အမုန်းတရားနှင့် ရွှေ့ပြောင်းလုပ်သားများ

တစ်လောဆီက ဘန်ကောက်မြို့ အပြင်ဘက်တွင် ရှိသည့် စက်မှုဇုန်များအနီး မြန်မာတွေ ကျပ်ခဲ နေအောင် တွေ့ရတတ်သော ဈေးကြီး တစ်ဈေးသို့ ရောက်ရှိသွားခဲ့သည်။ ထိုနေ့က ညနေနေဝင်ရီ တရော ဖြစ်သောကြောင့် ဈေးအစည် ကားဆုံး အချိန် မဟုတ်တော့ပေ။ ထိုင်းနိုင်ငံသားတို့သည် ကွမ်းမစားပါ။ သို့သော် ထိုဈေးတွင် ဗမာကွမ်းယာ ဆိုင်များဖြင့် ပြည့်သည်။ ထုံးစံအတိုင်း လမ်းမပေါ်သို့ ကွမ်းတဗျစ်ဗျစ် ထွေးချတတ်သော မြန်မာပြည်သား တို့ဖြင့်လည်း ပြည့်သည်။ ယခင်ကာလများနှင့် ကွာခြားသော အချက်မှာ ဘန်ကောက်မြို့စွန်မှ ဈေးအတွင်း မြန်မာစာဖြင့် ဆိုင်းဘုတ် အသီးသီး တပ်ထားသော ဆိုင်အမျိုးမျိုး ရှိနေသည်ကို မြင်ရခြင်းပင် ဖြစ်သည်။

ထိုမြင်ကွင်းမျိုးသည် အလုပ်သမားများအတွက် နိုင်ငံကူးလက်မှတ်များ တရားဝင် ထုတ်ပေးလိုက်သော မကြာသေးခင်နှစ် များကမှ ပေါ်လာခြင်း ဖြစ်သည်။ ဟိုးလွန်ခဲ့သည့် ခုနစ်နှစ်လောက်တွင် ဆိုင်းဘုတ် တွေ့ရန်ဝေးစွ၊ ကျီးကြည့် ကြောင်ကြည့်ဖြင့် ဈေးဝယ်ကောင်း ဝယ်ကြရမည်။ ကွမ်းယာဆိုင် တို့အပြင် မုန့်ဟင်းခါးဆိုင်၊ ဝက်သားတုတ်ထိုးဆိုင်၊ ဘူးသီးကြော်၊ ဗယာကြော်အစရှိသည့် အကြော်စုံဆိုင်၊ ကြာဇဆံသုပ်၊ ခေါက်ဆွဲသုပ် ဆိုင်မှစကာ အာလူး၊ ကြက်သွန် အစရှိသည့် ကုန်ခြောက်များ ရောင်းသည့် ဆိုင်အထိ ရှိသည်။ ထိုဆိုင်များသည် ခိုးကြောင်ခိုးဝှက် ရောင်းချနေခြင်း မဟုတ်ကြပေ။ ခိုးကြောင်ခိုးဝှက် မဟုတ်သည့် အထဲတွင် လူပွဲစား အလုပ်များပင် ပါသေးသည်။ လူပွဲစားတို့ပေးသော ဝန်ဆောင်မှုများတွင် ပတ်စ်ပို့စာအုပ် လျှောက်ထားသူက မည်မျှ၊ ဗီဇာလျှောက်ထားလျှင် မည်မျှ၊ ဗီဇာသက်တမ်းတိုးလျှင် မည်မျှ၊ မြန်မာပြည်သို့ ပြန်လိုလျှင် ထိုင်းသို့ ပြန်အလာချောမောအောင် Re-entry တုံးထုလျှင် မည်မျှ အစရှိ သည်ဖြင့် ဆိုင်းဘုတ်များ တင်းကျမ်းပြည့်နေသည်။ ထိုအထဲတွင် မပါမဖြစ်ကား ၉၆၉ ဆိုင်းဘုတ်များ ဖြစ်သည်။

ထိုဆိုင်းဘုတ်များ ဘယ်ကြောင့် တပ်ဖြစ်ပါသလဲဟု အသုပ်ဆိုင်တွင် မေးဖြစ်သောအခါ ဗုဒ္ဓဘာသာ မြန်မာဆိုင်မှန်းသိအောင် ကပ်ထားသည်ဟု ဆိုသည်။ ဘယ်ကရသလဲဟုမေးသောအခါ ဒီကို တရားလာဟောတဲ့ ဘုန်းကြီးများက ယူလာသည်ဟု ဖြေသည်။

ထိုမိမိဘာသာသည် အခြားသောဘာသာတရားတို့ထက် မြင့်မြတ်သည်ဟု ပြောင်ပြောင်ပင် အခြား သူတို့ကို ခွဲခြားဆက်ဆံသော အမုန်းစကားများပါသည့် မျိုးချစ်တရားများကို ရွှေ့ပြောင်းလုပ်သားများ အနေနှင့် ဆိုရှယ်မီဒီယာများမှ ရရှိလေ့ရှိသည်။ ထို့ပြင် မကြာခဏ ပြည်ပသို့ အလှူခံရန် ကြွတော်မူသော ဘုန်းဘုန်းများ၏ တရားအဟောကောင်းမှုကြောင့်လည်း မိမိနှင့် ဘာသာမတူသူတို့အပေါ် ကြောက်စိတ် ဝင်လာခဲ့ကြသည်။

အထူးသဖြင့် ဆိုရှယ်မီဒီယာတွင် ထိုကဲ့သို့သော သတင်းများကို ဖတ်နိုင်လောက်သည့် အလွှာတစ်ခု ဖြစ်သော လူတန်းစားများကို ပစ်မှတ်ထားသော ပို့စ်များ၊ ထိုလူတန်းစားအလွှာကို လိုက်စည်းရုံးနေ သည်များ ရှိသည်ကိုလည်း တောက်လျှောက် လေ့လာနေသဖြင့် သတိထားမိပါသည်။ အမုန်းစကားများ ဖြန့်ချိသူတို့သည် တော်ရုံဖြင့် အယုံမသွင်းနိုင်သော ဆန်းစစ်သုံးသပ်တတ်သူများကို ရှောင်ကာ (ထိုသူများ ကလည်း အမုန်းစကားတို့ကိုရှောင်သည်) သူတို့ပြောသမျှကို တစ်ပတ်လည်အောင် စဉ်းစား ဆင်ခြင် ဉာဏ်ဖြင့် မစဉ်းစားနိုင်သော ရွှေ့ပြောင်းလုပ်သားများကို ပစ်မှတ်ထားကာ အဆက်မပြတ် အားထုတ်နေ ကြသည်ဟုသာ လက်ရှိအခြေအနေကို ထောက်၍ သုံးသပ်မိသည်။ ထိုသို့ကြိုးပမ်းမှုများကို စာရင်း ဇယားဖြင့် သုတေသနစစ်တမ်းလို မဖော်ပြနိုင်သည့်တိုင်အောင် သက်သေများစွာ မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။

ထိုရွှေ့ပြောင်းလုပ်သားများကြားတွင် အစွန်းရောက်အမုန်းများ ပျံ့နှံ့လာအောင် အခြေအနေက များစွာ ဖန်တီးထားသည်။ ထိုအချက်များတွင် သိသာသော တွန်းအားများကို ဖော်ပြရသော် (၁) နိမ့်ပါးသော ပညာရေး၊ အတွေးအခေါ်ကို အားမပေးခဲ့သည့် ပညာရေးကြောင့် သူတို့အများစုတွင် Media Literacy မရှိ၊ ကြားသမျှကို သင့်၏ မသင့်၏ မဆန်းစစ်နိုင်၊ (၂) ထိုသူတို့တွင် ပုံမှန်ဝင်ငွေရှိပြီး ခေတ်မီ ဆက်သွယ်ရေး နည်းပညာကို အသုံးပြုနိုင်သည်၊ (၃) ထိုသူတို့တွင် မိမိ၏ Identity ကို အခြားနိုင်ငံခြား သားတို့က အထင်သေးခြင်းကို အမြဲခံစားနေရသူများဖြစ်ရာ လူမျိုးကြီးဝါဒဖြင့် မိမိကိုယ်ကို လူရာဝင်အောင် အားထုတ်နိုင်ချင်သည့် Self-esteem ကိုမြှင့်လိုမှု ဆန္ဒကြီးစွာရှိပြီး အခွင့်အရေးရလျှင် ရသလို မိမိတို့၏ ဇာတိပုညဂုဏ်မာနကို ပြသလိုသည်မှာ သဘာဝဖြစ်သည်။ (၄) ရေကြည်ရာမြက်နုရာ ထွက်ကာစီးပွားရှာကြသော Migration ဖြစ်စဉ်ကြီးနှင့်အတူ ရွှေ့ပြောင်းလုပ်သားတို့ အခြေကျလာ သည်နှင့်အမျှ ဘုန်းကြီးရဟန်းတို့လည်း ထိုရေကြည်ရာမြက်နုရာသို့ ပင့်ဆောင်ခြင်းခံရသလို ဒကာနောက်သို့ လိုက်ပါခြင်းတို့လည်း ရှိလာကြသည်။ ထိုရဟန်းများမှအချို့သည် အစွန်းရောက်တရားကို ဖြန့်ချိသော အေးဂျင့်များ ဖြစ်လာကြသည်။ အမုန်းအေးဂျင့်များသည် လူပွဲစားအေးဂျင့်များထက်ပင် ရွှေ့ပြောင်းလုပ်သားများကို စိတ်သောကရောက်စေသည့် သာဓကများ စတင်တွေ့မြင်နေရပြီ။

အထက်တွင်ဖော်ပြခဲ့သော တွေ့ရှိချက်များကို အကျယ်ဆိုရသော် -
(၁) မီဒီယာမှ သတင်းစကားကို ခွဲခြားစိတ်ဖြာနိုင်စွမ်းနှင့်
(၂) မီဒီယာကိုစားသုံးနိုင်စွမ်း

ကုလ၏ ကိန်းဂဏန်းများအရ မြန်မာနိုင်ငံကြီး တစ်ခုလုံးတွင် လူထုကြီး၏ ပညာရေးကို ပျမ်းမျှအားဖြင့် တွက်သော် လူတစ်ဦးလျှင် ငါးတန်း မအောင်ပေ။ ထိုင်းရှိ ရွှေ့ပြောင်းလုပ်သား အများစုသည် အခြေခံ ပညာအထက်တန်းကို ပြီးဆုံးနိုင်အောင်သင်နိုင်သူ ထက်ဝက်မျှပင် ရှိမည် မဟုတ်ပေ။ ရရစားစားဖြင့် မြန်မာပြည်တွင် လူလုံးမလှနိုင်သဖြင့် ဇာတိသို့ခွာကာ သွားရသူများ ဖြစ်ကြသည်။ အများစုသည် သတင်းစာဖတ်ရန် မတတ်နိုင်၊ မြန်မာပြည်တွင် ဖြစ်ပျက်နေသည်တို့ကို မိုးဟေကိုနှင့် ဝိုင်းစုခိုင်သိန်း မျှလောက် အကြောင်းအရာများ ထက်ကျော်ပြီး မတွေးနိုင်သူ များစွာရှိကြသည်။ ပညာအများကြီး သင်ထားသူတွေပင် မျက်စိလည်နေသော ဒီမိုကရေစီ အပြောင်းအလဲကာလကို သူတို့လိုက်မမီနိုင် သည်မှာ မဆန်း၊ ရွာဘုရားပွဲရာသီတွင် အိမ်ပြန်မည်။

ရဲဖမ်းလျှင် ပေးနိုင်ဖို့ ငွေရှိရန် လိုသည်။ မိုးကျလျှင် အိမ်ခေါင်မိုး မိုးရန် ငွေပြန်ပို့ရမည်။ ကလေး ကျောင်းအပ်ရမည်။ ဒီလောက်ပဲ အစွမ်းကုန် သူတို့စဉ်းစားနိုင်သည်။ သို့သော် ပြဿနာမှာ ထိုလူတစ်စုသည် မြန်မာပြည်သား သန်းပေါင်းများစွာထက် ပုံမှန်ဝင်ငွေရှိနေကြပြီး သူတို့သည် အသစ်ပေါ်ပေါက်လာသော မီဒီယာများကို စားသုံးရန် တတ်နိုင်လာကြသည်။ ဖုန်းဝယ်နိုင်လျှင် အားလုံး Facebook ပေါ်ရောက်တော့ သည်။ Facebook ပေါ်တွင် သက်မွန်မြင့် စာမျက်နှာကို Like လုပ်ပြီးသော် သူတို့ ဘာကိုဖတ်မည် ထင်သနည်း။ သူတို့ ဖတ်နေ၊ တွေ့နေရသော စာများ၊ Like လုပ်သောစာများ၊ Share သောစာများတွင် လူမျိုးရေးမုန်းတီးမှုများ တဖြည်းဖြည်း ပြင်းထန်လာနေသည်ကိုလည်း မျက်စိအောက်တွင် တွေ့မြင်နေ ရသည်။

(၃) Identity Formation မိမိနှင့် မိမိလူမျိုး အသိအမှတ်ပြုခံရရေးတို့ အရေးနှင့် (၄) အစွန်းရောက် တရားများ နိုင်ငံခြားအထိ ပျံ့နှံ့လာခြင်း ဆင်မြူရယ်ပေါလ်ဟန်တင်တန်သည် Clashes of Cultures ဖြင့် ယဉ်ကျေးမှုများ တိုးတိုက်မိနိုင်သည်ဟု ဆိုခဲ့သည်။ သူ့အဆိုကို နိုဘယ်လ်ဆုရှင် အမတြာဆင်းက ဖျက်သည်။ သူ့ဟာနဲ့သူ ကိုယ့်ဟာနဲ့ကိုယ် ဖြစ်တည်နေကြသော ယဉ်ကျေးမှုများဟာ တိုးတိုက်စရာမလိုဘဲ အတူတူ မရပ်တည်နိုင်ဘူးလားဟုမေးသည်။ မည်သို့ပင်ဖြစ်စေ လူတစ်ယောက်သည် မိမိ၏ဇာတိမှ ထွက်ခွာသွားသည်နှင့် မိမိနှင့် မတူသူတွေနှင့် ထိတွေ့ဆက်ဆံရမြဲ ဖြစ်သည်။ ထိုအခါ အခြားယဉ်ကျေးမှု များ၊ အခြား Identity များနှင့် ကြုံကြရသည်။ အထူးသဖြင့် နိုင်ငံရပ်ခြားတွင် မိမိသည် လူနည်းစုဖြစ်ပါက အိမ်ရှင်၏ ယဉ်ကျေးမှုကြီးများကြားတွင် မိမိသည် မှေးမှိန်သွားနိုင်သည်။ ထိုအခါ မိမိအသိအမှတ်ပြု ခံရရေးကို ခက်ခဲသည့်တိုင်အောင် လိုချင်ကြသည်သာ ဖြစ်သည်။ မိမိယဉ်ကျေးမှုက တစ်ပါးသူ၏ ယဉ်ကျေးမှုထက်မနိမ့်ကြောင်း ပြလိုကြသည်။

မတူမှုအပေါ်အခြေခံ၍ အိမ်ရှင်တို့က ခွဲခြားဆက်ဆံလျှင် ပို၍ပင် စွာလာသေးသည်။ ထိုဇာတိပုည ဂုဏ်မာန ထက်မြက်နေသော အခြေအနေမျိုးသည် အစွန်းရောက်မျိုးချစ်စိတ်ကို သွတ်သွင်းရန် အကောင်းဆုံးရေခံ မြေခံတစ်ခု ဖြစ်နေနိုင်သည်။ အထူးသဖြင့် သတင်းစကားကို အကုန်မကြားသိရမီပင် အမုန်းစကားက ထိုပတ်ဝန်းကျင်ကို လွှမ်းမိုးသွားလျှင် အစွန်းရောက် လူစုလူဝေးကြီးကို မွေးထုတ်ပြီးသား ဖြစ်နိုင်ပေသည်။ နိုင်ငံရပ်ခြားတွင် စာပေဟောပြောပွဲများ ကျင်းပခြင်း၊ တရားပွဲများကျင်းပခြင်း၊ မိမိတို့ ရာသီအလိုက် ပွဲတော်များ ကျင်းပခြင်းသည် မိမိလူမျိုးများ ညီညွတ်ရေး၊ စည်းလုံးရေး၊ ကွန်ရက်ဖွဲ့ ချစ်ကြည်ရေးတို့ဖြင့် ကောင်းသည့် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးနိုင်သော်လည်း အမုန်းစကားသည် ထိုပတ်ဝန်းကျင်ကို လွယ်ကူစွာ အရောင်ဆိုးပစ်နိုင်ပေသည်။ အခြားတိုင်းပြည်တွင် ဖြစ်သောကြောင့် မိမိတို့နိုင်ငံ၏ အာဏာစက်လည်း မကျရောက်နိုင်သည့်အပြင် နိုင်ငံခြားသားများလည်း နားမလည်သော အမုန်းစကားများဖြင့် စိတ်လွတ်လက်လွတ် အမုန်းမီးတိုက်သွင်းနိုင်သော အခြေအနေတစ်ရပ်တွင် ရှိနေပေသည်။

ထိုင်းစီးပွားရေးစနစ်ကြီး၏ အောက်ခြေသိမ်း လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေကြသော ရွှေ့ပြောင်း လုပ်သားတို့သည် မြန်မာနိုင်ငံ၏ လူဦးရေ၏ အချိုးနှင့်ယှဉ်သော် မပြောလောက်သော ပမာဏဖြစ်သည်။ သို့သော် ထိုသူတို့သည် သူတို့မိသားစုများ၏ ထမင်းအိုးများ ဖြစ်ကြသည်၊ အိမ်ကို ငွေပို့ရသူများ ဖြစ်သောကြောင့် မိသားစုတွင်းပေါ်လစီများ၊ ဆုံးဖြတ်ချက်များကို သြဇာလွှမ်းနိုင်သည်။ နောင်တွင် အဖေတို့အမေတို့ ဘယ်သူ့ကို မဲပေးပါ၊ ဘယ်ဝါ့ကို မဲပေးပါဟု တိုက်တွန်းရန်များစွာ အလားအလာ ရှိသည်။

ယခုတစ်လော သူတို့ကြားတွင် ခေတ်စားနေသော သတင်းစကားမှာ NLD ကိုချေမှုန်းရေးသို့ ဦးတည် သည်။ ဒေါ်အောင်ဆန်းစုကြည်နိုင်လျှင် ကုလားနိုင်ငံ ဖြစ်သွားမယ်ဆိုတာ ဟုတ်သလားဟု လာမေးကြ သူများက တစ်မျိုး (ထိုသူ၏ မေးခွန်းအတိုင်း တိုက်ရိုက်ရေးချခြင်းဖြစ်၍ ကုလားဟူသော အသုံးအနှုန်းကို ထည့်ရေးဖြစ်ပါသည်။ မည်သူ့ကိုမျှ ထိခိုက်စေရန် မရည်ရွယ်ပါ)၊ NLD နိုင်လျှင် မွတ်ဆလင်လူဦးရေ များလာမယ်ဆိုတာ ဟုတ်သလားဆိုသူကတစ်ဖုံ စာရေးသူမှာ ကြုံနေရပါသည်။ အမုန်းလှိုင်းကြမ်းများ ကြားတွင် မည်သူတို့ နောက်ထပ် ဓားစာခံဖြစ်ဦးမည်မသိ။

လက်ရှိ မြန်မာနိုင်ငံ၏ အခြေအနေမှာ ဒီမိုကရေစီသဘောကို တစ်သက်လုံး အလှမ်းဝေးလာလျက်ရှိသော လူအုပ်စုကြီး၊ ပညာရေး တစ်ပိုင်းတစ်စဖြင့် မီဒီယာအကြောနှင့် နိုင်ငံရေးလှည့်ကွက်များကို မသိနိုင်သော ဆင်းရဲသားလူထုကြီးသည် ကြီးမားလှစွာသော ရာခိုင်နှုန်းဖြင့် တည်ရှိနေသည်ဟု ခန့်မှန်းနိုင်ပါသည်။ ပညာမတတ်သော လူ့အဖွဲ့အစည်းသည် သည်းခံစိတ်နည်းလျက် ဒီမိုကရေစီသဘောကို လက်ခံနိုင်မည် မဟုတ်ပေ။ ပညာရေးကို ဖြိုခဲ့ခြင်း၏ အကျိုးဆက်ကို လှလှကြီး ခံစားရပေပြီ။ ပညာရေးကို ဖြိုခဲ့ကြသူတို့ ညညအိပ်ပျော်ကြပါ၏လော။

ရွှေ့ပြောင်းမှုကိုလေ့လာနေသော ဘန်ကောက်အခြေစိုက် သုတေသီတစ်ဦး

The Voice Weekly
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...