နွမ်းရိသွားသော သီအိုရီတစ်ခု အကြောင်း

၁။
အိပ်ခန်း ပြတင်းပေါက်ဆီသို့ တဖောက်ဖောက်နှင့် လာမှန်နေ သော မိုးစက်များကို သူ အသိစိတ် မဲ့စွာ ထိုင်ငေးကြည့်နေ မိသည်။ သူ့ မြင်ကွင်းထဲသို့ ယိမ်းနွဲ့ပြီး ၀င်လာသည့် ခရေကိုင်း တို့၏ အရိပ်မှအပ ပတ်ဝန်းကျင်ကို သဲသဲကွဲကွဲ မမြင်ရတော့။ မှောင်ရိပ် သိသိသာသာ ထိုးနေသော အခန်းထဲတွင်လည်း မီးဖွင့်ရန် စိတ်ကူးမရှိသူသဖွယ် သူ ငြိမ်သက်စွာ ငေးငိုင်နေ သည်။ အပြင်တွင် မိုးက စွေနေသည်။ သူ့စိတ်ကမူ လေ နေသည်။

သူ သံသယ ၀င်နေသည့် ကိစ္စသည် ယခုတော့ ရုပ်လုံးပေါ် လာပြီ။ သူမ မဖြစ်ချင်သေးသည့် အရာသည် သူ့ဆီကို ဆိုက်ရောက်လာခဲ့ပြီ။ မမျှော်လင့်ဘဲ ရောက်လာမည့် အခြေ အနေတို့အတွက် သူ့ ဘက်က ပြင်ဆင်ရန် များစွာ လိုအပ်နေသည်။ ထို့ထက် သူ့တွင် ရှိနေသော အစီအစဉ်တို့ကို ပြောင်းလဲ ပစ်နိုင်အောင် ကြိုးစားရဦးမည်။ ယခု အချိန်မျိုးတွင် သူ အနားတွင် ကို့ကို ရှိနေစေချင်လား။ ရှိမနေစေချင်ဘူးလား။ သူ ကွဲကွဲပြားပြားမသိ။ သေချာတာကတော့ နောက်ထပ် ၄ ရက်ခန့်ကြာမှ ကို ရန်ကုန်ကို ပြန်ရောက်မည်။

ကို့ကို ပြောစရာရှိသည့် စကား ၂ မျိုးတို့ကို ယခု ဖုန်းဆက်ပြီးတော့ ပြောရမည်လား၊ ကို ရန်ကုန် ပြန်ရောက်သည် အထိ စောင့်ပြီးမှ ဆိုရမည်လား။ သူ မစဉ်းစားတတ်သေး။ ကိုကတော့မူ ထိုကိစ္စနှစ်ရပ် လုံး အတွက် ပြတ်သားသော ဆုံးဖြတ်ချက်ကို ပေးလိမ့်မည်။ ထိုဆုံးဖြတ်ချက်ကို သူ လက်ခံနိုင်ပါ့မည် လား။ ဘယ်လို အခြေအနေမျိုးမှာမဆို ပြန်လည် ပြောင်းလဲသွားမည်မဟုတ်သော UCG Stick မှ အရစ်တန်းကလေး ၂ တန်းသည် မှောင်ရိပ်ထဲမှတဆင့် သူစိတ်ထဲသို့ ထင်ရှားစွာ ၀င်လာပြန်သည်။

၂။
သူတို့လက်ထပ်ချိန်တွင် သူ့အသက်က ၂၄ နှစ်၊ ကိုက ၃၄ နှစ်။
သူတို့သည် အိမ်ထောင် တစ်ခုကို လွယ်လွယ်နှင့် တည်ထောင်ခဲ့ကြသူများ မဟုတ်။ ချစ်သူဖြစ်ပြီး ၃ နှစ် ခန့်အကြာ၊ တစ်ယောက်စိတ်ကို တစ်ယောက်နားလည်လာသည့်အချိန်မှသာ လက်ထပ်ခဲ့ကြသူများ ဖြစ်သည်။ တစ်ခုရှိသည်က လက်ထပ်ချိန်က သူ့အသက်သည် ငယ်သေးသည်။ သူ့သဘောအရ လက်ထပ်ရန် နောက်ထပ် နည်းနည်း အချိန်ပိုယူချင်သေးသည်။ လက်မထပ်မှီ သူ့အတွက် ပြင်ဆင်စရာ ရှိသည်တို့ကို ပြင်ဆင်ခဲ့ချင်သေးသည်။

““အိမ်ထောင်ကျပြီးတဲ့ နောက်ပိုင်းကျမှ ရွှေရည် လုပ်ချင်တာ ထပ်လုပ်လေ။ ကို့အသက်က ရွှေရည်ကို ထပ်စောင့်ရင် အဘိုးကြီး ဖြစ်သွားလိမ့်မယ် ခင်မျ””


သူ၏ လက်ရှိအလုပ်ကိုအထောက်အကူ ပြုနိုင်မည့် စီမံခန့်ခွဲမှုနှင့်ဆိုင်သည့် ဘွဲ့ဒီဂရီတစ်ခုခုကို ထပ်မံ လိုချင်သေးသော်လည်း ကို့ ဆန္ဒကို လိုက်လျောပေးခဲ့သည်။ ထို့အတူ အိမ်ထောင်သက် ၃-၄ နှစ်ကြာမှ သာ ကလေးယူမည်ဆိုသော သူ၏ ဆန္ဒကိုလည်း ကို က လိုက်လျောပေးခဲ့ရသည်။ အိမ်ထောင်ကျလျှင် ချက်ခြင်း ကလေးယူချင်သော ကို့အတွက်တော့ ထိုကိစ္စသည် ခေါင်းညိမ့်သဘောတူချင်စရာ မကောင်း သော်လည်း သူကတော့ ထိုသို့ အစီအစဉ်ဆွဲထားရန် လိုအပ်သည်ဟု ခေါင်းမာစွာလက်ခံထားသည်။

သူ့ မိခင်သည် သူတို့ မောင်နှမကို လူတစ်လုံး သူတစ်လုံးဖြစ်အောင် ပြုစုပျိုးထာင်နိုင်ခဲ့ သော်လည်း သူကတော့ ယုံကြည်စိတ် နည်းပါးနေသေးသည်။ သူတို့မိခင်သည် ကလေး ၃ ယောက်ကို မငြီးမငြူဘဲ စောင့်ရှောက် နိုင်ခဲ့သော်လည်း သူကတော့ ကလေးတစ်ယောက်ကို ပြုစုစောင့်ရှောက်ရန် အဆင်သင့် မဖြစ် သေးဟုလည်း ဇွတ်မှိတ် လက်ခံထားသည်။ ထို့အတွက် သူတို့ အိမ်ထောင်သက် ၃ – ၄ နှစ် ကြာပြီး အိမ်ထောင်သည် ဘ၀ကို အသားကျလာသည့် အချိန်ရောက်မှသာ ကလေးယူမည်။

ထို့ပြင် သူ တွက်ဆထားသည်က ကုန်ကျစရိတ်။ ကလေးတစ်ယောက်ကို မွေးဖွားပြီးသည့်အချိန်မှစပြီး အသုံး စရိတ်တို့သည် တဖြည်းဖြည်း မြင့်တက်လာမည်သာဖြစ်သည်။ စားဝတ်နေရေးမှစ ကလေး၏ ပညာရေး အတွက် ကြိုတင် စုဆောင်းထားနိုင်မှသာ တော်ရုံကျပေလိမ့်မည်။ ကိုက ၀င်ငွေရှာသည့် အလုပ်သည် သူ့အလုပ် သာ ဖြစ်သည်ဟု ဆိုသော်လည်း သူကတော့ ထိုသို့ မနေနိုင်ပေ။ အိမ်ထောင် ဦးစီးဖြစ်သူက အသုံး စရိတ်ကို ပုံမှန် ရှာနိုင်သည့်တိုင်အောင် အပိုတော့ လက်ထဲမှာ ဆောင်ထားနိုင် ရမည်။ ထိုရည်ရွယ်ချက်ကြောင့်ပင် သူတို့ နှစ်ဦး၏ ရင်သွေးလွယ်ရေးကိစ္စသည် နှစ် အနည်းငယ် နောက်ဆုတ် သွားခဲ့ရသည်။

၃။
ကို ခရီး ထွက်သွားသည်မှာ ဆယ်ရက်ပင် မရှိသေးသော်လည်း သူ နေရထိုင်ရသည်မှာ အတော့်ကို လစ်ဟာလျက်ရှိသည်။ ပျင်းရိခြင်းလား၊ အားငယ်ခြင်းလား မသိနိုင်လောက်အောင် သူ အနေရ အထိုင်ရ ခက်နေသည်။ တုပ်ကွေးမိသူတစ်ဦးကဲ့သို့ ညောင်းညာနေတတ်ပြီး တစ်ခုခုကို မစားချင် မသောက်ချင် လောက်အောင် မအီမသာ ဖြစ်နေသည်။ ညနေ ရုံးဆင်း၍ အိမ်ပြန်ရောက်လျှင်လည်း ဘာကိုမှ မလုပ် ချင်ဘဲ လှဲပြီးသာ အိပ်နေချင်သည်။ ကို ခရီးသွားနေချိန်မျိုးတွင် လာစောင့်နေပေးတတ်သည့် ကို့အဒေါ်ငယ် နှင့်ပင် စကားလက်ဆုံ မပြောဖြစ်လက်အောင် သူ မှိန်းနေမိသည်။

မနက်ကတော့ အဒေါ်ငယ်ကြော်ပေးသည့် ထမင်းကြော်ကို စားလျက်က ရုတ်တရက် ပျို့တက်လာပြီး အစာစားချင်စိတ် ပျောက်သွားခဲ့ သည်။ နွမ်းနယ်နေသော သူ့ကို ကြည့်လျက် အဒေါ်ငယ်က ကိုယ်ဝန်ရှိ နေတာဖြစ်မယ် ရွှေရည်ဟု ပြောသည်ကို သူ ချက်ခြင်း လက်မခံနိုင်ခဲ့။ ညနေကျမှ ဆီးစစ်ကြည့်လိုက် ဦးမယ် ဟုသာ မတင်မကျ ဆိုလိုက်ပြီး နံနက်စာ စားခြင်းကို လက်စသတ်ကာ အလုပ်သွားခဲ့သည်။

သို့သော် အဒေါ်ငယ်ပြောသည့်အတိုင်း ကိုယ်ဝန်သာ တကယ်ရှိနေခဲ့ပြီဆိုလျှင် . . ဆိုသည့် တထင့်ထင့် စိတ်သည် သူ့ဆီတွင် တနေ့လုံး ကပ်တွယ်နေသည်။ အလုပ်ကို ဇွတ်မှိတ်ပြီး အာရုံစိုက်နေသည့် တိုင်အောင် သူ အမှားမှား အယွင်းယွင်းလုပ်မိနေသည်။ ဌာနတွင်း ပို့ရမည့် စာတချို့ကို ထမင်းစားချိန် ကျော်သည်အထိ သူ မမေ့စဖူး မေ့လျော့နေခဲ့မိသည်။ ငွေစာရင်းဌာနသို့ ပေးပို့ရှင်းလင်းရမည့် ဘောင်ချာ အချို့ကို သူမ အမှိုက်တောင်းထဲသို့ ပစ်လိုက်မိသည်။ ထို့အတွက်ပင် ဌာနမှ အကြီးအကဲက ခေါ်သည်ဟု ပြောလိုက်ချိန်တွင် ဘယ်လိုအမှားမျိုးကိုများ ပြုလုပ်မိသလဲမသိဟု စိုးရိမ်နေမိပြန်သည်။

““ဆရာတို့ ရုံးက လူတွေက အကုန်လုံးတော့ လူတော်တွေချည်းပါပဲ။ အကုန်လုံးဆီမှာ ရှိတဲ့ လုပ်ငန်း ကျွမ်းကျင်မှုတွေ ကလည်း မနီးရိုးစွဲတွေချည်းပဲ။ အဲ့ဒီထဲက လူငယ်လည်းဖြစ်တယ်၊ သွက်လက်မှုလည်း ရှိတာကြောင့် ရွှေရည် ကို ရွေးချယ်လိုက်တာ””

သူတို့၏ ဌာနမှ အကြီးအကဲသည် ““ဂျပန်နိုင်ငံ၊ စီမံခန့်ခွဲမှုဆိုင်ရာ မာစတာဘွဲ့၊ ပညာသင်ခွင့်””ဆိုသည့် မင်္ဂလာရှိသော သတင်း စကား ကို ပြောလိုက်ချိန်တွင် သူ၏ ရင်သည် တထိတ်ထိတ်နှင့် ခုန်နေခဲ့သည်။ သူ ရရှိလာသော အခွင့်အလမ်းသည် ကံကောင်းခြင်း သက်သက် ကြောင့် မဟုတ်ဘဲ သူ၏ အရည်အချင်း ကြောင့်လည်း ဖြစ်သည်ကို သူ ကောင်းကောင်း နားလည်ထားသည်။

၎။
ကိုယ်ဝန်ရှိသည်ကလည်း အသေအချာ ဖြစ်နေသည်။ ပညာတော်သင် သွားရောက်ရမည့် အရေး သည်လည်း တကယ့် လက်တွေ့ဖြစ်နေသည်။ တစ်ခုက သူ လိုအပ်နေသည့် အခွင့်အရေး၊ နောက်တစ်ခု က သူတို့ဘ၀အနာဂတ်ထဲက ရင်သွေးငယ်။ သူ မည်ကဲ့သို့ ရွေးချယ်ရမည်နည်း။ နောက်ထပ် ၁ လ အတွင်း သူ သွားရောက်တက်မည့် ကျောင်းကို သူလက်လွတ် ဆုံးရှုံးခံရတော့မည်လား။ ထိုသို့မဟုတ် ကလေးကို လက်လွတ်လိုက်ရမည်လား၊ ကံတရားသည် သူ့ကို ရက်စက်စွာ ကျီစယ်နေခဲ့ပြီ။

မိခင်ဖြစ်ရန် ဘာမှ မပြင်ဆင်ထားသည့် သူ့ဘ၀ထဲသို့ ကလေးလေး တစ်ယောက် ရောက်လာ တော့မည်။ ကလေးတစ်ယောက်ကို ဘယ်လို ဘယ်ပုံ ပြုစု ပျိုးထောင်ရမည်ကို မသိသေးသည့် သူ့ထံသို့ ရောက်လာ မည့် ထိုကလေးသည် သူ အနှစ်နှစ် အလလက စုဆောင်းနေသည့် မျှော်လင့်ချက် တစ်ခုကိုပါ စိန်ခေါ်မှု အနေနှင့် ယူလာခဲ့ပြီဟု သူမှတ်ယူလိုက်မိသည်။

ကိုယ်ဝန်ဆောင်သည် ဘ၀ဖြင့် တခြားတနိုင်ငံသို့ ပညာသွားရောက်မသင်ဖြစ်ခဲ့လျှင် သူမ မျှော်မှန်း နေသည့် ဘ၀၊ သူမ ရည်ရွယ်ချက်၊ အားလုံးသည် လွယ်လွယ်နှင့်ပင် လက်လျော့လိုက်ရမည်လား။ နှမျောတသ စိတ်က ထုနှင့်ထည်နှင့် ၀င်လာသည်။ ယခု ရုံးတွင် အလုပ်ဝင်နေရသည့် ရည်ရွယ်ချက် ထဲတွင် တခြား တိုင်းပြည်များသို့ သွားရောက် ပညာသင်ကြားခွင့် ရနိုင်သော အခွင့်အရေးကို မျှော်ကိုး သည့် အချက် တစ်ချက်လည်း ပါသည်ဆိုတော့ ထိုအဖြစ်ကို သူမ လက်မခံနိုင်။ သူမ ထို ပညာရပ်တို့ကို ဆည်းပူးရန်သွားကို သွားမည်။ ထိုဆုံးဖြတ်ချက်ကို ချပြီးသည့်နောက် ည ၈ နာရီ ခန့်တွင် သူ ကို့ဆီကို ဖုန်းဆက်လိုက်သည်။

ပထမဆုံးပြောပြသည်က နောက် ၁ လ အကြာတွင် သူ ဂျပန်နိုင်ငံသို့ ပညာတော်သင် သွားရောက်ရန် ရွေးချယ်ခံရကြောင်းဖြစ်သည်။ သူ စိတ်ကို နားလည်နေသည့် ကိုသည် သူ့ထက်ပင် ပိုပြီး ပျော်ရွှင်နေခဲ့ သည် (ဟု သူ ထင်မိသည်)။ သူ ဖြစ်ချင်သည့် အရာသည် ဆိုက်ဆိုက် မြိုက်မြိုက် ရောက်လာအောင် ကြိုးစားနိုင်ခဲ့သည့်အတွက် ဆုပေးမည်ဟု ပြောသည်။ သူ လိုချင်သည့်အရာကို ယခုတည်းက စဉ်းစား ထားပြီး နောက် ၃ ရက်ကြာ သူ ပြန်ရောက်လာချိန်တွင် တောင်းပါဟု ဆိုကာ သူကို ထပ်တလဲလဲ ဆိုနေသည်။

သို့သော် ““ရွှေရည် ဒီတလော နေရတာ မအီမသာဖြစ်လိုက်၊ အန်လိုက်ဆိုတော့လေ ဆီးစစ် ကြည့် လိုက်တာ၊ အခုလေ ရွှေရည့်မှာ ကိုယ်ဝန်ရှိနေတယ်ထင်တယ် ကို”” ဟု မတင်မကျ ဆိုလိုက်သော အချိန်တွင်တော့ ခင်ပွန်းသည်သည် ရုတ်တရက် အသံတိတ်ဆိတ်သွားခဲ့သည်။ ကလေး လိုချင်လွန်းနေ သည့်ကို ဘာကို စဉ်းစားနေသည်ကို သူ သိနေသည်။ ထို့အတွက်ပင် ဖုန်းကိုင်လျက် ငြိမ်သက်သွားသော အခြေအနေကို သူ ဘက်မှ စကားတစ်ခွန်းဖြင့် ဦးစွာတပ်လှန့်လိုက်သည်။

““ရွှေရည်..အဲ့ဒီကလေးကို မလိုချင်သေးဘူး ကို””

၅။
သူမ နိုးလာလာချင်းတွင် ပထမဆုံး ရှုရှိုက်မိသည်က စူးရှလွန်းသည့် အနံ့အသက်၊ ထပ်ပြီး အာရုံစိုက် လိုက်မိတော့ သူနှင့် မရင်းနှီး သည့် ဆေးရုံအနံ့အသက်မျိုး။ လက်အလှုပ်တွင် ရုတ်တရက် တင်းခနဲ ဖြစ်သွားသည့် ခံစားမှုကြောင့် သူမ ဘယ်လက်တွင် ဆေးထိုးအပ် တန်းလန်းရှိသည်ကို တပ်အပ်သိ လိုက်သည်။ မျက်လုံးများကို ဖွင့်မကြည့်သေးသည့်တိုင်အောင် သူ ဆေးရုံ ဆေးခန်းတစ်ခုခုကို ရောက်နေ သည်ကို သိနေသည်။ ထိုအခါမှ သူ ခါးအောက်ပိုင်းဆီက နာကျင်နေမှုကို သတိထားမိ လိုက်ပြန်သည်။

““သူ သတိရလာပြီပဲ မောင်မျိုးမင်း၊ သက်တောင့် သက်သာနေပါစေဦး၊ မင်းလည်း ခရီးက ရောက်မဆိုက်ကြီး တစ်ညလုံးလည်း မအိပ်ရသေးတော့ နည်းနည်း နားလိုက်ဦး””


သူအမျိုးသားကို ပြောနေသည့် အဒေါ်ငယ်၏ အသံကိုကြားနေရသည်။ ““ဘာမှ စိုးရိမ်စရာ မရှိတော့ဘူး”” ဆိုသည့် ဆရာဝန် တစ်ယောက်၏ တည်ငြိမ်သောအသံ၊ ထိုအသံကြားပြီး နောက်ဆက်တွဲအနေဖြင့် အခန်းထဲက ထွက်ခွာသွားသည့် ခြေသံများ၊ အခန်းတံခါးကို ပိတ်လိုက်သည့် ချက်ခနဲ အသံတစ်ခု၊ ထိုနောက် သူမ ခုတင်နားဆီကို ပြန်လျှောက်လာသည့် လမ်းလျှောက်သံ။ သူမ အနီးရှိ ခုံတစ်လုံးလုံးပေါ် တွင် ထိုင်ချလိုက်သံ။

ကို ဘယ်အချိန်တုန်းက အိပ်ပြန်ရောက်သလဲ၊ သူ့ကို အရင်ဆုံး တွေ့စဉ်က ကို မည်သို့ ခံစားသွားရ သည်လဲ။ ယခု ဖြစ်ပျက်သွားသော ကိစ္စသည် မိခင်မဆန်လွန်းသော သူ၏ အပြုအမှုဆိုပြီး သတ်မှတ် လိုက်ပြီ လား။ သူသည် စိတ်လိုက် မာန်ပါနှင့် ကလေးလေးကို နှင်ထုတ်လိုက်သည်ဟု ကို သတ်မှတ် လိုက်ပြီလား။ သူသည် အပြစ်မဲ့သောကလေးကို ငြိုငြင်စိတ်နည်းနည်း အခိုက် အတန့်မျှ ၀င်သွားမိရုံက လွဲပြီး မည်သို့မျှ မရက်စက်ခဲ့ကြောင်းကို ပြောချင်နေသည့်တိုင် မွန်းကြပ်နေသော သူ့ထံမှ စကားသံ တိတ်ဆိတ်နေခဲ့သည်။

၆။
ကိုနှင့် ဖုန်းပြောပြီးချိန် နောက်ပိုင်းတွင် သူ ခေါင်းအေးအေးထားပြီး စဉ်းစားနေခဲ့မိသည်။ တခြား မိသားစုတို့နှင့် ဆန့်ကျင်စွာ ကလေး တစ်ယောက် ရောက်လာသည့် အဖြစ်ကို သူ ဘာကြောင့် လှိုက်လှဲစွာ မကြိုဆိုခဲ့မိပါလိမ့်ဟု ပြန်တွေးတော့ သူ့ကိုယ်သူ ရှက်သွားမိသည်။ သူသည် မိခင် တစ်ယောက် ဖြစ်ခွင့်ရပါပြီ မဟုတ်လား။ သားသမီးရနိုင်ရန် ခက်ခဲနေသူတို့ထက် ကံကောင်းစွာ သူတို့ဆီသို့ ဆိုက်ရောက် လာသော ကလေးသည် သူတို့အတွက်တော့ အဖိုးထိုက်တန်သော ရတနာဖြစ်သည်။

ပညာတော်သင်ခွင့်ကို သူမ ငြင်းလိုက်လျှင် တခြား သင့်တော်မည့် သူတစ်ယောက်ယောက်ကို ရုံးက ရွေးချယ်ပြီး လွှတ်လိုက်နိုင်သည်။ ကလေးကိုတော့ နောက်တစ်ကြိမ် ဘယ်သူက ပြန်ခေါ်ပေးနိုင်မှာလဲ။ သို့အတွက် သူ အရွေးချယ်သင့်ဆုံးသည် ကလေးသာဖြစ်သည် မဟုတ်လား။ ထိုသို့ တွေးမိသည်နှင့် သူ့စိတ်သည် လွတ်လပ်ပေါ့ပါးသွားသည်။ မိခင်စိတ်ပြည့်ဝနေသောသွေးတို့သည် နွေးထွေးစွာပင် သူ့ တစ်ကိုယ်လုံးကို စီးဆင်းသွား ခဲ့သည်။

သူ့ဆုံးဖြတ်ချက်ကို ကြားလျှင် ကို ၀မ်းသာသွားမည်ကို သိသော်လည်း ချက်ခြင်း ဖုန်းပြန် မခေါ် တော့ပေ။ ကို ပြန်လာသော နေ့မှသာ ထိုသတင်းကို ပေးမည်။ ထို့နောက် ကလေးအတွက် လိုအပ်သော အသုံး အဆောင်လေးတွေကို ကိုနှင့် နှစ်ယောက်အတူသွားဝယ်မည်။ ကို့ ဖေဖေနှင့် မေမေကတော့ ယခု ရက်ပိုင်းတွင်း နယ်ကို ခရီးထွက်ရမည့် ကိစ္စများ တတ်နိုင်ဆုံး လျော့ချရန် ကို့ကို မှာကြားကြဦးမည်။ သူ့ဖေဖေနှင့် မေမေကိုမူ ကလေးလေးအတွက် နာမည် လှလှပေးရန် ဖုန်းဆက်ရဦးမည်။

ထိုသို့ စိတ်ကူး အိပ်မက်ကလေး များဖြင့် တစ်ယောက်တည်း ပြုံးရင်း သူ မျက်နှာသစ် သွားတိုက်ရန် ရေချိုးခန်းသို့ ၀င်လိုက်မိသည်။ ထိုအချိန် ရုတ်တရက် သူ တစ်ခုခုကို နင်းလိုက်မိသည်။ ဘာကိုမျှ ဖမ်းဆုပ် မမှီနိုင်လောက်အောင် သူ အရှိန်ပြင်းပြင်းဖြင့် လဲကျသွားခဲ့သည်။ ထို့နောက် မမျှော်လင့်ထားသော အရာတို့က ဆက်တိုက်ဖြစ်သွားခဲ့သည်။ ယခုကဲ့သို့ နှုတ်ဖြင့် ဖွင့်ဆိုရန်ခက်ခဲနေသည့်အချိန်တွင် သူတစ်ယောက်တည်းသာ သိသော အမှန် တရားအတွက် ကလေးငယ်ကို ကြေကွဲဝမ်းနည်းစွာ တမ်းတ လိုက်မိသည်။

““ကလေးရယ် . . မေမေ မင်းကို မနှင်ထုတ်ခဲ့ဘူးဆိုတာ မင်းဖေဖေသိအောင် ဘယ်လို ပြောပြရမလဲကွယ်”” 


နှင်းနုလွင် (ဆေးဝါး)
အာရောဂျံမဂ္ဂဇင်း၊
ဇူလိုင်၊ ၂၀၁၄
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...