ယာဉ်မောင်းလိုင်စင် လေးနှစ်အထိ ပိတ်သိမ်းနိုင်မည့် ဥပဒေပုဒ်မများ ထုတ်ပြန်
ရန်ကုန်၊ ဇူလိုင် ၁၂ |
အဆိုပါ ဥပဒေ ပုဒ်မများထဲတွင် ပုဒ်မ ၁၃၅ (ခ) အရ အချက်ပြမီး မလိုက်နာခြင်း (မီးနီဖြတ်ခြင်း)၊ ပုဒ်မ ၂၁ အရ ယာဉ်ကို ဘေးအန္တရာယ်ဖြစ်အောင် မောင်းခြင်း၊ ၁၆၄ (ဃ) မီးပွိုင့်လူတက်၊ ဆင်းခြင်း၊ စတစ်ကာစုပ်ခွက်၊ လိုက်ကာချ မောင်းနှင်ခြင်း၊ ၁၅၃ (ဆ) လမ်းဆုံလမ်းခွ၊ လမ်းထောင့်လမ်းကွေး၊ အဝိုင်းပတ်၊ ရထားလမ်းပေါ်၊ ကျောင်း၊ ဆေးရုံ အဝင်ဝ၊ ကားမှတ်တိုင်အနီး၊ ယာဉ်နှစ်ထပ်ရပ်ခြင်း စသည်များ ကျုးလွန်လျှင် ယာဉ်မောင်းလိုင်စင်ကို ပထမအကြိမ် ခြောက်လ၊ ဒုတိယအကြိမ် တစ်နှစ်၊ တတိယအကြိမ် ၂ နှစ်၊ စတုတ္တအကြိမ် လေးနှစ်အထိ ပိတ်သိမ်း သွားမည် ဖြစ်ကြောင်း ဇူလိုင်လ ၂ ရက်က ထုတ်ပြန်သည့် အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ပုဒ်မ ၆၄ (စ) အရ ယာဉ်၏ ဘေး၊ နောက်တွင် ခရီးသည် စီးနင်းသည်ကို မတားမြစ်ခြင်း၊ ၆၄ (ဃ) ယာဉ်ရပ်စဉ် တံခါးဖွင့်ထားခြင်းအတွက် ပထမအကြိမ် ကျူးလွန်လျှင် ယာဉ်မောင်းလိုင်စင်ကို တစ်လ၊ ဒုတိယအကြိမ် သုံးလ၊ တတိယအကြိမ် ခြောက်လ၊ စတုတ္ထအကြိမ် တစ်နှစ်အထိ ပိတ်သိမ်းသွားမည်ဟု ဆက်လက် ပါရှိသည်။
မှတ်ပုံတင်ထားမှု ကိုယ်ပိုင်အငှား ကွဲလွဲခြင်း (ကြားကားဆွဲခြင်း၊ နံပါတ်အနက် ကုန်တင်ခြင်း စသည့်)၊ အမြန်နှုန်း ကန့်သတ်ချက်ထက် ပို၍ မောင်းခြင်းအတွက် ပထမအကြိမ် ကျူးလွန်လျှင် တစ်နှစ်၊ ဒုတိယ အကြိမ် ၂ နှစ်၊ တတိယအကြိမ် လေးနှစ်၊ ဟွန်းရှည်တီးခြင်း( စည်ပင်နယ်နိမိတ်အတွင်း)၊ စက်ပျက် ယာဉ်မရွှေ့ခြင်း၊ ရန်ကုန်မြို့တော် ယာဉ်မရပ်ရလမ်းများတွင် ယာဉ်ရပ်ခြင်းအတွက် ပထမအကြိမ် ကျူးလွန်လျှင် သုံးလ၊ ဒုတိယအကြိမ် ခြောက်လ၊ တတိယအကြိမ် တစ်နှစ်၊ ကွန်တိန်နာ၊ သစ်လုံးတင် ယာဉ်၊ ကုန်တင်ယာဉ်များ မဝင်ရ လမ်းအတွင်း ဝင်ခြင်း၊ ကွန်တိန်နာလော့ဘု မတပ်ခြင်း၊ သစ်လုံးတင် ယာဉ် သံကြိုးသုံးကြောင်း မချည်ခြင်းအတွက် ပထမအကြိမ် ကျူးလွန်လျှင် တစ်နှစ်၊ ဒုတိယအကြိမ် ၂ နှစ်၊ တတိယအကြိမ် သုံးနှစ်၊ စတုတ္ထအကြိမ် လေးနှစ်၊ အမြန်နှုန်း သတ်မှတ်ချက်ထက် ပိုမောင်းနှင်ခြင်း အတွက် ပထမအကြိမ် ကျူးလွန်လျှင် တစ်နှစ်၊ ဒုတိယအကြိမ် ၂ နှစ်၊ တတိယအကြိမ် လေးနှစ်အထိ ယာဉ်မောင်းလိုင်စင် ပိတ်သိမ်းသွားမည်ဟု ပါရှိသည်။
ယင်းပြစ်မှုများကို ကျူးလွန်၍ လိုင်စင်ပိတ်သိမ်းခြင်း ခံရစဉ် ယာဉ်မောင်းနှင်ပါက ၁၉၆၄ ခုနှစ် မော်တော် ယာဉ် ဥပဒေပုဒ်မ ၂၁ အရ ပထမအကြိမ် ကျူးလွန်လျှင် ထောင်ဒဏ် ခြောက်လထိ (သို့) ငွေဒဏ် ၅၀၀ ထိ (သို့) ဒဏ်နှစ်ရပ်စလုံး၊ ပြစ်မှုကျူးလွန်ပြီး တစ်နှစ်အတွင်း ထပ်မံကျူးလွန်ပါက ထောင်ဒဏ် တစ်နှစ်ထိ (သို့) ငွေဒဏ် ၅၀၀ အထက်နှင့် ၁၀၀၀ ထက် မပိုသော ငွေဒဏ် (သို့) ဒဏ်နှစ်ရပ်လုံး ကျခံနိုင်ကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“ကားတွေက များလာတဲ့အတွက် ကျွမ်းကျင်မှု မရှိတဲ့ ယာဉ်မောင်းတွေကို ဒီလိုရှင်းပစ်မှပဲ ရမယ်” ဟု အငှားယာဉ် မောင်းသက် ၂၀ ကျော်ရှိသူ ဦးအောင်ကြီးက ပြောကြားသည်။
သို့သော် မီးနီဖြတ်သည့် ပုဒ်မအတွက် အချက်ပြ မီးဝါ အနည်းဆုံး ငါးချက်ခန့်ပြရန် လိုအပ်ကြောင်း၊ မီးစိမ်းမှ အချက်မပြဘဲ မီးနီတန်း ပြောင်းတတ်သည့် ယာဉ်ထိန်းရဲများကြောင့် ပြဿနာ ရှိကြောင်း၊ ယာဉ်ရပ် နားခြင်းဆိုင်ရာ ဥပဒေများအတွက် ဈေးဝယ် ကုန်တိုက်၊ ဈေး၊ ကျောင်း၊ လမ်းဆုံလမ်းခွ၊ ယာဉ်မရပ်ရသည့် နေရာများအတွက် လုံလောက်သည့် ယာဉ်ရပ်နားနေရာ မပေးနိုင်ဘဲ ဖမ်းဆီးပါက ပြဿနာရှိကြောင်း၊ ယာဉ်တင်သွင်းခွင့် မူဝါဒ မပြောင်းသရွေ့ ယာဉ်ကြောရှင်းလင်းအောင် လုပ်နိုင်မည် မဟုတ်ကြောင်း ၎င်းက သုံးသပ် ပြောကြားသည်။
ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကို လိုက်နာမှုမရှိပါက လိုင်စင် လေးနှစ်အထိ ပိတ်သိမ်းနိုင်မည့် ဥပဒေ ပုဒ်မများကို လက်ခံနိုင်ခြင်း မရှိကြောင်း မ.ထ.သ ၄၃၊ ၄၈၊ ၃၁၊ ၃၉ ယာဉ်လိုင်းမှ ယာဉ်မောင်းများ က ဆိုပြီး “မျဉ်းဝါထဲက ဈေးသည်၊ Taxi၊ ဆိုင်ကယ်၊ ဆိုက္ကားတွေ မရှင်းပေးဘဲ၊ မျဉ်းဝါကို ဒီထက်ပို မရှည်ပေးဘဲ မှတ်တိုင်မရပ်လို့ ဖမ်းတာ၊ အောက်ယာဉ်ကြောမှာ မလိုအပ်ဘဲ Taxi တွေ၊ ကိုယ်ပိုင် ယာဉ်တွေကို မောင်းနေတာကို မဖမ်းဆီးသရွေ့ လက်မခံနိုင်ဘူး” ဟု (၄၃) အထူးယာဉ်လိုင်းမှ ယာဉ်မောင်း ဦးဆွေမြင့်က ပြောကြားသည်။
လက်ရှိတွင် ယာဉ်မောင်းလိုင်စင် ပိတ်သိမ်းမည့် ဥပဒေများကို ထုတ်ပြန်ထားပြီး ဖြစ်ပြီး ပညာပေးကာလ သတ်မှတ်ထားခြင်း ဖြစ်သော်လည်း ကာလသတ်မှတ်ချက် မရှိသေးသဖြင့် ဖမ်းဆီး အရေးယူခြင်းများ စတင်မည့်ရက်ကို မသိရသေးကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။
The Voice Journal
--------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)