ခေါင်းဆောင်နဲ့ အနာဂတ်အမြင်

Written by: ဦးငွေသိန်း (ကုမ္ပဏီလမ်းညွှန်)
footsoldiers4christ.com
ခေါင်းဆောင်မှာ Appointed Leader လို့ခေါ်တဲ့ ခန့်ထားတဲ့ ခေါင်းဆောင်နဲ့ အများကနေ သဘော တူညီမှုနဲ့ ရွေးချယ်လိုက်တဲ့ ခေါင်းဆောင် Selected Leader နဲ့ မိမိကိုယ်မိမိ ခေါင်းဆောင်အဖြစ် သတ်မှတ်ပြီး အဖွဲ့အစည်းတွေ၊ အစိုးရတွေကို ဦးဆောင်တဲ့ခေါင်းဆောင် သုံးမျိုးရှိတယ်။ မိမိကိုယ်မိမိ ခေါင်းဆောင်အဖြစ် သတ်မှတ် သူတွေက နိုင်ငံတွေကို လက်နက်နဲ့ အနိုင်ကျင့်ပြီး ခေါင်းဆောင်အဖြစ် ခံယူတဲ့ အာဏာရှင်တွေသာ ဖြစ်ပါတယ်။ လက်နက်အားကိုးနဲ့ အာဏာရှင်ပုံစံ မိမိနိုင်ငံကို အုပ်ချုပ်ခဲ့ တာတွေက သမိုင်းကြောင်းကို ကြည့်ရင် နိဂုံးအဆုံးသတ် မကောင်းကြတာ တွေ့ရမှာဖြစ်တယ်။ အာဏာရှင်ပုံစံ အုပ်ချုပ်ခံရတဲ့ နိုင်ငံတွေကလည်း တခြားနိုင်ငံတွေနဲ့ ယှဉ်ကြည့်ရင် ထိပ်ပိုင်းကို မရောက်နိုင်ဘဲ အရာရာမှာ အောက်တန်း နောက်တန်းကျ ဖြစ်ခဲ့ကြရတယ်။ ပညာရေးကိုပဲ ကြည့်ကြည့်၊ ကျန်းမာရေးကိုပဲ ကြည့်ကြည့်၊ စီးပွားရေးကိုပဲကြည့်ကြည့် အောက်ဆုံးအဆင့်ကို ကျဆင်းစေခဲ့တာ ဖြစ်တယ်။

အာဏာရှင်ပုံစံ ခေါင်းဆောင်မှုက Autocratic Leadership ပုံစံဖြစ်တယ်။ ရှိသမျှ အာဏာတွေကို တစ်ဦးတစ်ယောက်ကပဲ အားလုံးထိန်းချုပ် ရယူထားတယ်။ တစ်နည်းအားဖြင့် ဗဟိုစုစည်းခေါင်းဆောင်မှု Centralized Leadership လို့လည်း ခေါ်ကြတယ်။ စာရေးသူတို့နိုင်ငံမှာ ၁၉၆၂ ခုနှစ်မှာ စစ်တပ်ကနေ အာဏာသိမ်းပြီး အာဏာကို တစ်ဦးတစ်ယောက်တည်းကသာ ဆွဲကိုင်ခဲ့တာကြောင့် အစစအရာရာ လွဲမှားမှုတွေ ဖြစ်ခဲ့တယ်။ စီးပွားရေးကို ဆိုရှယ်လစ်စီးပွားရေးစနစ် ကျင့်သုံးခဲ့တာကြောင့် မှောင်ခို စီးပွားရေးဆိုတာ ပေါ်ပေါက်လာခဲ့တယ်။ မှောင်ခိုစီးပွားရေးကြောင့် အမျိုးသမီး အတော်များများ ဘဝ ပျက်ခဲ့ကြရတယ်။ ပညာရေးမှာလည်း အပိတ်ပညာရေးစနစ် Closed Education ကို အသုံးပြု ခဲ့တာကြောင့် ဆန်းသစ်တီထွင်နိုင်မှု စွမ်းအားတွေ ပျောက်သွားစေခဲ့တယ်။ ၁ဝ ပုဒ်ကျက်၊ လေးပုဒ် ဖြေနိုင်ရင် စာမေးပွဲအောင်ပြီဆိုတော့ စဉ်းစားသာ ကြည့်ပေတော့။ ဘယ်လိုလုပ်ပြီး Creative Idea လို့ခေါ်တဲ့ ဆန်းသစ်တဲ့ အတွေးအခေါ်တွေ ရလာနိုင်စေတော့မှာလဲ။ နောက်တစ်ခုက နိုင်ငံတကာနဲ့လည်း ဆက်သွယ်ဆောင်ရွက်မှုတွေ ပိတ်ဆို့ထားခဲ့တယ်။ ၁၉၆၄ ခုနှစ်မှာ ပြည်သူပိုင် သိမ်းတာတွေ လုပ်ခဲ့တယ်။ အဲဒီကစပြီး မှားလာတာ တောက်လျှောက်ပါပဲ။ နိုင်ငံနဲ့ နိုင်ငံသားတွေ လုံခြုံရေးအတွက် ကာကွယ်စောင့်ရှောက်ပေးကြရမယ့် တပ်မတော်သားတွေက အရောင်းဈေးသည်တွေ ဖြစ်လာစေခဲ့တယ်။

ခေါင်းဆောင်ဆိုတာ အနာဂတ် အမြင်ကောင်းတွေနဲ့ မိမိနိုင်ငံ၊ မိမိနိုင်ငံသားတွေ အကျိုးအတွက် ဒီဂရီ ၃၆ဝ စီမံခန့်ခွဲမှုကောင်းတဲ့ ခေါင်းဆောင်ဖြစ်ဖို့ လိုအပ်မှာဖြစ်ကြောင်းပါ . . . . .

အဲဒီနောက်ပိုင်းမှာ ဆွစ်ဇာလန်ဘဏ်မှာ ရွှေပေါင်ထားပြီးမှ ထုတ်လုပ်ပေးတဲ့ နိုင်ငံတကာမှာ အသုံးပြုနိုင်တဲ့ ငွေကြေးကိုပယ်ဖျက် အပေါင်ထားခဲ့တဲ့ ရွှေတွေကို ပြည်လည်ထုတ်ယူပြီး မိမိနိုင်ငံ အတွင်းမှာပဲ ငွေစက္ကူထုတ်လုပ်နိုင်ဖို့ ဝါဇီစက်ရုံကို တည်ထောင်ခဲ့တယ်။ အဲဒီစက်ရုံကနေ ထုတ်လိုက်တဲ့ ငွေကြေးပမာဏက ဘယ်လောက်ရှိတယ် ဆိုတာလည်း ဒီကနေ့အထိ ပြည်သူတွေ ဘယ်သူမှ သိခွင့်မရကြဘူး။ သို့ပေမဲ့ ပညာရှင်တွေရဲ့ အမြင်အရ မိမိနိုင်ငံသုံး ငွေစက္ကူကို လွန်ကဲစွာ ရိုက်နှိပ် ထုတ်ဝေခဲ့တဲ့အတွက် ငွေကြေးဖောင်းပွမှု ဖြစ်လာစေခဲ့ပြီး မိမိနိုင်ငံသုံး ငွေကြေးက တန်ဖိုးကျဆင်း လာခဲ့တယ်။ ဟိုယခင်က ငွေလဲလှယ်နှုန်းထားက အစိုးရတရားဝင်ဈေးနှုန်း အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေခြောက်ကျပ် ဖြစ်ပေမယ့် အဲဒီအချိန်က ငွေကြေးဈေးကွက် သဘောတရားတွေကို နားလည်မှု မရှိခဲ့တာကြောင့် အကောက်ခွန်နှုန်းထားမှာ ငွေလဲလှယ်နှုန်းက တစ်မျိုး၊ အရောင်းအခွန်မှာ ငွေလဲလှယ်နှုန်းက တစ်မျိုး၊ ပြင်ပပေါက်ဈေးက တစ်မျိုးနဲ့ ဒေါ်လာငွေကြေး အလဲအလှယ်နှုန်းက အမျိုးမျိုး ဖြစ်ခဲ့တယ်။ ပြင်ပပေါက်ဈေးက တစ်ဒေါ်လာကို ကျပ် ၁၂ဝဝ ဝန်းကျင်အထိ ရှိခဲ့တယ်။

အိမ်နီးချင်း နိုင်ငံတွေဖြစ်တဲ့ ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံ ငွေကြေးလဲလှယ်မှုနှုန်းက ၁၉၇၇ က မြန်မာငွေကျပ် ၃ဝ၊ ထိုင်းဘတ် ၁ဝဝ ဖြစ်တယ်။ နောက်ပိုင်းမှာ မြန်မာငွေကျပ် ၅ဝ၊ ထိုင်းဘတ် ၁ဝဝ၊ မြန်မာငွေကျပ် ၁ဝဝ၊ ထိုင်းဘတ် ၁ဝဝ နဲ့ ဘတ်တိုက်ကျပ်တိုက် ဖြစ်လာတယ်။ နောက်ပိုင်းမှာ မြန်မာငွေကျပ် ၁ဝဝ၊ ထိုင်းဘတ် ၃ဝ ဖြစ်လာပြီး မကြာသေးမီက စာရေးသူ တာချီလိတ်ကို MRESA သင်တန်းသားတွေကို သင်တန်းပေးဖို့ ရောက်ခဲ့ရာမှာ တာချီလိတ်တစ်မြို့လုံးက ထိုင်းဘတ်နဲ့သာ အရောင်းအဝယ် လုပ်နေကြပြီး ထိုင်းဘတ် ၃၂ ဘတ်ကို မြန်မာကျပ် ၁ဝဝဝ ဖြစ်နေတယ်။ စာရေးသူ အတော် အံ့အားသင့် သွားတယ်။ ၁၉၇၇ ခုနှစ်လောက်က မြန်မာနိုင်ငံတောင်ပိုင်း ကော့သောင်းကို ရောက်ခဲ့စဉ်က မြန်မာငွေကျပ် ၃ဝ ကို ထိုင်းဘတ် ၁ဝဝ နဲ့ ငွေတန်ဖိုး မြင့်မားနေသေးတယ်။ အခုတော့ မြန်မာငွေကျပ် ၁ဝဝဝ ကို ထိုင်းဘတ် ၃၂ ဘတ်ဆိုတော့ မြန်မာငွေတန်ဖိုး ဘယ်လောက်ကျသွားသလဲ စဉ်းစားသာ ကြည့်ကြပါတော့။ မိမိငွေတန်ဖိုး ကျဆင်းရခြင်းက ယခင်အုပ်ချုပ်ခဲ့သူတွေရဲ့ လွဲမှားတဲ့ စီမံခန့်ခွဲမှုကြောင့် ဆိုတာ ထင်ရှားတယ်။

ဟိုယခင်လူကြီး အုပ်ချုပ်ခဲ့စဉ်က ငွေစက္ကူတွေ တရားမဝင် နှစ်ကြိမ်ပြုလုပ်ခဲ့ဖူးတယ်။ ဆင်းရဲချမ်းသာ ကွာဟမှု နည်းပါးသွားစေဖို့ ဆိုပေမယ့် အဲဒီပုဂ္ဂိုလ်ရဲ့ နောက်အုပ်ချုပ်သူရဲ့ ထပ်မံလွဲမှားတဲ့ အတ္တများများနဲ့ ဖန်တီးခဲ့မှုကြောင့် ခရိုနီစီးပွားရေးဆိုတာ ပေါ်ပေါက်လာခဲ့ပြီး ဆင်းရဲချမ်းသာကွာဟမှုကို ပိုမိုကြီးထွား လာခဲ့တယ်။ ဒါတွေကိုသိမြင်ပြီး လက်ရှိ ဒီမိုကရေစီ အစိုးရက အနာဂတ် အမြင်ကောင်းစွာနဲ့ လုပ်ဆောင်တတ်ဖို့ အရေးကြီးတယ်။ စာရေးသူရဲ့ အမြင်အရ ဝါဇီကနေ နှစ်စဉ်ငွေစက္ကူ ဘယ်လောက် ပမာဏ ရိုက်ထုတ်ခဲ့တယ် ဆိုတာကို စာရင်းဇယားနဲ့ ပြည်သူတွေ ထင်သာမြင်သာဖြစ်အောင် ထုတ်ဖော်ပေးဖို့ လိုအပ်တယ်။ ဒီလိုမှ မဟုတ်ရင် ဒီထက်မက ရိုက်ထုတ်နေရင် စာရေးသူတို့ မြန်မာငွေ တန်ဖိုးက ဆက်ပြီးကျဆင်းနေဦးမှာ ဖြစ်တယ်။ မကြာသေးမီက စာစောင်တစ်ခုမှာ ဖတ်လိုက်ရတယ်။ မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုက ၁ဝ ရာခိုင်နှုန်းသော်မှ မကျော်သေးဘူးတဲ့ဗျာ။ ကြည့်လည်း လုပ်ကြပါဦး။ ငွေကြေးဖောင်းပွမှုကို အမှန်အတိုင်း မိမိနိုင်ငံသားတွေကို ချပြသင့်တယ်။

ဒါကြောင့် ခေါင်းဆောင်ဆိုတာ အနာဂတ် အမြင်ကောင်းတွေနဲ့ မိမိနိုင်ငံ၊ မိမိနိုင်ငံသားတွေ အကျိုးအတွက် ဒီဂရီ ၃၆ဝ စီမံခန့်ခွဲမှုကောင်းတဲ့ ခေါင်းဆောင်ဖြစ်ဖို့ လိုအပ်မှာဖြစ်ကြောင်းပါ။


Eleven Daily News
-----------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...