မြန်မာ့ဆေးပညာ သမိုင်းစာအုပ် အင်္ဂလိပ် ဘာသာဖြင့် ပထမဆုံး ထုတ်မည်

ရန်ကုန်၊ ဇူလိုင် ၅

ကိုလိုနီခေတ်မှ လက်ရှိအချိန်အတွင်း ပြောင်းလဲလာသော မြန်မာ့ဆေးပညာ လောက၏ သင်ကြားမှု ပုံစံများကို စုစည်း ရေးသားထားသော မြန်မာနိုင်ငံ ဆေးပညာသမိုင်း စာအုပ်ကို အင်္ဂလိပ်ဘာသာဖြင့် လာမည့် ၂၀၁၅ ခုနှစ် ဆန်းပိုင်းတွင် စတင်ထုတ်ဝေရန် စီစဉ်နေကြောင်း ပြည်သူ့ကျန်းမာရေး ဖောင်ဒေး ရှင်း ဥက္ကဋ္ဌ ဒေါက်တာသန်းစိန်က ပြောကြားသည်။

မကြာသေးမီက ကွယ်လွန်သွားသော ပါမောက္ခ ဒေါက်တာဒေါ်မြင့်မြင့်ခင် အပါအဝင် စာရေးဆရာ ၁၅ ဦး ပါဝင် ရေးသားခဲ့သော အဆိုပါစာအုပ်ကို မြင့်မြင့်ခင် ဖောင်ဒေးရှင်း ရန်ပုံငွေဖြင့် ထုတ်ဝေမည် ဖြစ်ကြောင်း ဖောင်ဒေးရှင်း တည်ထောင်ရာတွင် ပါဝင်သူ ဒေါက်တာမြင့်မြင့်ခင်၏ သားလည်းဖြစ်သူ ဒေါက်တာမြင့်ဇံက ပြောဆိုသည်။

ယခုနှစ်အတွင်း စာအုပ်မူကြမ်း ထွက်ရှိရန် စီစဉ်ထားပြီး ခေတ်အဆက်ဆက် ပြောင်းလဲလာသော အခြေခံဆေးပညာ သင်ကြားမှု အကြောင်းကို လွန်ခဲ့သော ရှစ်နှစ်က ဒေါက်တာဒေါ်မြင့်မြင့်ခင် ရေးသား ခဲ့သည့် ဆေးပညာဆောင်းပါးကို အခြေခံကာ ရေးသားထားကြောင်း ဒေါက်တာသန်းစိန်က ဆက်လက် ပြောဆိုသည်။

“ယနေ့ ပညာရေး ပြုပြင်ပြောင်းလဲမှု လုပ်တဲ့အခါ အရင်ခေတ်က ဘယ်လိုလုပ်တယ်၊ ဘယ်ခေတ်က ဘယ်လိုစနစ် အကောင်အထည်ဖော်တယ်၊ ဒီနေ့ခေတ်မှာ ဘယ်လိုပြုပြင်နိုင်မလဲ ဆိုတဲ့ ရာဇဝင်တွေ ရေးထားတာ” ဟု ၎င်းက ဖြည့်စွက် ပြောကြားသည်။

စာမျက်နှာ ၅၀၀ ပါရှိသော ယင်းစာအုပ်တွင် မှတ်တမ်းဓာတ်ပုံများနှင့် သမိုင်းကြောင်းများ ရေးသား ထားပြီး ဝေဖန်သုံးသပ်ချက်များ အနည်းငယ်သာ ပါဝင်ကြောင်း ပုံနှိပ်ထုတ်ဝေရန် စီစဉ်သူများထံမှ စုံစမ်း သိရှိရသည်။


ဥမ္မာလွင်
The Voice Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...