ခင်ဝင့်ဝါနှင့် တွေ့ဆုံခြင်း

အနုပညာ နယ်ပယ်တွင် သရုပ်ဆောင် အဖြစ် ဇာတ်ကား များ ဆက်တိုက် ရိုက်ကူး နေရသည့် အလှမယ် ခင်ဝင့်ဝါနှင့် တွေ့ဆုံပြီး Miss Golden Land Myanmar Organization က Miss Supranational Myanmar က သရဖူကို လွှဲပြောင်းခွင့် မပေးသည့်အပေါ် သူ့သဘောထား၊ Organization နှင့် သူ့အကြားမှ သဘောထား ကွဲလွဲမှုများ အကြောင်းကို The Voice က မေးမြန်းထား ပါသည်။

Voice : Miss Golden Land Myanmar Organizationက ခင်ဝင့်ဝါ ရခဲ့တဲ့ Miss Supranational Myanmar (2013) သရဖူကို ဒီနှစ် ၂၀၁၄ ခုနှစ် ပြိုင်ပွဲမှာ ဆုရမယ့် Miss ကို ဘာကြောင့် ပြန်လည် လွှဲပြောင်းခွင့် မပေးခဲ့တာလဲ။

KWW : သူတို့ ဘက်ကဘယ်လို အကြောင်းကြောင်းနဲ့ အဲ့ဒီလိုမျိုး ဂျာနယ်တွေထဲမှာ ဖြေခဲ့တာလဲဆိုတာ ညီမလည်း မသိဘူး။ ညီမဘက်ကတော့ သူတို့နဲ့ ချုပ်ထားတဲ့ စာချုပ်သက်တမ်း တစ်နှစ်အတွင်းမှာ လုံးဝ စည်းကမ်း မဖောက်ဖျက်ခဲ့ဘူး။ သူတို့နဲ့ သဘောတူ ထားတဲ့အတိုင်း ညီမရဲ့ အနုပညာကြေးထဲက ၃၀ ရာခိုင်နှုန်းကိုလည်း ပုံမှန်ပေးခဲ့ပါတယ်။ ဒီလိုမျိုး အဆင်ပြေအောင် နေနေတဲ့ကြားထဲက အခုလိုမျိုး ဖြစ် လာတယ် ဆိုတာကတော့ ညီမကို အပြစ်ပေးတဲ့ သူတွေအပေါ် မူတည်တာပေါ့နော်။ တချို့ သတင်း တွေမှာ ပါသလို သရဖူ အသိမ်းခံရတယ် ဆိုတာတော့ မဟုတ်ပါဘူး။ ညီမကို ဒီနှစ် Miss Supranational Myanmar ဆုရမယ့် သူကို သရဖူလွှဲခွင့် မပေးတာပေါ့နော်။ သူတို့ဘက်ကတော့ မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် တစ်ယောက်ရဲ့ ကျင့်ဝတ်နဲ့အညီ မနေထိုင်လို့ဆိုပြီး ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ညီမဘက်ကတော့ စိတ်မကောင်းရုံ ကလွဲလို့ ဘာမှ မတတ်နိုင်ပါဘူး။

Voice : ဒီနှစ်အတွင်းမှာ ကိုယ့်ဘက်ကရော မြန်မာ့ဂုဏ်ဆောင် အလှမယ် တစ်ယောက် ပီသစွာ နေထိုင် ခဲ့တယ်လို့ ပြောနိုင်လား။

KWW : ညီမရဲ့ ကိုယ့်ကျင့်တရားရော၊ အပြောအဆို၊ အနေအထိုင်ကအစ ညီမနဲ့ အရင်တုန်းက လက်တွဲ အလုပ် လုပ်ဖူးတဲ့သူတွေ၊ အခုမှစပြီး လက်တွဲ အလုပ်လုပ်နေတဲ့ သူတွေ၊ အနုပညာ ညီအစ်ကို မောင်နှမ တွေ၊ ပရိသတ်တွေ၊ မီဒီယာတွေ အကုန်လုံး သိကြပါတယ်။ ညီမကို Miss Myanmar တစ်ယောက်ရဲ့ ဝတ္တရားနဲ့အညီ မနေထိုင်ခဲ့ဘူးလို့ သူတို့ဘက်က ဘာကြောင့် ပြောခဲ့တာလဲဆိုတာ သိချင်ပါတယ်။ ညီမအနေနဲ့ အချိန်အားရတာနဲ့ ဘယ်အဖွဲ့အစည်းနဲ့မဆို ပရဟိတ အလုပ်တွေ လက်တွဲပြီး လုပ်ခဲ့ပါတယ်။ ဒီကြားထဲမှာ ပရဟိတ မလုပ်ဘူးဆိုတဲ့ အချက်ရယ်၊ အနုပညာ အလုပ်တွေ လက်ခံတဲ့အခါမှာ သူတို့ကို အကြောင်းမကြားဘူးဆိုပြီး ညီမကို စွပ်စွဲထားတာ ဂျာနယ်တွေထဲမှာ တွေ့ရပါတယ်။ ညီမဘက်က မှန်တယ်၊ မှားတယ် ဆိုတာ ပရိသတ်ကြီးလည်း သိတယ်၊ လူတွေ အကုန်လုံးလည်း သိကြမယ်လို့ မျှော်လင့်ပါတယ်။ သူတို့ ဘာရည်ရွယ်ချက်နဲ့ ဒီလိုတွေ ပြောခဲ့လဲဆိုတာ ညီမလည်း မသိဘူး။ ဒါပေမဲ့ စိတ်တော့ မကောင်းဘူး။ ကိုယ်က ကောင်းအောင် နေနေတဲ့ ကြားထဲက စာချုပ်တစ်နှစ် ပြည့်ခါနီး တစ်လအလိုမှာ အခုလိုမျိုး ဖြစ်ရတဲ့အတွက် စိတ်မကောင်းပါဘူး။

Voice : ခင်ဝင့်ဝါက အလုပ်တွေ လက်ခံတဲ့အခါမှာ အကြောင်းမကြားဘူး ဆိုတဲ့ အချက်ပေါ်မှာရော ဘာပြောချင်လဲ။

KWW : အဲ့ဒါကတော့ အလုပ်ကိစ္စအတွက် သူတို့တွေနဲ့ သွားတဲ့အခါမှာ အဆင်မပြေတာတွေ များတယ်။ အဲ့ဒီအတွက် လုပ်ငန်းရှင်တွေက နောက်ပိုင်းမှာ ညီမနဲ့ တိုက်ရိုက် ဆက်သွယ်လာကြပါတယ်။ ဒါကို သူတို့တွေနဲ့ နားလည်မှု ယူတဲ့အခါမှာ သူတို့လည်း လက်ခံပါတယ်။ နောက်ပိုင်းကျတော့ ညီမလည်း ကားရိုက်တွေ များလာတဲ့အတွက် တချို့ အလုပ်ကိစ္စတွေမှာ သူတို့ကို ပြောဖို့ ကျန်ခဲ့ကောင်း ကျန်ခဲ့နိုင် ပါတယ်။ ဒီအချက်ကို မူတည်ပြီး သူတို့ဘက်က ညီမကို ပြစ်ချက် ရှာချင်ရင်တော့ ညီမလည်း မတတ်နိုင် ပါဘူး။ အလုပ်ကိစ္စနဲ့ ပတ်သက်ပြီး အမြဲတမ်းလိုလိုတော့ ညီမ သူတို့ကို ပြောတယ်။ တချို့ကိစ္စတွေ ကျန်ခဲ့ကောင်း ကျန်ခဲ့ရင်လည်း ဒါက ညီမရဲ့ အပြစ်လို့ ပြောလို့ရပါတယ်။ ညီမအနေနဲ့က အကောင်းဆုံး အဆင်ပြေအောင် နေတယ်။ အကုန်လုံးကိုလည်း သူတို့ကို ပြောတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့နဲ့ တစ်နှစ် လက်တွဲထားတာ ဖြစ်တဲ့အတွက် လုပ်ပိုင်ခွင့်တွေ အကုန်လုံးက သူတို့ဆီမှာ ရှိပါတယ်။ ဇာတ်ကား ရိုက်ဖို့အတွက် ထုတ်လုပ်ရေးတွေနဲ့ စာချုပ်ချုပ်တဲ့ အခါမှာလည်း သူတို့တွေ ပါပါတယ်။ ကုန်ပစ္စည်းတွေအတွက် ကိုယ်စားပြု သံတမန်လုပ်ဖို့ စာချုပ်ချုပ်တဲ့ အခါမှာလည်း သူတို့တွေ ပါတယ်။ ဘာကြောင့် သူတို့မသိဘဲ စာချုပ်ချုပ်တယ်လို့ ပြောခဲ့တာလဲဆိုတာ ညီမ စဉ်းစားလို့ မရဘူး။

Voice : ကိုယ့်ဘက်ကတော့ Organization ကို ကိုယ်ရတဲ့ အနုပညာကြေးတွေထဲက ၃၀ ရာခိုင်နှုန်းကို ပုံမှန်ပေးခဲ့လား။

KWW : ညီမ သူတို့ကို ၃၀ ရာခိုင်နှုန်း ပုံမှန်ပေးခဲ့ပါတယ်။ ဖုန်းနဲ့ အကြောင်းကြားပြီး ပေးတာ ရှိသလို၊ လူကိုယ်တိုင် သွားပြီး ပေးတာလည်း ရှိပါတယ်။ အလုပ်တွေ လက်ခံရင်လည်း သူတို့ကို အကြောင်းကြား တယ်။ နောက် ညီမလုပ်မယ့် အနုပညာ အလုပ်တွေနဲ့ ပတ်သက်တဲ့ အစီအစဉ်တွေလည်း သူတို့ကို ပြောပြပါတယ်။

Voice : သင်္ကြန်ကာလမှာ အချစ်ရေးနဲ့ ပတ်သက်ပြီး ကောလာဟလ ထွက်ခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်နဲ့ ဇာတ်ကားနှစ်ကား ဆက်တိုက်ရိုက်ဖို့ ရှိတယ်လို့ ကြားတယ်။ အဲ့ဒီအကြောင်း ပြောပြပေးပါဦး။

KWW : ညီမကအခု ကိုစိုင်းစိုင်း၊ မဆုမြတ်နိုးဦး၊ ကိုသူရိယတို့နဲ့ တကယ်လိုအပ်တဲ့အရာ ဆိုတဲ့ ဗီဒီယို ဇာတ်ကားလေး ရိုက်နေပါတယ်။ ဒါရိုက်တာကတော့ ကိုဇော် (အရုဏ်ဦး) ပါ။ ဇာတ်ကား ပုံစံလေး ကတော့ လူငယ်အချစ် ဇာတ်ကားလေးပါ။ နောက်တစ်ကားကလည်း ကိုစိုင်းနဲ့ပါပဲ။ ဒီကားကျတော့ ညီမတို့ နှစ်ယောက်ကို နှစ်ဖက်မိဘတွေက လက်ထပ်ပေးဖို့ သဘောတူထားတယ်။ နောက်ပိုင်းကျတော့ မိဘတွေ အဆင်မပြေတဲ့အတွက် ညီမတို့က နီးစပ်ခွင့်ရဖို့ ကြိုးစားရတာပေါ့။ ကိုစိုင်းနဲ့ သင်္ကြန်တုန်းက ထွက်ခဲ့တဲ့ ကောလာဟလကတော့ အချိန်တန်ရင် ပရိသတ်တွေ အားလုံးအမှန်ကို သိသွားကြမှာပါ။ ညီမတို့ နှစ်ယောက်က အနုပညာ မောင်နှမတွေပါ။ ကိုစိုင်းကလည်း ညီမကို အနုပညာပိုင်းကအစ၊ အပြောအဆို၊ အနေအထိုင်တွေ အားလုံးသင်ပေးပါတယ်။

သန့်ဇင်ဦး

The Voice Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...