အိမ်သာတွေ ဆောက်ပေးလိုက်ရုံနဲ့ မပြီးနိုင်

အိန်္ဒိယတွင် လဟာပြင် ကွင်းပြင်များ၌ အပေါ့အလေး စွန့်သည့် ကိစ္စသည် အိမ်သာတွေ ဆောက်ပေးလိုက် ရုံနဲ့ ချည်းမပြီး၊ အလေ့အထနှင့် အယူအစွဲ ကိုပါ ပြုပြင်ပေးနိုင်မှ ဖြစ်မည်။ အိန်္ဒိယတွင် ပြောစရာ တစ်ခုလို ဖြစ်နေသော အိမ်သာ ကိစ္စနှင့် တစ်ကိုယ်ရေ သန့်ရှင်းရေး ကိစ္စ ကိုင်တွယ် မည့် မည်သည့် ခေါင်းဆောင်ကို မဆို ကောင်းချီးပေး ကြိုဆို ကြရမည်။ အိန်္ဒိယ ၀န်ကြီးချုပ်သစ် နာရန်ဒရာမိုဒီကား ကောင်းချီးပေး ခံရမည့် ခေါင်းဆောင် တစ်ဦး ဖြစ်၏။ နိုင်ငံ အတွက် လက်ရှိ အခြေအနေတွင် ဘုရားကျောင်းများ ဆောက် လုပ်ခြင်းထက် အိမ်သာများ ဆောက်လုပ်ပေးဖို့က ပိုအရေးကြီး သည်ဟု ၀န်ကြီးချုပ် မိုဒီက ပြောသည်။ ကွင်းပြင် လဟာပြင်များမှာ အပေါ့အလေးစွန့်သည့် အဓွန့်ရှည် သမိုင်းကြောင်း အလေ့အထကို အဆုံး သတ်ကား ၂၀၁၉ ခုနှစ်တွင် နိုင်ငံသားတိုင်း ယင်လုံ အိမ်သာများဖြင့် စနစ်တကျ အပေါ့အလေး စွန့်ကြအောင် ဆောင်ရွက်သွားမည်ဟု ကတိပြုထားသည်။ အစိုးရသစ်၏ ဘတ်ဂျတ်တွင်လည်း နိုင်ငံ တစ်ဝန်း ယင်လုံ အိမ်သာသစ်များ ဆောက်လုပ်ရေး အတွက် သီးသန့် ဘတ်ဂျတ် ချထားပေးခဲ့သည်။ အိန်္ဒိယနိုင်ငံသားများ အတွက် လွတ်လပ်ရေး ထက် မိလ္လာစနစ်ကောင်းက ပိုအရေးကြီးသည်ဟု ပြောခဲ့ ဖူးသော မဟတ္တမ ဂန်္ဓီကြီး၏ အနှစ် (၁၅၀)မြောက် မွေးနေ့နဲ့လည်း တိုက်ဆိုင်နေသည်။

ကွင်းပြင် လဟာပြင်များတွင် အပေါ့အလေးစွန့်ကြသည့် ဓလေ့ကို အဆုံးသတ်နိုင်ခြင်းဖြင့် အိန်္ဒိယအတွက် အကျိုးရလဒ်များစွာ ရှိလာမည်။ အိန်္ဒိယ မိသားစု ပေါင်းသန်း (၁၃၀) နီးပါး အိမ်သာမရှိဘဲ လဟာပြင်များ တွင်သာ အိမ်သာသွားနေကြသည်။ ကျေးလက်ပြည်သူ (၇၂) ရာခိုင်နှုန်းထိ ခြုံကြား၊ လယ်ကွင်း၊ လမ်းဘေး များမှာ အပေါ့အလေး စွန့်နေကြသည်။ ကမ္ဘာတစ်ဝန်း အိမ်သာမရှိဘဲ အပေါ့အလေးစွန့် နေသူ သန်းတစ်ထောင်နီးပါး အနက် အိန်္ဒိယကချည်း သန်းခြောက်ရာလောက်ထိ ပါဝင်နေသည်။

လဟာပြင်မှာ အိမ်သာသွားခြင်း ဓလေ့ကြောင့် ပေးဆပ်ရသည့် တန်ဖိုးက ကြီးသည်။ အများ ပြည်သူ လုံခြုံရေးသည် ပေးဆပ်ရမှု တစ်ခုဖြစ်သည်။ ကျေးလက်နေ မိန်းကလေးများညမှောင်ချိန် အိမ်နဲ့ဝေးရာ လဟာပြင်ထွက်ပြီး အိမ်သာသွားရခြင်းသည် အန္တရာယ်ကြီးတစ်ရပ်ဖြစ်သည်။ မေလက အာတာ ပရာဒေ့ရှ် ပြည်နယ်တွင် ထိုသို့ ညဘက် လယ်ကွင်းထဲ အိမ်သာသွားသော မိန်းကလေးနှစ်ဦး အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခံရကာ သတ်ဖြတ်ခံရပြီး သစ်ပင်မှာ ကြိုးဆွဲချ ချိတ်ထားခံရသည်။ ထိုကိစ္စသည် တစ်ကမ္ဘာ လုံးကို တုန်လှုပ်စေခဲ့ပြီး အိန်္ဒိယတွင် လဟာပြင်၌ အိမ်သာသွားသည့် ကိစ္စသည် အများပြည်သူ လုံခြုံရေး အတွက် အန္တရာယ်များသော ကိစ္စတစ်ရပ် အဖြစ် ကမ္ဘာက အာရုံစိုက်လာကြသည်။

ပိုကျယ်ပြန့်သည့် ပြဿနာမှာ အများပြည်သူ ကျန်းမာရေးကိစ္စဖြစ်သည်။ လယ်ကွင်းပြင် လဟာပြင်မှာ အပေါ့ အလေး စွန့်ခြင်းသည် လူနေထူထပ် သည့် နေရာများတွင် အများပြည်သူ ကျန်းမာရေးကို ပိုထိခိုက်စေ သည်။ အိန်္ဒိယ၏ လူဦးရေသည် လည်းတိုးပြီး ရင်းတိုးလာနေရာ မြို့ပြများ မပြောနှင့် ကျေးလက်များ တွင်ပါ လူဦးရေ တိုးနေရာ လဟာပြင်တွင် လူတိုင်း အပေါ့အလေးသွားထားသည့် အညစ်အကြေး များ သည် ရှောင်လို့ မလွတ်ဖြစ်လာသည်။ ကောက်ပဲသီးနှံများ၊ ရေတွင်းများ၊ စားစရာများ၊ ကလေးများနဲ့ မစင် အညစ်အကြေးများ မနီးစပ်အောင် ထိန်းကွပ်ဖို့ပင် မဖြစ်နိုင်အောင် ဖြစ်လာသည်။ လူသားများ၏ မစင် အညစ်အကြေးများထဲတွင်ပါသော ဘက်တီးရီးယား များသည် ရောဂါပိုးကုန်သည်များ ဖြစ်သည်။ ထို ဘက်တီးရီးယားများ စားစရာ များမှ တစ်ဆင့် လူသားများ၏ အစာအိမ်ထဲရောက်လာလျှင် အစာအိမ်သည် အာဟာရကို မစုပ်ယူနိုင်သည့် ဝေဒနာခံစားရသည်။အိန်္ဒိယသည် စီးပွားတိုး မှုကြောင့် နိုင်ငံသား တစ်ဦး ချင်း ၀င်ငွေမြင့်တက်လာသလို ကလေးများအား အာဟာရပြည့်အောင် ကျွေးနိုင်နှုန်းလည်း တက်လာ သည့်တိုင် အိန်္ဒိယကလေး များ ဘာကြောင့် အာဟာရချို့တဲ့သူများနေ ရကြောင်းကို အထက်ပါကိစ္စနှင့် ပင်ရှင်းလောက်သည်။

အိန်္ဒိယကလေး ထက်ဝက်နီးပါး အာဟာရချို့တဲ့သည့် သတ်မှတ်ချက်ထဲပါနေဆဲ ဖြစ်သည်ဟု ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (ယူနီဆက်)က ပြောသည်။ တစ်နှစ် တစ်နှစ် ကလေးပေါင်း သိန်းချီပြီး ကာ ကွယ်နိုင်သော ရောဂါများကြောင့် သေဆုံးနေရသည်။ အများစုမှာ နိုင်ငံမြောက်ပိုင်းမှ ကလေး များဖြစ် သည်။ အိန်္ဒိယမြောက်ပိုင်း သည် လဟာပြင် အိမ်သာသွားသည့်နှုန်း အများဆုံးဒေသလည်း ဖြစ်သည်။

အိန်္ဒိယတွင် လဟာပြင်၌ အိမ်သာ သွားခြင်းသည် ဆင်းရဲခြင်း တစ်ခုတည်းကြောင့် မဟုတ်။ အိန်္ဒိယ ထက်များစွာ စီးပွားအင်အား ပိုနည်းသော အာဖဂန် နစ္စတန်၊ ဘူရန်ဒီ၊ ကွန်ဂို စသည့် နိုင်ငံများသည်ပင် မိလ္လာ ကိစ္စနှင့် ပတ်သက်လျှင် အိန်္ဒိယထက်များစွာ အခြေအနေ ကောင်းသည်ကို မြင်နိုင် သည်။ ပြဿနာမှာ အိန်္ဒိယ ခေါင်းဆောင်များ ကိုယ်တိုင်က မိလ္လာ ကိစ္စကို အလေးပေးကိုင်တွယ်လိုစိတ် မရှိခဲ့ခြင်းဖြစ်သည်။ ယခုတော့ ကိုင်တွယ်မည့် ၀န်ကြီးချုပ် မိုဒီပေါ်လာပြီ။ လာမည့် နှစ်လအတွင်း နိုင်ငံတစ်ဝန်း ယင်လုံ အိမ်သာပေါင်း (၅ ဒသမ ၂)သန်း အပြီးအစီး တည်ဆောက်မည်ဖြစ်သည်။ စက်တင်ဘာလကုန်တွင် အားလုံး ပြီးစီးစေရမည် ဖြစ်သည်။ တွက်ကြည့်လျှင် ယခုမှသည် စက်တင်ဘာလ ကုန်ထိ တစ်စက္ကန့်လျှင် အိမ်သာတစ်လုံးနှုန်း တည်ဆောက် သွားမည် ဖြစ်သည်။

ကွန်ကရစ်တွေလောင်းပြီး အိမ်သာတွေ ဆောက်ပေးလိုက်ရုံဖြင့်တော့ အိန်္ဒိယ၏ မိလ္လာစနစ်ကို ပြုပြင် ပြောင်းလဲနိုင်ဦးမည် မဟုတ်။ လဟာပြင်များမှာ အိမ်သာသွားနေကြအောင် တောက်လျှောက် တွန်းထိုး မောင်းနှင်လာခဲ့သော နောက်ခံ ယဉ်ကျေးမှု ဓလေ့ပုံစံ ကိုပါ အိန်္ဒိယ ခေါင်းဆောင်များက ပြုပြင် ပြောင်းလဲ ပေးဖို့လိုမည်။

ဥပမာအားဖြင့် လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင်လောက်ကတည်းက ရှိခဲ့သော ဟိန္ဒူကျမ်းစာများ ထဲတွင် အိမ်နှင့် ဝေးရာမှာ အပေါ့အလေး စွန့်ခြင်းကို လုပ်သင့်သော အလုပ်တစ်ခုအဖြစ် ဖော်ပြထားသည်။ ထိုသို့ အိမ်နဲ့ ဝေးရာမှာ အပေါ့အလေး စွန့်ခြင်းဖြင့် မိမိ ၀န်းကျင်တွင် ညစ်ညမ်းမှုမရှိ အောင် ဆောင် ရွက်ခြင်း မည်သည်။ ဇာတ်ခွဲခြားသည့် စနစ်ကလည်း နောက်ထပ် တွန်းအားတစ်ရပ် ဖြစ်သည်။ ဇာတ်ခွဲခြား စနစ်အရ အညစ်အကြေးများ ကို ဖယ်ရှားရှင်းလင်းရခြင်းမှာ ဇာတ် အနိမ့်ဆုံးသူများ၏ အလုပ်သာဖြစ်ရာ အခြားသော ဇာတ်မြင့်သမားများသည် အညစ်အကြေး ဟူသော လူ့မစင်ကို နေအိမ်နှင့် ဝေးရာတွင်သာ စွန့်ပစ်ကြသည်။ ထိုယဉ်ကျေးမှု တွန်းအားများကြောင့် လဟာပြင်များတွင် အပေါ့အလေးစွန့်နှုန်းများ မကျဆင်းခြင်း ဖြစ်သည်။ ဆင်းရဲခြင်း တစ်ခုတည်းကြောင့် လဟာပြင် အပေါ့အလေး စွန့်နေကြခြင်း မဟုတ်။ ဟိန္ဒူ အများအပြားရှိသည့် ဂင်္ဂါမြစ် ၀ှမ်းဒေသတွင် ဆိုလျှင် ယနေ့လို အချိန်မှာပင် အိမ်မှာ အိမ်သာ ရှိသူများသည်ပင် လဟာပြင်မှာ အပေါ့အလေး စွန့်ရတာကို ရိုးသားစွာ နှစ်သက်လက်ခံ ကျင့်သုံး ဆဲ ဖြစ်သည်။

အိန်္ဒိယတွင် လဟာပြင် အပေါ့အလေးစွန့်သည့် လူမှုပုံစံကို ပြုပြင်ပြောင်းလဲသင့်သည့် တွန်းအား အချက် အလက်များလည်း ရှိလာသည်။ ကောက် ယူထားသော စစ်တမ်းတစ်ရပ်အရ ၁၉၆၀ ပြည့်နှစ် နောက်ပိုင်း မူဆလင် ကလေးများထက် ဟိန္ဒူကလေးများ သေဆုံးနှုန်းက ပိုများကြောင်းတွေ့ ရသည်။ ယေဘုယျ အားဖြင့် မူဆလင်များသည် ပိုဆင်းရဲကျသလို၊ ပညာရည်လည်း ပိုနိမ့်ကြပြီး၊ ရေကောင်း ရေသန့်လည်း သိပ်မသုံးကြရသည်ကို သတိပြုရမည်။ ယနေ့အချိန်မှာပင် အိန်္ဒိယကလေး (၁၀၀)လျှင် အသက် ငါးနှစ် အမှတ်ကိုကျော်ပြီး အသက်ရှင်လာသည့် ကလေးများကို ကြည့်လျှင် မူဆလင်ကလေး က (၁ ဒသမ ၇) ယောက် ပိုများကြောင်း တွေ့ရသည်။

ကလေးငယ် သေဆုံးနှုန်း အနည်းအများသည် လဟာပြင် အပေါ့ အလေးစွန့် နှုန်းနှင့် တိုက်ရိုက် ပတ်သက် နေကြောင်း ဒေလီအခြေစိုက် လူမှု စီးပွားပညာရှင် တစ်ဦး ဖြစ်သော ဒင်းန်စပီးယားက ပြောသည်။ ၂၀၀၅ ခုနှစ် အိန်္ဒိယ အစိုးရ စစ်တမ်းတစ်ရပ်အရ ကျေးလက်နှင့် မြို့ပြတွင် လဟာပြင် အပေါ့အလေး စွန့်သူများထဲတွင် ဟိန္ဒူ(၆၇) ရာခိုင်နှုန်းရှိပြီး၊ မူဆလင်က (၄၂) ရာခိုင်နှုန်းသာ ရှိကြောင်း သိရသည်။ လူ့မစင် အညစ်အကြေး များနှင့် ထိစပ်မှုများသောဒေသများတွင် တစ်ကိုယ်ရေ သန့်ရှင်းရေး အားနည်းခြင်းကြောင့်ဖြစ်သည့် ရောဂါများ ဖြစ်ပွားနှုန်းများသည်ကိုလည်း အခြားသော စစ်တမ်းများက ဖော်ပြထားပြီး ဖြစ်သည်။

ပရင်စတန်တက္ကသိုလ်မှ လူမှုစီးပွားပညာရှင်ဒန်ကိုဖေးနှင့်အဖွဲ့ အိန်္ဒိယမြောက်ပိုင်းတွင် ကောက်ယူ ထားသော စစ်တမ်းတစ်ရပ်ကပိုရှင်းသည်။ လူပေါင်း(၂၃၀၀၀)ကို သဘောထား မေးမြန်းထားသည်။ အများစု မှာ ဟိန်္ဒူများဖြစ်သည်။ အိမ်မှာ အိမ်သာ ကောင်းကောင်းရှိသည့်တိုင် လဟာပြင်မှာ အပေါ့ အလေးသွားရခြင်းကို နှစ်သက်သည့် အိမ်သား တစ်ယောက်လောက်တော့ အနည်းဆုံးရှိသည်ဟု ပြောသူက စစ်တမ်းပါဝင်သူ၏ (၄၀)ရာခိုင်နှုန်းထိ ရှိသည်။ ယဉ်ကျေးမှုပုံစံကို ပြုပြင်ပေးနိုင်ခြင်း မရှိပါက အစိုးရက အိမ်သာများ ဆောက်လုပ်ပေးထားသည့်တိုင် လဟာပြင်မှာ အပေါ့အလေး ဆက်သွား နေမည့် သူများ ရှိနေဦးမည်သာဖြစ်ကြောင်း အထက်ပါ စစ်တမ်းက ကောင်းကောင်းပြနေသည်။

ဟိန္ဒူအများစုရှိသည့် အိန်္ဒိယမြောက်ပိုင်းနှင့် နီပေါတို့တွင် ကောက်ထားသော နောက်ထပ် စစ်တမ်းတစ်ရပ် အရလည်း လဟာပြင်တွင် အပေါ့ အလေးစွန့်ခြင်းသည် သန့်ရှင်းသည်၊ ကျန်းမာရေးနဲ့ ပိုညီညွတ်သည်ဟု ရိုးသားစွာ လက်ခံယုံကြည်ကြကြောင်း တွေ့ရသည်။ အိမ်နဲ့ နီးနီးမှာ အိမ်သာ ရှိနေခြင်းကို မသန့်ရှင်းဟု ခံယူထားကြသည်။ အိမ်သာရှိသည့် နေရာများမှာပင် အိမ်သာဟူသည် အမျိုးသမီးများ၊ မသွားလာနိုင် သူများ၊ သက်ကြီးရွယ်အို များအတွက်သာ ဖြစ်သည်ဟု ခံယူထားကြသည်ကို တွေ့ရသည်။ သို့ဖြစ်ရာ ထိုသို့သော ဒေသများတွင် အိမ်သာများ ဆောက်ပေးရုံ တစ်ခုတည်းဖြင့် လဟာပြင်အိမ်သာသွားခြင်းကို လျှော့ချနိုင်ဖို့ မလွယ်။

လုပ်ရန်ကား အများပြည်သူ ပညာပေးလုပ်ငန်းများ အရှိန်မြှင့်ဖို့ဖြစ်သည်။ ကျောင်းတွေမှာ ကလေးတွေကို ပညာပေးရမည်။ မီဒီယာတွေက တစ်ဆင့် လူတန်းစား အားလုံးကို ပညာပေးရမည်။ ယင်လုံအိမ်သာ စနစ်တကျ အသုံးပြုခြင်း၏ လူမှုစီးပွားနှင့် ကျန်းမာရေး အကျိုးရလဒ်များကို အားလုံး လက်ခံလာအောင် ပညာပေးရမည်။နောက်ထပ် သုတေသနများအရလည်း လက်ကိုဆပ်ပြာနှင့် စင်ကြယ်အောင် ဆေးကြော ခြင်းသည် ကာလ၀မ်းရောဂါ ကို ကာကွယ်နိုင်စွမ်းရှိ ကြောင်း ကျေးလက်နေပြည်သူ ထက်ဝက်ခန့်သာ သိရှိကြကြောင်း သိရသည်။ အိန်္ဒိယတွင် ကာလ၀မ်းရောဂါသည် ကြောက်မက် ဖွယ် အရိပ်မည်းတစ်ခု ဖြစ်ရာ လဟာပြင် အပေါ့အလေးစွန့်ခြင်းများသည် ကာလ၀မ်းရောဂါကို လက်ယက်ခေါ်ရာ ရောက်ကြောင်း ပညာပေးနိုင်ခြင်းဖြင့် လည်း အစိုးရက ဆောက်ပေးမည့် အိမ်သာများကို လိုလိုလားလား သုံးစွဲသူများပြားလာမည် ဖြစ်သလို၊ ကိုယ်တိုင် ကိုယ်ကျလည်း အိမ်တွေမှာ အိမ်သာ ထည့်သွင်း တည်ဆောက်ဖို့ စိတ်အားထက်သန်လာကြမည်ဖြစ်သည်။ နှစ်ပေါင်းထောင်ချီ စွဲမြဲလာခဲ့သော ယဉ်ကျေးမှု နောက်ခံများကြောင့် တည်ရှိနေ သော လဟာပြင် အပေါ့အလေးစွန့်ခြင်းကို နှစ်အနည်းငယ်အတွင်း ၀န်ကြီးချုပ်မိုဒီ အစိုးရသည် မည်သို့ ပြုပြင် ပြောင်းလဲမည်ကိုကား စောင့်ကြည့် လေ့လာကြရမည်ဖြစ် သည်။


Ref: Sanitation in India (The Economist)

ref;The Messenger Media
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...