ဇရာအတွက် နေစရာ

စိုးထက်ဝင်း
စမ်းသပ် သန်းခေါင်း စာရင်းနှင့် ပြည်လုံးကျွတ် သန်းခေါင်း စာရင်း ကောက်ယူ ခဲ့ရာတွင် မြန်မာနိုင်ငံ၌ နှစ်စဉ် သက်ကြီး ရွယ်အိုများ မြင့်တက် လာသည် ကို တွေ့ရသည့် အတွက် ဘိုးဘွား စောင့်ရှောက်မှု ဂေဟာများ ထပ်မံ ဖွင့်လှစ် သင့်သည်ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ၀န်ကြီးဌာန၊ ပြည် ထောင်စု ၀န်ကြီး ဦးခင်ရီက မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ ထို့အပြင် ရန်ကုန်တိုင်း ဒေသကြီး အတွင်း၌လည်း သက်ကြီး ရွယ်အို မြင့်တက်မှုမှာ နှစ်စဉ် တိုးပွားနေ သည်ဟု ရန်ကုန်တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့ အင်အား ဦးစီးဌာနက တာဝန်ရှိသူ တစ်ဦးကလည်း ဆိုသည်။

မြန်မာနိုင်ငံ၌ နှစ်စဉ် သက်ကြီးရွယ်အို ဘိုးဘွားဦးရေ တိုးတက်နေ သော်လည်း အစိုးရ၏ တာဝန်ယူ စောင့်ရှောက်မှု အဖြစ် တစ်နိုင်ငံလုံးတွင် သက်ကြီး ဘိုးဘွား စောင့်ရှောက်ရေး ဂေဟာတစ်ခုသာ ရှိသေး သည်။ အဆိုပါဂေဟာမှာလည်း သက်ကြီးဘိုးဘွားများကို တစ်နေကုန် စောင့်ရှောက်မှုပေး နေခြင်း မဟုတ်ဘဲ နေ့ပိုင်းအတွက်သာ စောင့်ရှောက်မှု ပေးနေခြင်းဖြစ်သည်။ ထို့အပြင် အဆိုပါဂေဟာသည် သားသမီး သို့မဟုတ် ပိုင်ရှင်ရှိသော သက်ကြီးဘိုးဘွားများကိုသာ စောင့်ရှောက်မှုပေးနေသည့် အပြင် လူဦးရေမှာလည်း တစ်ရာဝန်းကျင်သာ လက်ခံနိုင်ရာ အစိုးရ၏ သက်ကြီးဘိုးဘွားများ အပေါ် တာဝန် ယူမှုမှာ မေးခွန်းထုတ်စရာ ဖြစ်နေခဲ့သည်။ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦး ဖြစ်သည့် ဦးသက်နိုင်ဦးက သက်ကြီးရွယ်အိုများကို စောင့်ရှောက်မှု သွားမည့် အစီစဉ်နှင့် ပတ်သတ်ပြီး လွှတ်တော် တွင် မေးမြန်းခဲ့သည်။ ၎င်း၏ မေးမြန်းမှုကို သက်ဆိုင်ရာဝန်ကြီးဌာနဖြစ်သော လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါ်စုစုလှိုင်က ပြန်လည် ဖြေကြားရာတွင် အဆိုပါ သက်ကြီးရွယ်အိုများကို စောင့်ရှောက်မှုပေး နိုင်ရန်အတွက် အမျိုးသားအဆင့်လုပ်ငန်းစီမံကိန်းကို ရေးဆွဲနေပြီဖြစ်သည့်အပြင် ဘိုးဘွားများကို လူမှုရေးအကူညီပေးနိုင်ရန်အတွက် ယခု ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်၊ အမျိုးသား စီမံကိန်းဥပဒေကြမ်းအရ တင်ပြတွက်ချက်ခဲ့သော်လည်း ဘဏ္ဍာငွေခွဲဝေ ချထားပေးမရှိသဖြင့် ပင်စင်စား မဟုတ်သော သက်ကြီးဘိုးဘွားများကို လစဉ် ထောက်ပံ့ရန် အစီစဉ် မရှိသေးကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ကျွန်တော်တို့ဌာနက တာဝန်ယူ စောင့်ရှောက်ပေးတဲ့ ဘိုးဘွားစောင့်ရှောက်မှု ဂေဟာက တစ်ခုတည်း ရှိတယ် ဆိုပေမယ့် ကျန်တဲ့ ပုဂ္ဂလိက စေတနာ ၀န်ထမ်းတွေ ဖွင့်လှစ်ပြီး ကျွန်တော်တို့က အသိမှတ်ပြု ထောက်ပံ့ပေးတဲ့ သက်ကြီးဘိုးဘွား စောင့်ရှောက်မှု ဂေဟာ ကတော့ တစ်နိုင်ငံလုံးမှာ (၇၁) ခုရှိပါတယ်။ ဒီမှာရောက်နေကြတဲ့ ဘိုးဘွားတွေနဲ့ ဂေဟာမှူးတွေကို ကျွန်တော်တို့နှစ်စဉ် ထောက်ပံ့မှုတွေ လုပ်ပေးနေ ပါတယ် ဟု လူမှုဝန်ထမ်း ဦးစီးဌာနမှ တိုင်းဦးစီးမှူးအဆင့်ရှိ တာဝန်ရှိသူတစ်ဦးက ပြောသည်။ လူမှု ၀န်ထမ်းဦးစီးဌာန၏ တရားဝင် စာရင်းဇယားများအရ ၎င်းတို့ဌာနမှ အသိအမှတ် ပြုပြီး ထောက်ခံမှု များပြုလုပ်ပေးနေ သည့် ရိပ်သာပေါင်း (၇၁) ခုတွင် ဘိုးဘွားပေါင်း (၃၀၀၀) ကျော်ကိုသာ ပြုစုနိုင်သေး ကြောင်း သိရသည်။

အဆိုပါဘိုးဘွားများ စောင့်ရှောက်ပေးခြင်းကိုမြန်မာနိုင်ငံ၌ ရှေးယခင်တည်းက ပုဂ္ဂလိက စေတနာရှင် များကသာ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် အစိုးရမှ နေ့ပိုင်း ဘိုးဘွားစောင့်ရှောက်ရေး ဂေဟာကို ၂၀၁၃ ခုနှစ်က မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေး ဘုရားလမ်းပေါ်တွင် ပထမဆုံးအကြိမ် ဖွင့်လှစ် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

နှစ်စဉ်တိုးပွားလာသော ဘိုးဘွားများမှာ မိသားစုက ထောက်ပံ့မှုပေးနိုင်လျှင် အဆင်ပြေနိုင် သော်လည်း နွမ်းပါးသည့် မိသားစုများမှ သက်ကြီး ဘိုးဘွားများမှာ ရပ်တည်ရန် အခက်အခဲများနှင့် ရင်ဆိုင်နေကြ ရသည်။ မိသားစု မစောင့်ရှောက်နိုင်၍ လမ်းပေါ်တွင် စွန့်ပစ်ထားရသည့် ဘိုးဘွားများမှာ ရန်ကုန်မြို့ တွင်ပင် နေ့စဉ် ငါးဦးခန့် အထိရှိနေကြောင်း အဆိုပါ စွန့်ပစ်ဘိုးများကို ကူညီ၍ ဆေးရုံပို့ ဆောင်စောင့် ရှောက်မှုပေးနေသော သွေးမေတ္တာ ပရ ဟိတ သွေးအလှူတော် အသင်း ဥက္ကဋ္ဌ ဦးမြတ်ကျော်က ပြော သည်။ လမ်းဘေးမှာ စွန့်ပစ်ထားလို့ တာဝန်သိ လူငယ်တွေ ဆက်သွယ်လာတာ တစ်နေ့ကို ငါးဦး လောက်ရှိပေမယ့် ကျွန်တော်တို့ကတော့ လူသုံးဦးလောက်ပဲ နေ့တိုင်းပို့နိုင်တယ် ဟု ၎င်း ကပြောသည်။

အဆိုပါ စွန့်ပစ်ခံရသော သက်ကြီး ဘိုးဘွားများမှာမိသားစုက ကျွေးမွေးရန်ထက် ဆေးကုသစရိတ် မတတ်နိုင်သောကြောင့် ယင်းကဲ့သို့ စွန့်ပစ် မှုများပြားပြီး အများအား ဖြင့် လူစည်ကားရာ နေရာများ ဖေစ်သော ဈေး များ၊ ကားဂိတ်များ၊ ဘူတာရုံများအနီးတွင် လူ ဖြတ်သွားလာမှုနည်းပါးသည့် မနက် အစောပိုင်းများတွင် လာရောက် စွန့်ပစ်လေ့ရှိကြောင်း သိရသည်။ ဘယ်သားသမီးကမှ သူတို့ကို မွေးထုတ် ထားတဲ့ မိအိုဖအိုတွေကို လမ်းဘေးမှာ အမှိုက် ပစ်သလို ပစ်ချင်မှာမဟုတ်ဘူး။ မိသားစု တစ်ခုအတွက် တကယ့်ကို ၀န်ထုပ်ဝန်ပိုးဖြစ်ပြီး မတတ်သာလွန်းလို့ စွန့်ပစ်ရတာ တကယ်လို့သာ ဒီလိုသက်ကြီး ဘိုးဘွားတွေကို နေ့ရောညပါ စောင့်ရှောက်ပေးနိုင်တဲ့ ဂေဟာတွေသာများများရှိရင် ဒီလိုမျိုး လမ်းဘေးရောက်စရာ အကြောင်းမရှိဘူးဟု ဦးမြတ်ကျော်က ဆိုသည်။

သက်ကြီးရွယ်အို ဘိုးဘွားများကို စွန့် ပစ်ရသည့်အထိ အခြေအနေဖြစ်ပေါ်နေရခြင်းမှာ မြန်မာနိုင်ငံ၏ ဆင်းရဲမွဲတေမှုနှင့် အစိုးရ၏ သက်ကြီး ဘိုးဘွားများအပေါ် တာဝန်ယူမှု အားနည်းနေခြင်ကို ပိုမိုပေါ်လွင် နေသည်။ ထို့အပြင် လက်ရှိဖွင့်လှစ်ထားသော အစိုးရ၏ နေ့ပိုင်းစောင့်ရှောက်မှု ဂေဟာ မှာလည်း ပိုင်ရှင် ရှိသည့် ဘိုးဘွားများကိုသာ စောင့် ရှောက် ပေးနေခြင်းကလည်း လမ်းမပေါ်တွင် ဘိုးဘွားများ ရောက် ရှိနေရသည့် အဓိက အကြောင်း အရင်းပင်ဖြစ်နေသည်။

မြန်မာနိုင်ငံမှာရှိတဲ့ ဘိုးဘွားရိပ်သာနဲ့ ဘိုးဘွားအရေအတွက်က လုံလောက်မှု မရှိသေးဘူး။ အများကြီး လိုအပ်နေသေးတယ်။ အထူးသဖြင့် ကျန်းမာရေး မကောင်းတဲ့ ဂီလာန သက်ကြီး၊ ဘိုးဘွားအိမ်ယာမဲ့တွေ အတွက် ပိုလိုအပ်နေတယ် ဟု ဆည်းဆာရိပ် ဂီလာန ဘိုးဘွားများ ထိန်းသိမ်းစောင့် ရှောက်ရေး ဂေဟာ ကို ဦးစီးတည်ထောင်ခဲ့သော စာရေးဆရာမ ဒေါ်သန်းမြင့်အောင် က ပြောသည်။

အခြား ဖွံ့ ဖြိုးပြီး နိုင်ငံများတွင်ယင်းကဲ့ သို့ လိုအပ်ချက်များကို အချိန်မီ ဖြေရှင်းနိုင်ရန် အတွက် အနည်းဆုံး (၁၀) နှစ် တစ်ကြိမ်ခန့် သန်းခေါင် စာရင်းအချက်အလက်များ ကောက် ယူ၍ ဖြေရှင်းပေးမှု များရှိ သော်လည်း မြန်မာ နိုင်ငံတွင် ယင်းကဲ့သို့ အခြေခံ လိုအပ်ချက် များကို ဖြည့်ဆည်းနိုင်မရှိ ရခြင်းမှာ နှစ်ပေါင်းများစွာသန်းခေါင်စာရင်းမကောက်ယူနိုင်သောကြောင့်ဖြစ်နိုင်ကြောင်းလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး တစ်ဦးက ပြောသည်။ လက်ရှိ ကောက်ယူ ထားသော ပြည်လုံးကျွတ်သန်းခေါင်စာရင်းအရ သက်ကြီးဘိုးဘွားများ၏ အရေအတွက်ကို ရရှိ ထားပြီး ဖြစ်သည်။ အဆိုပါ စာရင်းပေါ် အခြေခံ၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရန် ၀န်ကြီးဌာနမှ ရေးဆွဲနေသည်ဆိုသော အမျိုးသား အဆင့်လုပ်ငန်းစီမံကိန်းသည် သက်ကြီးဘိုးဘွား များအတွက် အမှန်တကယ် အထောက်အပံ့ဖြစ်လာနိုင်မလားဆိုသည်ကို စောင့်မျှော်ရင်း လူမှု ပတ်ဝန်း ကျင်ရှိ ဘိုးဘွားများကိုတတ် နိုင်သမျှစောင့်ရှောက်ကြရမည်သာ ဖြစ်သည်။


ref;The Messenger Media
-------------------------------------- 

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...