အလုပ်ကောင်းကောင်းရဖို့ လျှို့ဝှက်ချက်များ



အလုပ်အကိုင်ကောင်း တစ်ခုကို ပိုင်ဆိုင်ရရှိနိုင်ဖို့ လူငယ်တွေအတွက် ဦးစားပေး ထည့်သွင်းစဉ်းစားကြ ရမယ့် အချက်တွေ များစွာရှိပါတယ်။
- ငွေကြေး
- ပျော်ရွှင်မှု
- မိသားစု
- အာဏာ
- ဘ၀တိုးတက်မှု
စတာတွေ ဖြစ်ပါတယ်။ ဥပမာ- ငွေကြေးကို တန်ဖိုးထားတဲ့ သူအနေနဲ့ လစာများများရတဲ့ အလုပ်ကို ရှာဖွေမှာဖြစ်သလို၊ မိသားစုဘ၀ကို တန်ဖိုးထားတဲ့ သူကလည်း မိသားစုအတွက် အချိန်များများပေးရတဲ့ အလုပ်အကိုင်ကို ရွေးချယ်မှာဖြစ်သလို၊ ပျော်ရွှင်မှုကို တန်ဖိုးထားတဲ့ သူကလည်း မိမိဝါသနာပါ ပျော်ရွှင်ရ တဲ့ အလုပ်အကိုင်မျိုးကို ရွေးချယ်မှာ အသေအချာပါပဲ။

ဘ၀မှာ ပျော်ရွှင်အောင်မြင်ဖို့အတွက် ဘ၀မှာ မိမိရဲ့ဆုံးဖြတ်ချက် (Decisions) တွေ မှန်ကန်တိကျဖို့ လို အပ်ပါတယ်။ ဆုံးဖြတ်ချက် မှန်ကန်တိကျ သူတိုင်းဟာ ဘ၀မှာ ထိပ်တန်းရောက် အောင်မြင်ကြတာချည်း ပါပဲ။ ဆုံးဖြတ် ချက်တွေ မှန်ကန်ဖို့ လူတစ်ယောက်အနေနဲ့ မိမိရဲ့ ဦးစားပေးမှု (Priority) တွေကို တိတိ ကျကျ ရှင်းရှင်း လင်းလင်း သိရှိသတ်မှတ်ထားဖို့ လိုအပ်ပါတယ်။ ကိုယ်က ဘာကိုတကယ်တမ်း ဦးစားပေး တန်ဖိုး ထားတာလဲ၊ ကိုယ့်ကိုယ်ကိုယ် သေသေချာချာ နားလည်သဘောပေါက်ဖို့ လိုအပ်ပါတယ်။

ဘ၀မှာ ဦးစားပေးမှုတွေကို မူတည်ပြီး စာရေးသူတို့ရဲ့ နေ့စဉ်ဘ၀တွေမှာ ဆုံးဖြတ်ချက်တွေကို ချမှတ်နေ ကြတာပါ။ ဥပမာ-ဒီနေ့ ရည်းစားနဲ့ချိန်းထားပြီး လျှောက်လည်မယ်လို့ ဆုံးဖြတ်ချက်ချပြီးပြီဆိုရင် ဘာကိစ္စ ပဲ ပေါ်လာပေါ်လာ၊ အဲ့ဒီဆုံးဖြတ်ချက်ကို ဘယ်လိုအကြောင်းနဲ့မှ တော်ရုံတန်ရုံ ပြန်မပြင်တော့ပါဘူး။ ဒါဟာ ဖြစ်ပေါ်လာတဲ့ကိစ္စနဲ့ ယှဉ်ရင် ရည်းစားရဲ့ ဦးစားပေးအဆင့်ဟာ မြင့်လို့ ဖြစ်ပါတယ်။ ဒီလိုပါပဲ ပညာရေးကို ဦးစားပေးတဲ့သူဟာ အခြားကိစ္စနဲ့ ပညာရေးယှဉ်လာရင် ပညာရေးကိုပဲ ဦးစားပေးဆုံးဖြတ် မှာ ဖြစ်ပါတယ်။

ဒီတော့ စာရေးသူအနေနဲ့ စာဖတ်သူကို မေးခွန်းတစ်ခု မေးစရာရှိပါ တယ်။ ဒီမေးခွန်းကို သေသေချာချာ ဖတ်ကြည့်ပါ။

“စာဖတ်သူအနေနဲ့ အလုပ်တစ်ခုမှာ ၀န်ထမ်း တစ်ယောက် ဆိုပါစို့။ ဒီနေ့ညနေ ရုံးဆင်းရင် မိသားစုနဲ့ လျှောက်လည်ဖို့ ချိန်းဆိုပြင်ဆင်ထားပြီး သားအချိန်မှာ မိမိရဲ့အထက်လူကြီးက ခေါ်ပြီး ဒီနေ့ အလုပ်ကိစ္စ အရေးကြီးလို့ အချိန်ပိုဆင်းပေးပါလို့ ပြောလာရင် စာဖတ်သူအနေနဲ့ ဘယ်လို တုံ့ပြန်ပါမလဲ”
- အလုပ်ကို ဦးစားပေးမှာလား။
- မိသားစုကို ဦးစားပေးမှာလား။
(ဒီနေရာမှာ စာဖတ်သူအနေနဲ့ စာဖတ်ရှုနေတာကို ခဏရပ်ပြီး ခဏလောက် စဉ်းစားကြည့်စေချင်ပါ တယ်)
အလုပ်လား .. မိသားစုဘ၀လား ...

အလုပ်ကို ဦးစားပေးတယ် ဆိုပါစို့
“ဟုတ်ကဲ့။ ကျွန်တော်/ကျွန်မ အချိန်ပို ဆင်းပါ့မယ်” လို့ ပြန်ဖြေပါလိမ့် မယ်။ ဒါဆိုရင် ဘာဆက်ဖြစ်ပါမ လဲ။ မိသားစုကို အချိန်မပေး သလိုဖြစ်ပြီး မိသားစုက မိမိကို အပြစ်တင်ပါ လိမ့်မယ်။

မိသားစုကို ဦးစားပေးတယ် ဆိုပါစို့
“ကျွန်တော် မိသားစုနဲ့ သွားစရာရှိလို့ အချိန်ပို မဆင်းနိုင်ပါဘူး”လို့ ပြန်ဖြေ ပါလိမ့်မယ်။ ဒါဆိုရင် ဘာ ဆက်ဖြစ်ပါမလဲ။ မိသားစုအတွက် အချိန်ပေး သလိုဖြစ်တဲ့အတွက် မိသားစုနဲ့ ခေတ္ထခဏတော့ အဆင်ပြေ မှာဖြစ်ပေမဲ့ ရေရှည်မှာတော့ အထက်လူကြီးက စိတ်ကွက်သွားတဲ့အတွက် လုပ်ငန်းခွင်ကို ထိခိုက်လာနိုင် စရာရှိပါတယ်။ ဒါ့ကြောင့် ရေရှည်မှာ အလုပ်အကိုင်လည်း အဆင်မပြေဖြစ်လာပြီး မိသားစုဘ၀ကို ထိခိုက်လာမှာဖြစ်ပါတယ်။

ကဲ ..ဒါဆိုရင် ဘာကို ဦးစားပေးရပါမလဲလို့ စာဖတ်သူအနေနဲ့ မေးလာစရာ ရှိပါတယ်။ အဓိက ကတော့ သဘာဝတရားရဲ့ ဥပဒေသ (The Law of Nature) ကို ဦးစားပေးပြီး ဆုံးဖြတ်ပါလို့ စာရေးသူက ဖြေချင် ပါတယ်။ ဟုတ်ပါတယ်။ သဘာဝတရားရဲ့ ဥပဒေသ (The Law of Nature) အရ ဒီစကြ၀ဠာထဲမှာ ဘယ်အရာမှ မတည်မြဲပါဘူး။ မသေချာပါဘူး။

ဒါ့ကြောင့် မိမိတို့အနေနဲ့ ဖြစ်လာမှလုပ်တာ (Reactive) ထက် မဖြစ်ခင်ကတည်းက ကြိုတင်ပြင်ဆင် ဆောင်ရွက်ခြင်း (Proactive) လုပ်နိုင် ကြဖို့ လိုအပ်ပါတယ်။ ဆိုလိုတာက လောကကြီးမှာ ဘယ်အရာမှ မသေချာ ဘူးဆိုတာကို ကြိုတင်သိရှိထားတဲ့ ၀န်ထမ်းတစ်ယောက် အနေနဲ့ မိမိအနေနဲ့ မိသားစုနဲ့ လည် ပတ်ချင် တယ်ဆိုရင် မိမိရဲ့အထက်လူကြီးကို- “ကျွန်တော် ကတော့ ဘယ်နေ့ဘယ်ရက်ကျရင် မိသားစုနဲ့ လည်ပတ်ချင်ပါတယ်။ အဲ့ဒါ အဲဒီနေ့ ကျရင်တော့ ကျွန်တော့်ကို အချိန်ပိုမဆင်းခိုင်းလို့ ရတယ်မို့လား၊ ရတယ်ဆိုတာ သေချာရင်ကျွန်တော် ကြိုတင်စီစဉ်ချင်လို့ပါ” စသည်ဖြင့် ကြိုတင်ညှိနှိုင်း ပြင်ဆင်ဆောင် ရွက်မယ် ဆိုရင်တော့ အများကြီး အဆင်ပြေမှာ ဖြစ်ပါတယ်။

အဓိကက ဘ၀မှာ မိမိတို့ရဲ့ ဦးစားပေးမှုတွေ၊ ဆုံးဖြတ်ချက်တွေဟာ သဘာဝတရားရဲ့ ဥပဒေသတွေနဲ့ ကိုက်ညီနေဖို့ ဖြစ်ပါတယ်။ ။

See you at the top!

လင်းသိုက်ညွန့် (မြန်မာ့မြေ)

JOB Seekers Journal vol.2,no.45
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...