ကျောင်းသားများထံမှ အလှူငွေ မကောက်တော့၍ ကျောင်းနေနှုန်း ပြန်မြင့်လာ

အခြေခံ ပညာ ကျောင်း များအား ထောက်ပံ့ ကြေး များ ပေးအပ်နေ သဖြင့် ကျောင်းအပ် ချိန်တွင် ကျောင်းသား များထံမှ မည်သည့် အလှူငွေမျှ မကောက် ခံရ သတ်မှတ်ခဲ့သည် (ဓာတ်ပုံ - ကျော် ဇင်သန်း)

ပညာရေး ၀န်ကြီးဌာနက အမျိုးသား ပညာရေး အရည်အသွေး မြင့်တက် လာစေရေး အတွက် ဆောင်ရွက် နေသည့် အစီအစဉ် များအနက် အခြေခံပညာ ကျောင်းများအား ကျောင်းရန်ပုံငွေ ထောက်ပံ့ခြင်း အစီအစဉ်တွင် ကမ္ဘာ့ဘဏ်နှင့် ပူးပေါင်း ၍ ယခု ပညာသင်နှစ် အတွက် ပထမအကြိမ်အဖြစ် မူလတန်း အဆင့်ရှိသည့် အခြေခံပညာ ကျောင်းများ သို့ ထောက်ပံ့ကြေး ပေးအပ်ခြင်းကို မေလအတွင်း စတင်ခဲ့သည်။

ကမ္ဘာ့ဘဏ်က ကန်ဒေါ်လာ သန်း ၈၀ နှင့် သြစတြေးလျအစိုးရက သန်း၂၀ စုစုပေါင်း ကန်ဒေါ်လာ သန်း ၁၀၀ ကို ပညာရေးဝန်ကြီးဌာနသို့ ၂၀၁၄ ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် အကူအညီပေးခဲ့သည်။

ထို့ကြောင့် အခြေခံပညာကျောင်းရှိ မူလတန်းအဆင့် ကျောင်းသားဦးရေပေါ် မူတည်၍ မူလတန်း ကျောင်းသား ၁၀၀ အောက်ရှိသော ကျောင်းများအတွက် ကျပ် ၈ သိန်း၊ ၁၀၀ မှ၂၀၀ ကြားရှိသော ကျောင်းအတွက် ကျပ် ၁၀ သိန်း၊ ၂၀၁ မှ ၃၀၀ ကြားအတွက် ကျပ် ၁၂ သိန်း၊ ၃၀၁ မှ ၄၀၀ ကြားအတွက် ၁၄ သိန်းနှင့် ၄၀၀ အထက်ရှိသော ကျောင်းအတွက် ထောက်ပံ့ကြေးငွေ ၁၆ သိန်း စသဖြင့် ကျောင်း စရိတ် ထောက်ပံ့ကြေးများ ပေးအပ်နိုင်ခဲ့သည်။

ထိုသို့ ကျောင်းရန်ပုံငွေ ထောက်ပံ့ကြေးများ ပေးအပ်ခဲ့ခြင်းကြောင့် ကျောင်းအပ်စဉ်ကာလတွင် ကျောင်း စရိတ် များကို ကျောင်းသားများထံမှ ငွေကြေးကောက်ခံမှု နည်းပါးသွားခြင်းကြောင့် အခြေခံပညာကျောင်း များတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းနေနှုန်း ပြန်လည်မြင့်မားလာခဲ့သည်။

‘‘အရင်ကဆို ကျောင်းစတက်ရတာနဲ့ ကျောင်းကနေပြီးတော့ စာမေးပွဲကြေး၊ အသင်းကြေး၊ အမှိုက်ပုံး ကြေး၊ တံမြက်စည်းကြေး၊ ရေဖိုး အဲဒီလို ဘာကြေး ညာကြေးတွေကို ကျောင်းပိတ်တဲ့အထိ တောက်လျှောက် ကောက်နေတာ။ အခုလို မကောက်တော့ဘူး ဆိုတော့ မိဘတွေအနေနဲ့လည်း စိတ်ပူ ပန်ရတာ လျော့သွားတာပေါ့’’ဟု ကြည့်မြင်တိုင်မြို့နယ်မှ ကျောင်းသားမိဘ ဒေါ်ခင်ခင်က ပြောသည်။

ထောက်ပံ့ကြေးရရှိသော အခြေခံကျောင်းများအနေဖြင့် ထောက်ပံ့ကြေးများကို (၁) ရုံးအသုံးအဆောင်၊ (၂) ပြည်တွင်းခရီးစရိတ်၊ (၃) စာအုပ်စာနယ်ဇင်း (၄) သယ်ယူစရိတ် (၅) လုပ်အားခ၊ (၆) လုပ်ငန်းသုံး (၇)ပြပွဲ၊ ပြိုင်ပွဲ၊ (၈) အာဟာရ (၉)တယ်လီဖုန်းကြေးနန်းခ (၁၀) မီတာထိန်းသိမ်းခ (၁၁) လျှပ်စစ်ဓာတ် အားခ (၁၂) အခြားအထွေထွေအသုံးစရိတ် အစရှိသည့် ခေါင်းစဉ်များဖြင့် ကျောင်းကောင်စီအဖွဲ့ဝင် များထံ တင်ပြသုံးစွဲ ရမည်ဖြစ်ကြောင်း သိရသည်။

အခြေခံပညာကျောင်းများအတွက် ထောက်ပံ့ကြေးပေးရာတွင် ကျောင်းဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများကို အသုံးပြုရန် အသေးသုံးငွေများဖြစ်ပြီး မိမိကလေးများ ပိုမိုလေ့ကျင့်ပေးစေချင်သည့် မိဘများအနေဖြင့် ကိုယ်တိုင်စုဖွဲ့၍ ကျောင်းသို့ တရားဝင်လှူဒါန်းနိုင်ပြီး အဆိုပါငွေကြေးများကို တရားဝင်လက်ခံ၍ ပွင့်လင်းမြင်သာစွာ စာရင်းရှင်းလင်းပြသပေးရမည်ဖြစ်သည်။

‘‘အခုပေးတာက အသေးစား အသုံးစရိတ်မှာ သာမန်ရုံးသုံးစရိတ်အတွက်နဲ့ ကျောင်းဆောင် တည်ဆောက်ဖို့ စတဲ့ငွေလုံးငွေရင်းနဲ့ လုပ်ရတာမျိုးကို ဘတ်ဂျက်မှာ မလုံလောက်ရင် လိုအပ်ချက်အရ ထပ်ပြီးတော့ တောင်းလို့ရတယ်။ ဆရာတို့ ပညာရေးကောလိပ်က ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနက ဘတ်ဂျက်ကို တိုက်ရိုက်ချပေးတာဆိုတော့ အခြေခံပညာဦးစီးဌာန လက်အောက်က ကျောင်းတွေလို မြို့နယ်ပညာရေးမှူးရုံးကနေ အဆင့်ဆင့်မသွားရတော့ အခက်အခဲ သိပ်မရှိပါဘူး’’ဟု ရန်ကင်းပညာရေးကောလိပ်မှ ဒုတိယကျောင်းအုပ်ကြီးဦးကျော်ရွှေကပြောသည်။

ထို့အပြင် ပညာရေးပြက္ခဒိန်တွင် ပါဝင်သော လုပ်ငန်းများဖြစ်သည့် ၀ါဆိုသင်္ကန်းကပ်ခြင်း၊ ဆရာ ကန်တော့ပွဲကျင်းပခြင်း၊ ကထိန်ပွဲ၊ စုံညီပွဲတော် စသည့် ကျောင်းသူ၊ ကျောင်းသားများ စိတ်ဓာတ်ဖွံ့ဖြိုးရေး အတွက် ပြုလုပ်သည့် ပွဲတော်များတွင် လိုအပ်သည့်ငွေကြေးများကို ကျောင်းကော်မတီနှင့်တိုင်ပင်၍ ကောက်ခံခွင့်ရှိမည်ဖြစ်ကြောင်း အမှတ်(၁)အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးဝင်း ကပြောကြားသည်။

‘‘ဒီလို ထောက်ပံ့ပေးခြင်းအားဖြင့် ကလေးတွေ ကျောင်းနေနှုန်းတွေ တိုးလာမယ်။ ကျောင်းထွက်နှုန်းတွေ လျော့ကျသွားမယ်။ မိဘတွေရဲ့အစီအစဉ်၊ NGO က အစီအစဉ်နဲ့ ကျောင်းကိုလှူတာမျိုးကိုတော့ လက်ခံ တယ်။ ကျောင်းကလုပ်ချင်လို့ တောင်းတာမျိုးတော့မရဘူး။ ၀န်ကြီးဌာနကလည်း တာဝန်ယူထောက်ပံ့ ပေးတယ်။ မိဘများကလည်း ၀ိုင်းဝန်းစုပေါင်းပံ့ပိုးကြပါ’’ဟု ဦးစိုးဝင်းကပြောသည်။

‘‘အခုလို ကျောင်းတွေကို အသေးသုံး ထောက်ပံ့ကြေးတွေပေးတာ ကောင်းပါတယ်။ အဓိက ကျွန်တော် တို့ကျောင်းမှာ လိုအပ်တာက ဆရာ၊ ဆရာမ အင်အားပိုများလာဖို့နဲ့ ကျောင်းဆောင်တွေကို အသစ် တိုးချဲ့ဆောက်လုပ်ဖို့ပဲ လိုအပ်တာပါ။ အဲဒါကို ဖြည့်ဆည်းပေးမယ် ဆိုရင် ပိုပြီးတော့ အဆင်ပြေလာမှာ ပါ’’ဟု မကွေးတိုင်းဒေသကြီးရှိ မူလတန်းလွန်ကျောင်းအုပ်ဆရာကြီးတစ်ဦးက ပြောပြသည်။

အခြေခံပညာကျောင်းများသို့ ကျောင်းထောက်ပံ့ကြေးများ ထောက်ပံ့ပေးထားသောကြောင့် ၂၀၁၄-၁၅ ပညာသင်နှစ်တွင် ပညာသင်ကြားနေသည့် အချိန်ကာလများအတွင်း ကျောင်းသူ၊ ကျောင်းသားများထံမှ အလှူငွေကောက်ခံမှုများရှိပါက ထိထိရောက်ရောက် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

‘‘အခုနှစ်ကစပြီး မူလတန်း၊ အလယ်တန်း ကျောင်းသူ၊ကျောင်းသားတွေ ကျောင်းကိုအခမဲ့တက်လို့ရပြီ။ မနှစ်ကလည်း မူလတန်းသင်တဲ့ကျောင်းတွေကို ကျောင်းသားဦးရေအလိုက် ထောက်ပံပေးထားတယ်။ ဒီနှစ်လည်း ဒီထပ်မြှင့်ပြီး ထောက်ပံ့ပေးသွားဖို့ အစီအစဉ်ရှိတယ်။ အဲဒါကြောင့် ကျောင်းသားတွေဆီကနေ ထပ်ပြီးမကောက်စေချင်တော့ဘူး။ ကောက်တယ်လို့ အထောက်အထား တိတိကျကျနဲ့ လာတိုင်ရင် အဲဒီ ကျောင်းကို ထိထိရောက်ရောက် အရေးယူသွားမယ်’’ဟု အမှတ်(၁) အခြေခံပညာဦးစီးဌာန (အောက်မြန်မာပြည်) ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးစိုးဝင်းက ပြောကြားသည်။

အခြေခံပညာကျောင်းများ၌ ဇွန်လ ၃၀ ရက်က စတင်ဖြေဆိုခဲ့သည့် လပတ်စာမေးပွဲတွင် စာရွက်စာတမ်းကြေး၊ စာမေးပွဲကြေးဟုဆိုကာ ရန်ကုန်မြို့တွင်းရှိ အခြေခံပညာကျောင်းအချို့တွင် ငွေကြေးကောက်ခံခဲ့ကြောင်း သတင်းရရှိသည်။

‘‘ကျောင်းက အခမဲ့ပညာရေးစနစ်သာ ပြောတယ်။ စာမေးပွဲမေးခွန်းဖိုးဆိုပြီး တစ်ခါတစ်ခါ တစ်ဘာသာ ကိုပဲ ရှစ်ထောင်လိုက်ကောက်တယ်။ ခြောက်ဘာသာဆိုပဲ တော်တော်များနေပြီ။ ဆရာမတွေကလည်း မေးခွန်းကို ၀ှိုက်ဘုတ်မှာရေးပြရင် ကလေးတွေမမြင်ရမှာစိုးလို့ ပြောပြီး ကောက်နေတာ’’ဟု ပုဇွန်တောင်မြို့နယ် အထက်တန်းကျောင်းတစ်ကျောင်းမှ ကျောင်းသားမိခင် ဒေါ်ခင်ကပြောသည်။

အခြေခံပညာကျောင်းများသို့ ကျောင်းသား၊ ကျောင်းသူများ ကျောင်းနေနှုန်း မြင့်မားလာစေရေးအတွက် ၂၀၁၃-၁၄ ပညာသင်နှစ်၌ စတင်အကောင်အထည်ဖော်ခဲ့သည့် အခမဲ့မသင်မနေရ မူလတန်းနှင့် ယခုနှစ်စတင်မည့် အလယ်တန်းအခမဲ့ပညာရေးစနစ်ကို စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သလို မူလတန်းအဆင့်ရှိသည့် အခြေခံပညာကျောင်းများအား ရန်ပုံငွေထောက်ပံ့ကြေး ပေးအပ်ခဲ့သည်။


7Day Daily
အတွဲ (၁၃)၊ အမှတ်(၂၀) 
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...