ပန်းပင်နှစ်ပင်ရဲ့ ပြိုင်ပွဲ

အီသီ ယိုးပီးယား တောင်ပေါ်ဒေသမှာ အင်သာပန်းနဲ့ ကျယ်အံပန်း ဆိုပြီး ပန်းနှစ်မျိုး ရှိတယ်။ အဲဒီ ပန်းနှစ်မျိုးက ဒေသတစ်ခု ထဲမှာ ပေါက်ရောက်တယ် ဆိုပေမယ့် မတည့်ကြတဲ့ ပန်းတွေ ဖြစ်တယ်။

ဒေသခံလူတွေက ဒီပန်းနှစ်မျိုး အကြောင်းကို သိတယ်။ ပန်းနှစ်မျိုးက နီးနီး ကပ်ကပ် ပေါက်ရင် ကျယ်အံပန်းက အပင်သေလို ညိုးနွမ်း ဝါဖျော့သွားပြီး ကာလတော်တော် ကြာတဲ့အထိ ပန်းမပွင့်တော့ဘူး။ အင်သာပန်း ကတော့ ကျယ်အံပန်းနဲ့ ဆန့်ကျင်ဘက် ပါပဲ။ အင်သာပင် က အမြန်ကြီးထွားပြီး လှပတဲ့ ပန်းပွင့်ကြီးတွေနဲ့ ဝေဝေဆာဆာ ဖူးပွင့်ပါတယ်။ ဒါပေမယ့် နှမြောစရာ ကောင်းတာက အင်သာပန်းဟာ ကြာရှည်မခံဘဲ အကိုင်းအခက်တွေ ကျိုးပြီး ညိုးနွမ်းသေဆုံး သွားကြပါ တယ်။ အင်သာပန်းသေပြီးမကြာခင်မှာ ကျယ်အံပင်က တဖြည်းဖြည်း ရှင်သန်လာပြီး ပန်းတွေဖူးပွင့် ပါတော့တယ်။ ဒေသခံတွေကြားမှာ ဒါဟာ ကျယ်အံပန်းက ထူးခြားတဲ့ ကျိန်စာနဲ့ အင်သာပန်းကို တိုက်ခိုက် လိုက်တာလို့ အယူသည်း ပြောစမှတ် တွင်ခဲ့ကြတယ်။ နတ်ဘုရားရဲ့ဆုထူးနဲ့ ကျယ်အံပန်းက တဖြည်းဖြည်း ရှင်သန်လာပြီး လှပတဲ့ပန်းတွေ ဖူးပွင့်တယ်လို့ ဆိုခဲ့ကြတယ်။

ဒီလိုပြောစမှတ်က သိပ္ပံနည်းမကျခဲ့ပါဘူး။ ရုက္ခဗေဒ ပါမောက္ခ တစ်ဦးက ဒီပန်းနှစ်ပွင့်ကို အထပ်ထပ် စူးစမ်းလေ့လာ ပြီးနောက် လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်ခဲ့ ပါတယ်။

အင်သာပန်းနဲ့ ကျယ်အံပန်းနှစ်ပင်ဟာ အရမ်းနီးကပ်တဲ့အခါမှာ သူတို့အမြစ်မှာရှိတဲ့ ရေပမာဏက ပန်းပင်ရှင်သန်ဖို့အတွက် အဓိကဖြစ်ခဲ့တယ်။ အင်သာပန်းပင်မှာ ဖွံ့ဖြိုးကြီးထွားပြီး အာရုံခံကောင်းတဲ့ အမြစ်ရှိတယ်။ ကျယ်အံပန်းပင်ကလည်း ရှင်သန်ဖို့ ရေတွေကို မပြတ်စုပ်ယူနေတယ် ဆိုတာကို သူသိလို့ စိုးကြောက်စိတ်တစ်မျိုး သူဖြစ်ပေါ်မိတယ်။ ဒီလိုစိုးကြောက်စိတ်ကြောင့် သူ့အမြစ်ကို အကန့်အသတ်မရှိ ကြီးထွားစေခဲ့ပြီး ရေတွေကို ရူးရူးသွပ်သွပ် စုပ်ယူတော့တယ်။ ရေပမာဏ အများဆုံးကို သူစုပ်ယူနိုင်ခဲ့လို့ ကျယ်အံပန်းပင်က ရေမလုံလောက်တော့ဘဲ တဖြည်းဖြည်းညိုးနွမ်းဝါဖျော့သွားရတယ်။ ဒီလိုအချိန်မျိုးမှာ အင်သာပန်းပင်က ရေလုံလုံလောက်လောက်ရပြီး စိတ်ကြိုက် ကြီးထွားနေတော့တယ်။ ဒီလိုကြီးထွားမှု ဒဏ်ကို သူခံရပါတယ်။ ရေတွေ လုံလုံလောက်လောက် ရခဲ့လို့ ပန်းပွင့်ကြီးတွေကို သူဖူးပွင့်ခဲ့တယ်။ ဒါပေမယ့် စုပ်ယူတဲ့ရေပမာဏ များတဲ့အတွက်ကြောင့် အကိုင်းအခက်ကလည်း ကျွတ်ဆတ်ခဲ့တယ်။ တောင်ပေါ်ဒေသမှာ ညအချိန်လေပြင်း တိုက်တတ်တာကြောင့် လေပြင်းတစ်ချက် ဝှေ့လိုက်ရင်ပဲ အင်သာ ပန်းဟာ ကျိုးသွားတော့တယ်။ ပန်းပွင့်မရှိတော့တဲ့အပင်ဟာ ရေစုပ်ယူအား နည်းသွားပါတယ်။ ဒီအချိန်မှာ ကြံ့ခိုင်တဲ့ ကျယ်အံပန်းအတွက် လုံလောက်တဲ့ ရေတွေကို စုပ်ယူခွင့်ရတော့တယ်။ ကျယ်အံပန်း ဟာ တဖြည်းဖြည်းရှင်သန်လာပြီး ပန်းတွေ၊ အသီးတွေနဲ့ လှလှပပ ဖူးပွင့်ဝေဆာ ပါတော့တယ်။

အင်သာပန်းဟာ ရေရဖို့အတွက် လုယက်ရင်း နောက်ဆုံးမှာ ကိုယ့်ကိုယ်ကို ထိခိုက်နစ်နာစေခဲ့တယ်။ ကျယ်အံပန်းက မတရားတာနဲ့ ကြုံတွေ့သည့်တိုင် ကြံ့ကြံ့ခံ ရှင်သန်နိုင်ခဲ့တယ်။

ဒီလိုပန်းနှစ်ပွင့်ရဲ့တိုက်ပွဲက ကျွန်တော်တို့ကို အတွေးတွေရစေပါတယ်။ ယှဉ်ပြိုင်ခြင်းနဲ့ ရင်ဆိုင်နေရချိန်မှာ လူအများက အနိုင်ရဖို့အတွက် ကိုယ့်စိတ်နှလုံးကို ပုံပျက်စေခဲ့တယ်။ ဒီလိုမသာမာတဲ့နည်းက ကိုယ့်ကိုယ် ကို ဖျက်ဆီးရာရောက်ကြောင်း အင်သာပန်းရဲ့ကျိုးပျက်ခြင်းက ကျွန်တော်တို့ကို ပြောပြနေခဲ့ပါတယ်။ ယှဉ်ပြိုင်ခြင်းမှာ မမျှတတာနဲ့တွေ့ ကြုံသည့်တိုင် ကြံ့ကြံ့ခံရှေ့ဆက်ပြီး လူ့လောကမှာ တရားမျှတမှု ဆိုတာ ရှိတယ်လို့ ယုံကြည်ဖို့ နောက်ဆုံးမှာ ပန်းပွင့်ဝေဝေဆာဆာ ဖူးပွင့်ခဲ့တဲ့ ကျယ်အံပန်းက ကျွန်တော် တို့ကို ပြောပြနေခဲ့ပါတယ်။

မူရင်းရေးသားသူ -- Cheng Gang (程刚)
၂ဝ၁၁ခုနှစ် အမှတ်စဉ် ၂၂ ပါ Readers (Du Zhe) မဂ္ဂဇင်းမှ

*** ပန်းအမည်ကို တရုတ်အသံထွက်နဲ့ ရေးထားပါတယ်။ အင်္ဂလိပ်လိုရှာတာ မတွေ့လို့...

နိုင်းနိုင်းစနေ (July. 22. 2014)
-------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...