့သင်တန်း ပြီးဆုံးထားသူတိုင်း လျှောက်ထားနိုင်ပါတယ်။ ပြည်သူ့ဝန်ထမ်း ဆိုရင် သက်ဆိုင်ရာ ဝန်ကြီးဌာန ခွင့်ပြုချက် တောင်းခံရမှာ ဖြစ်ပါတယ်။

ပညာသင်ဆု လျှောက်ထားရန် စိတ်ပါဝင်စားသူတွေဟာ နီးစပ်ရာ အဆင့်မြင့်ပညာတက္ကသိုလ်၊ ဒီဂရီနဲ့ ကောလိပ်တွေမှာရှိတဲ့ ကျောင်းသားရေးရာတွေမှာ လျှောက်လွှာများ အခမဲ့ရယူပြီးတော့ အဲဒီနေရာမှာပဲ လျှောက်လွှာ တင်သွင်းနိုင်ပါတယ်။

ပညာသင်ဆု ရွေးတာကို နိုင်ငံတော်သမ္မတ ပညာသင်ဆု စီစစ်ရွေးချယ်ရေး အဖွဲ့က အကဲဖြတ် စစ်ဆေး မှာ ဖြစ်ပါတယ်။

အဲဒီအဖွဲ့မှာတော့ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း၊ ဦးတင်နိုင်သိန်း၊ နိုင်ငံတော်သမ္မတအကြံပေး ဒေါက်တာ အောင်ထွန်းသက်၊ ဒေါက်တာ ဒေါ်ရင်ရင်နွယ်၊ ဒေါ်ရီရီမြင့်နဲ့ ထွန်းဖောင်ဒေးရှင်းက ဦးသိန်းထွန်း၊ ကမ္ဘောဇဘဏ် လီမိတက်က ဦးအောင်ကိုဝင်းတို့ ပါဝင်ပါတယ်။


ref;The Voice Daily
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...