ကမ္ဘာ့ဖလား အကြိုဗိုလ်လုပွဲ ကစားမည့် ကွင်းအနီးတွင် တံတားပြိုကျမှုဖြစ်ပွားပြီး အနည်းဆုံး(၂)ဦးသေဆုံး



ဘရာဇီးနိုင်ငံတွင် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲများ လက်ခံကျင်းပနေရာ မြို့တစ်မြို့ဖြစ်သည့် ဘီလိုဟိုရီ ဇွန်တေးတွင် ဘတ်စ်ကားတစ်စီးပေါ်သို့ ခုံးကျော်တံတား ပြိုကျမှုကြောင့် အနည်းဆုံး လူ(၂)ဦး သေဆုံး သွားကြောင်း သိရသည်။

ရုပ်မြင်သံကြား သတင်းဌာနများက ပြိုကျနေသည့် တံတားအောက်တွင် ညပ်နေသည့် ဘတ်စ်ကား၏ မှတ်တမ်း ဗီဒီယိုများကို ပြသခဲ့ပြီး ယင်းမတော်တဆမှုတွင် ထရပ်ကားနှစ်စီးနှင့် အိမ်စီးမော်တော်ကား တစ်စီးတို့လည်း ထိခိုက်မှုများ ဖြစ်ပေါ်ခဲ့သည်။

တံတားပြိုကျမှုကြောင့် လူ(၁၉)ဦးထက်မနည်း ဒဏ်ရာများ ရရှိခဲ့ကြောင်းလည်း သိရသည်။ “တံတားက ဆောက်လုပ်မှု နောက်ဆုံးအဆင့်ကို ရောက်နေပါပြီ။ ငြမ်းတွေကို ပြန်ဖြုတ်နေတဲ့ အချိန်မှာ ခုလို မတော် တဆမှု ဖြစ်ပွားခဲ့တာပါ”ဟု မီးသတ်ဌာန ပြောရေးဆိုခွင့်ရ အရာရှိက ပြောကြားခဲ့သည်။

ကယ်ဆယ်ရေးများသည် ဘတ်စ်ကားအတွင်းမှ လူ(၁၃)ဦးကို ကယ်ထုတ်နိုင်ခဲ့သော်လည်း အမျိုးသမီး ယာဉ်မောင်းမှာမူ သေဆုံးနေခဲ့ပြီ ဖြစ်သည်။ “ပုံမှန်ပဲ သွားလာနေတုန်း ဆူဆူညံညံ အသံတွေ ကြားလိုက် ရတော့တာပါပဲ။ ကျွန်မကတော့ ကားပေါ်က လူတချို့ အပျက်အစီးတွေ အောက်ထဲမှာ ပိတ်မိနေတုန်းပဲလို့ သေချာပေါက် ပြောရဲတယ်”ဟု ဘတ်စ်ကားပေါ် လိုက်ပါသွားသည့် ရီနာတာ ဆိုအာရက်စ်က ဆိုသည်။

တံတားအောက်တွင် ကားတစ်စီးလည်း ညပ်မိနေပြီး ထိုကားထဲတွင် ခရီးသည် မည်မျှထိ လိုက်ပါလာ သည်ကိုမူ မသိရသေးချေ။ ဆောက်လုပ်ရေး ကုမ္ပဏီပိုင် ထရပ်ကားနှစ်စီးသည်လည်း ပြိုကျမှုတွင် ထိခိုက် ခဲ့သော်လည်း ကားများထဲတွင် မည်သူမျှ ရှိမနေခဲ့ကြောင်း သိရသည်။

ဇူလိုင်(၃)ရက်က ပြိုကျခဲ့သော တံတားသည် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ (၅)ပွဲထိ လက်ခံ ကျင်းပပြီးဖြစ် သည့် မီနိုင်ရာအို ကွင်းကြီးမှ (၂)မိုင်မျှသာ ကွာဝေးသော နေရာတွင် ရှိနေသည်။ အဆိုပါကွင်းတွင် ဇူလိုင် (၈)ရက်၌ ကမ္ဘာ့ဖလား အကြိုဗိုလ်လုပွဲ တစ်ပွဲကစားရန် စီစဉ်ထားသည်။

_Ref: Skysports

7Day News Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...