နာနတ်သီးအကြောင်း သိကောင်းစရာ



နာနတ်သီးသည် bromeliad ဟူအမည်ရသော ရှားပါးမျိုးနွယ်ဖြစ်ပါသည်။ ယနေ့ ကမ္ဘာပေါ်တွင် လူသား တို့ စားသုံးနိုင်သည့် ဟင်းသစ် ဟင်းရွက်နှင့် သစ်သီးဝလံ အမျိုးအစားပေါင်း ထောင်ဂဏန်းခန့် ရှိသော် လဲဘဲ၊ လက်ရှိပစ္စုပ္ပန်ကာလအထိ စားသုံးလို့ ရသည့် bromeliad နွယ်ဝင် သစ်သီးတစ်မျိုးတည်းသာ ရှိနေပါသေးသည်။ ၄င်းကတော့ “ နာနတ်သီး ” ဖြစ်ပါသည်။

ပူနွေး စွတ်စိုသော နေရာဒေသတွင် ကောင်းစွာရှင်သန်ကြပါသည်။ နာနတ်သီးပင်တို့ ၏ မြစ်ဖျားခံရာဒေ သမှာ တောင်အမေရိကတိုက်၏ အပူပိုင်းဇုံဖြစ်သည့် ဘရာဇီးလ် နှင့် ပါရာဂွေးနိုင်ငံ တို့ ဖြစ် ကြပါသည်။ ခရစ်စတိုဗာကိုလံဘတ်စ်သည် ထိုဒေသတွက်နာနတ်သီးများကို သင်္ဘောဖြင့် ကုန်သွယ်ဖောက်ကား ရန်အတွက် ပေါ်တူဂီနှင့် စပိန်သို့  သယ်ဆောင်လာခဲ့ပါသည်။ ၄င်းနိုင်ငံများတွင် စဦးပိုင်း၌ နာနတ်သီးကို သိပ်မနှစ်သက်ကြသော်လဲဘဲ၊ နောက်ပိုင်းတွင် နာနတ်သီးက ဗီတာမင်စီဓာတ်ချို့ တဲ့မှုကြောင့် ဖြစ်တတ် သည့်သွေးရောဂါကို ပျောက်ကင်းစေနိုင်သော ဆေးဘက်ဝင် အသီးအဖြစ် သိရှိလာခဲ့ချိန်မှစ၍ နာနတ်သီး သည် ရေပန်းစားလာခဲ့ပါတော့သည်။ ထို နော့က် အာဖရိက၊ နှင့် အာရှတိုက်များသို့  နာနတ်သီး စားသုံး သောယဉ်ကျေးမှု ပျံ့ နှံ့ လာခဲ့ပြီး၊ ယခုအခါ နာနတ်သီးသည် ကမ္ဘာသုံး အသီးအနှံတစ်ခု ဖြစ်လာခဲ့ပါတော့ သည်။

ယခုအခါ နာနတ်သီးများကို မြန်မာပြည်တွင် တစ်နှစ်ပတ်လုံးလိုလို ရရှိနိုင်ပါသည်။ ကမ္ဘာပေါ်တွင် နာနတ်သီး မျိုးခွဲပေါင်း ၂၀၀၀ကျော် ရှိပါသည်။ စရိတ်ကျဉ်းစွာ စိုက်နိုင်သော အသီးဖြစ်ပါသည်။ နာနတ် ပင်ပေါက်ပုံကတော့ ထူးဆန်းသည်ဟု ဆိုနိုင်ပါသည်။ အသီးသီးသော နာနတ်သီးတစ်လုံးမှ ၂-ပေခန့်  ရှည်သော အရွက်အရွယ်အစားမျိုးစုံ ၁-ဒါဇင်ခန့်  ထွက်ရှိပါသည်။ အဆူးထူသောအခွံများက လုံခြုံစွာ ဖုံးအုပ်ထားကြပါသည်။ လူတချို့ ကလည်း ထိုအဆူးများကို မျက်လုံးဟု ခေါ်ဝေါ်ကြပါသည်။ အသီးသည် ထုထည်ပုံသဏ္ဍာန်ရှိပြီး၊ တစ်ခါတရံတွင် မျိုးရိုးဗီဇဖောက်ပြန်ကာ အသီးတစ်လုံးတည်းမှာ အမွှာပူးလိုဖြစ် သည့် ထူးထူးခြားခြား ပုံစံများကိုတွေ့ ရတတ်ပါသည်။ ၄င်းကိုတော့ ဒေသခံများက " ယပ်တောင် နာနတ် သီး " ဟု ခေါ်ဆိုကြပါသည်။ အခွံ၏အောက်တွင် ၀ါလိမ္မော်ရောင်သန်းသော အသားများဖြင့် ပြည့်နှက်နေ ပါသည်။ အသီးမှည့်လေ၊ အရည်ရွှမ်းပြီး အရသာပိုချိုလေ ဖြစ်ပါသည်။ အထဲတွင် အတန်ငယ်မာသော အူတိုင်ပါရှိပြီး၊ ၄င်းကိုလဲ စားလို့ ရပါသည်။

" ခြုံကြားထဲက မင်းကုသ၊ ခေါင်းပေါင်းစနှင့် - ထ " ဟူသော နာနတ်သီး စကားပုံ ရှိပါသည်။ မြန်မာပြည့် အနှံ့ အပြား စိုက်ပျိုးဖြစ်ထွန်း လျှက်ရှိပြီး၊ အကောင်းတကာ့ အကောင်းဆုံးကတော့ အလုံးလဲသိပ်မကြီးဘဲ ရနံ့ အလွန်မွှေးကာ အရသာ အချိုစူးရှသည့် မြစ်ကြီးနား နယ်ထွက်ဖြစ်ပါသည်။ မူဆယ်၊ လားရှိုး တွင် လည်း စိုက်ပျိုးမှုဖြစ်ထွန်းပြီး၊ ဒေသထွက်သီးနှံပို့  ကုန်အဖြစ် နှစ်စဉ်နိုင်ငံခြားဝင်ငွေ ရရှိပါသည်။ ဆက် လက်၍ ပြည်ပပို့ ကုန်အဖြစ် တိုးမြှင့်နိုင်ရန်အတွက် မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်း ရွက်များ စိုက်ပျိုး ထုတ်လုပ် တင်ပို့ ရောင်းချသူများအသင်း နှင့် FAO တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ၊ ယခုအခါ ရှမ်းပြည်နယ်မြောက်ပိုင်း နှင့် တောင်ပိုင်းဒေသတို့တွင် စတင် အကောင်အထည်ဖော်နေပါပြီ။

နာနတ်သီးကို များသောအားဖြင့် အစိပ်ကလေးများအဖြစ် သုံးဆောင်လေ့ရှိပြီး၊ ဖျော်ရည် အဖြစ်တစ်ဖုံ၊ ယိုအဖြစ်တစ်မျိုး၊ စားသုံးကြ ပါသည်။ ဒိုမီနို၊ ကျောက်ကျော၊ ဂျယ်လီ၊ သကြားလုံး၊ ပီကေ စသည်တို့  အပြင် ကြာရှည်အထားခံရန် အရည်ညှစ်၍ သစ်သီးခြောက် လုပ်၍လည်းကောင်း၊ စည်သွပ်ဗူး ဖြင့်လည်း ကောင်း၊ သိုလှောင်စားသုံးကြပါသည်။ ထို့ ပြင် ထမင်းကြော်၊ အသုပ်၊ နာနတ်သီးဆော့စ် အဖြစ်သာမက၊ ဟင်းလျာများတွင်လည်း အရသာထူးစေရန်အတွက် နာနတ်သီးကို အမျိုးမျိုးအဖုံဖုံ သုံးဆောင်နိုင်ကြပါ သည်။

စာဖတ်ပရိတ်သတ်များကို ဗဟုသုတအဖြစ် ဝေမျှရပါလျှင်၊ ဘရာဇီး သိပ္ပံပညာရှင်များသည် ဖိုင်ဘာအမျှင် ပေါကြွယ်ဝသော နာနတ်သီး နှင့် ငှက်ပျောသီး မှ ကားထုတ်လုပ်တော့မည်ဖြ စ်ရာ၊ နောင်လာမည့် ၂-နှစ်အတွင်း လမ်းများပေါ်တွင် ထိုကားများကိုတွေ့ မြင်ရတော့ မည်ဖြစ် ပါသည်။ သုတေသီများက ထို အသီးမှရရှိသော ဖိုင်ဘာအမျှင်ကို ပလပ်စတစ်အသွင် ဖြင့် အလွန်တရာခိုင်ခံ့သော ကားအစိတ်အပိုင်း များကို ဖန်တီးကြရုံသာမက၊ အနာဂတ်တွင် ကားအင်္ဂျင်အစိတ်အပိုင်းများထိပါ ပြုလုပ်နိုင်လိမ့်မည်ဟု ဆာပေါ်လိုပြည်နယ် တက္ကသိုလ် မှ ဒေါက်တာ Alcides Leao က ပြောကြားပါသည်။ ယင်းပလတ်စတစ် သည် သာမန်ပ လတ် စ တစ်ထက် ၃၀-ရာခိုင်နှုန်း ပိုမို ပေါ့ပါးပြီး ၄-လခန့် ပိုမိုခိုင်ခံ့သည်ဟု ဆိုပါသည်။ ယင်းကဲ့သို့ပြု လုပ်နိုင်ပါက ကားအလေးချိန်ပေါ့ပါးပြီး၊ လောင်စာသုံးစွဲရာတွင် ပိုမို တွက်ခြေကိုက်မည်ဟု သိရပါသည်။

ရင်ကိုအေးမြစေသော နာနတ်သီးသည် ကိုလက်စထရော ပါဝင်မှုနဲပါးပြီး၊ လူသားတို့ ကျန်းမာရေးအ တွက် မရှိမဖြစ်လိုအပ်သော ဗီတာမင်နှင့်သတ္တုဓာတ်တို့  စုဝေးရာအရင်းအမြစ် လည်းဖြစ် ပါသည်။ ၁၀၀-ဂရမ်ရှိသော လတ်လတ်ဆတ်ဆတ် နာနတ်သီး ၁-ခွက်ထဲတွင် ကယ်လိုရီ (၅၀-မီလီဂရမ်)၊ ကယ်လ်စီယမ် (၁၃-မီလီဂရမ်)၊ ပိုတက်စီယမ် (၁၁၀-မီလီဂရမ်)၊ သံဓာတ် (၀.၂၉ မီလီဂရမ်)၊ ဖော့စဖရက် (၁၀-မီလီ ဂရမ်)၊ ဇင့် (၀.၂၂ မီလီဂရမ်)၊ ကစီဓာတ် (၁၃.၂ ဂရမ်)၊ ပရိုတင်း (၀.၅၄ ဂရမ်)၊ အဆီ (၀.၁၂ ဂရမ်)၊ ဗိုက်တာမင်စီ (၃၇.၂၀ မီလီဂရမ်)၊ ဗိုက်တာမင်ဘီ-1 (၀.၀၇၉ မီလီဂရမ်)၊ ဗိုက်တာမင်ဘီ-2 (၀.၀၇၉ မီလီဂရမ်)၊ ဗိုက်တာမင်ဘီ-3 (၀.၄၉၅ မီလီဂရမ်)၊ ဗိုက်တာမင်ဘီ-5 (၀.၂၀၅ မီလီဂရမ်)၊ ဗိုက်တာမင် ဘီ-6 (၀.၁၁၁ မီလီဂရမ်)၊ ဗိုက်တာမင်အီး (၀.၆၂ မီလီဂရမ်)၊ သကြား (၉.၅ ဂရမ်) နှင့် ချေဖျက်လွယ် သော အမျှင် (၁.၄ ဂရမ်) တို့ အသီးသီးပါရှိပါသည်။

(၁) နာနတ်သီးသည် Bromelain ဟုခေါ်သော အင်ဇိုင်းတစ်မျိုးပါဝင်သည့် တစ်ခုတည်းသော အသီးဖြစ် ပါသည်။ အထူးသဖြင့် အသီးအလယ်အူတိုင်ထဲရှိ Bromelain ဓာတ်က အောက်ပါအတိုင်း ကျန်းမာရေးကို ကောင်းကျိုးပြုပါသည်။
(က) အကိုက်အခဲပျောက်ဆေး(NSAIDs) များထက် ပိုပြီးအားကောင်းသည့် အစွမ်းသတ္တိရှိခြင်းကြောင့် ကြွက်သားများ နာကျင်ခြင်းနှင့် အရိုးအဆစ်လွဲပြီးနောက် ဖြစ်တတ်သော ရောင်ရမ်း နာကျင်မှုတို့ကို ထိထိ ရောက်ရောက် သက်သာစေပါသည်။
(ခ) သွေးခဲခြင်းကြောင့် သွေးကြောပိတ်ဆို့ ခြင်းနှင့် ဆက်စပ်သော နှလုံးရောဂါများကို ကာကွယ်ဟန့်  တား ပေးနိုင်ပါသည်။
(ဂ) သွေးလည်ပတ်စီးဆင်းမှုကိုလဲ တိုးတက်ကောင်းမွန်စေပါသည်။
(ဃ) ဓမ္မတာရာသီလာစဉ် ကိုက်ခဲမှုကို သက်သာစေပါသည်။
(င) ဂေါက်ရောဂါ၊ အအေးမိ၊ နှာစေးရောဂါများအပြင်၊ လေပြွန်ရောင်ခြင်း၊ ထိပ်ကပ်နာရောဂါနှင့် ဆက် စပ်နေသော ဝေဒနာများကို သက်သာစေပါသည်။
(စ) ခွဲစိပ်ခန်းဝင်ပြီးနောက် အနာအမြန်ကျက်စေရန်အတွက် နာနတ်သီးစားပေး သင့်ကြောင်း ဂျာမနီ ဆေးသုတေသီများက တိုက်တွန်းထားကြပါသည်။
(ဆ) လွန်ခဲ့သော ၃-လခန့်က အရိုးပွခြင်းကြောင့် ဒူးနာဝေဒနာခံစားနေရသော လူနာ ၈-ဦးကို နာနတ် သီးကျွေးပြီး Pityriasis lichenoides chronica (PLC) နည်းနဲ့ စမ်းသပ်ခဲ့ရာ ရောဂါပျောက်ကင်းကြောင်း တွေ့ ရှိခဲ့ပါသည်။

(၂) နာနတ်သီးသည် သဘာဝအစာအိမ်မှ ထွက်သောအရည်နှင့် လွန်စွာ ဆင်တူသည့်အတွက် အစာချေ စံနစ်ကို တိုးတက်ကောင်းမွန် စေပြီး၊ ၀မ်းဖောဝမ်းယောငင်ခြင်း၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ အစာအိမ်နာ နှင့် လေပူထိုးခြင်းတို့ ကို သက်သာစေနိုင်ပါသည်။ ၀မ်းချုပ်ခြင်းမှလည်း ကာကွယ်ပေးပါသည်။

(၃) ပန်းနာရင်ကြပ်ကို သက်သာပြေလျော့စေပါသည်။ ချွဲသလိပ်ကျေစေပါသည်။

(၄) ယနေ့ အမေရိကန်နိုင်ငံတွင် အဖြစ်အများဆုံး ကင်ဆာမှာ အရည်ပြားကင်ဆာရောဂါဖြစ်ပြီး လူဦးရေ မီလီယံ ၃.၅ သန်းခန့်  နှစ်စဉ် ခံစားနေကြရပါသည်။ နာနတ်သီးက ထိုအရေပြား ကင်ဆာရောဂါအတွက် ဖြေဆေးတစ်ခွက်ဖြစ်ကြောင်း ကင်ဆာဂျာနယ်ဆေး ဆောင်းပါးထဲတွင် ဖော်ပြထားပါသည်။ အိန္ဒိယဆေး သုတေသီများကလည်း Bromelain အင်ဇိုင်းဖြင့် ကြွက်များကိုစမ်းသပ်ခဲ့ရာ၊ ၃၅ ရာခိုင်နှုန်း တိုးတက်မှု ရှိခဲ့သဖြင့် လူသားများအတွက်လည်း အလားတူကောင်းကျိုး သက်ရောက်မှုဖြစ်စေမည်ဟု အခိုင်အမာ အတည်ပြုထားပါသည်။

(၅) နာနတ်သီးအူတိုင်ကို ပျားရည်ဖြင့်တို့ ၍ ကလေးများကိုကျွေးပါက၊ သံကျစေပါသည်။

(၆) နာနတ်သီးသည် လိမ္မောသီးကဲ့သို့ ပင် ဗိုက်တာမင်စီ ပါဝင်မှုမြင့်မားသဖြင့် အအေးမိ၊ နှာစေး၊ ချောင် ဆိးုခြင်းကို တိုက်ထုတ်ပေးပါသည်။ သို့ သော် နာနတ်သီးထဲတွင် Bromelain ဓာတ်ပါရှိနေသည့် အတွက် လိမ္မော်သီးထက် ပိုမိုအစွမ်းထက်စေပါသည်။

(၇) နာနတ်သီးထဲတွင် beta-carotene အမြောက်အများ ပါရှိသည့်အတွက် အမြင်အာရုံကို ကောင်းမွန် စေနိုင်ပါသည်။ နေ့စဉ် နာနတ်သီး တစ်ခွက်စာကို သုံးကြိမ်တိတိ ပုံမှန်စားခြင်းပေးခြင်းဖြင့် သက်လတ် ပိုင်း နှင့် သက်ကြီးပိုင်း ရောက်သောအခါမှာ အမြင်လွှာယိုယွင်းမှု ဖြစ်နိုင်ခြေကို ၃၆-ရာခိုင်နှုန်းထိ လျော့ နည်းပေးနိုင်ပါသည်။

(၈) သဘာဝဆီးရွှင်ဆေးအဖြစ် နာနတ်သီးကို အားကိုးနိုင်ပါသည်။ ထို့ ပြင် သုတေသနမှတ်တမ်းများ အ ရ၊ ဆီးလမ်းကြောင်း ပိုးဝင်ပါက၊ ပဋိဇီဝပိုးသတ်ဆေးကို ဆေးပတ်လည်အောင် သောက်ရင်း၊ နာနတ်သီး ကိုပါတွဲဖက်စားပေးခြင်းဖြင့် ကူးစက်ပိုးများမှ အချိန်တိုအတွင်း ကင်းဝေးစေသည် ဆိုပါသည်။

(၉) ကုသရန်ခက်ခဲသော ကြွက်နို့ များအတွက် မစိုးရိမ်ပါနှင့်။ နာနတ်သီးအရည်ကို ကြွက်နို့ပေါ် တို့ပြီး ရေမဆေးဘဲ ဒီတိုင်းသာထားပါ။ ထိုနည်းအတိုင်း နေ့စဉ်မှန်ုမှန်လုပ်ပေးခြင်းဖြင့် ရက်အနည်းငယ်အတွင်း မှာ ပျောက်ကင်းနိုင်ပါသည်။ အသားမာများအတွက်လည်း သုံးနိုင်ပါသည်။

(၁၀) နာနတ်သီးသည် သွေးပေါင်ချိန် ကျဆင်းစေသည့်အပြင်၊ သွေးအတွင်း ကိုလက်စထရောများကို လျော့ကျစေနိုင်သောကြောင့် သွေးတိုးရောဂါမဖြစ်စေနိုင်ပါ။ နာနတ်သီးကို ပုံမှန်စားသုံးလေ့ရှိသူ အယောက်၂၀၀၀ အား သုံးနှစ်ကြာ သုတေသနပြုခဲ့ရာ၌ ထိုသူတို့ တွင် သွေးတိုးရောဂါဖြစ်ပွားမှု ၁၈ % သာရှိကြောင်း တွေ့ ရှိရသည်ဟု စပိန်သုတေသန ပညာရှင်များက ဆိုပါသည်။

(၁၁) နာနတ်သီးကို သီတင်းတစ်ပတ်လျှင် ၂-ကြိမ် ခန့် စားသုံးပေးသူများသည် နှလုံးသွေးကြောကျဉ်း ရောဂါ ဖြစ်ပွားမှုအခွင့်အရေး အလွန်နည်းပါးပါသည်။

(၁၂) နာနတ်သီးတွင် မဂ္ဂနီးစ်သတ္တုဓာတ် ကြွယ်ဝစွာပါရှိခြင်းကြောင့် အရိုးများကိုကျန်းမာ ကြံ့ခိုင်စေပြီး၊ အရိုးနှင့်ဆက်စပ်သော တစ်ရှုး/အရွတ်/အကြောတို့ကိုပါ သန်စွမ်းအားကောင်းစေပါသည်။ ထို့ ကြောင့် လူငယ်ပိုင်း နှင့် လူလတ်ပိုင်းများအတွက် အရိုးသန်စွမ်း ကြီးထွားမှုမြန် ဆန်စေပြီး၊ လူကြီးပိုင်းများအတွက် အရိုးခိုင်မာစေသည့်အတွက် အရွယ် ၃-ပါးမရွေး နာနတ်သီးဖျော်ရည် ၁-ခွက်ကို နေ့ စဉ် သောက်သုံးပေး သင့်ပါသည်။ ထိုသို့ သောက်သုံးခြင်းဖြင့် လူတစ်ယောက်အတွက် တစ်နေ့ တာ လိုအပ်သော မဂ္ဂနီးစ် သတ္တုဓာတ်ကို ၇၃% ရရှိစေနိုင်ပါသည်။

(၁၃) နာနတ်သီးဟာ အမြင်အာရုံ ကြည်လင်သန်စွမ်းစေဖို့ အတွက်လည်း အထောက်အကူပြု ပါသည်။ အသက်အရွယ် ဇရာကြောင့် ဖြစ်လာသော မှုံမှိုင်းရီဝေခြင်းများကိုလည်း ကာကွယ်ပေးပါသည်။ မျက်လုံး အာရုံအတွက် နံက်သီးကို များများစားနိုင်လေ အကျိုးရှိလေ ဖြစ်ပါသည်။

(၁၄) ခန္ဓာကိုယ် အပူရှိန်နှင့် အဖျားကျရန်အတွက် နာနတ်ရည်ကို ယမကာအဖြစ် ကဇော်ဖောက်ပြီး သောက်သုံးနိုင်ပါသည်။

(၁၅) သွားဖုံးကျန်းမာမှ သွားကျန်းမာမည်ဖြစ်ပါသည်။ ဗိုက်တာမင်စီကြွယ်ဝသည့် သွားဖုံးရောင်ခြင်း နှင့် သွားဖုံးရောဂါအမျိုးမျိုးတို့ ကို မဖြစ်ပေါ်စေဘဲ၊ နှစ်ရှည်လများ သွားဖုံးခိုင်ခန့် ကောင်းမွန်စေနိုင်ပါသည်။

(၁၆) နာနတ်သီးကို ပန်းသီး (သို့ မဟုတ်) ဖရဲသီးတို့ ဖြင့် တွဲစားပါက၊ ခန္ဓာကိုယ်ထဲရှိ မလိုအပ်သော အငန်ဓာတ်များအား ဖယ်ရှားပေးပြီး၊ ကျောက်ကပ် နှင့် သည်းခြေတို့ ကို အားဖြစ်စေပါသည်။ ခန္ဓာကိုယ် ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်သည့်အပြင် ကျောက်ကပ်ကိုလည်း သန့် ရှင်းစေနိုင်ပါ သည်။

(၁၇) နာနတ်သီးဖျော်ရည်ကို သဘောင်္သီး၊ နွားနို့ တို့ နှင့် တွဲသောက်ပါက၊ ဗီတာမင်စီ၊ ဗီတာမင်အီး နှင့် သံဓာတ်တို့  ကြွယ်ဝစွာရရှိ စေသည့်အတွက် ဇီဝကမ္မ ဖြစ်စဉ်ကို ကောင်းစွာ အထောက်အကူပြုပါသည်။ ဇရာကို အံတုမည့် ဖျော်ရည်အဖြစ် သောက်သုံးနိုင်ပါသည်။

(၁၈) နာနတ်သီးဖျော်ရည်ကို ငှက်ပျောသီး၊ နာနတ်သီး၊ နွားနို့ တို့ ဖြင့်တွဲသောက်ပါက ၀မ်းချုပ်ခြင်းကို တားဆီးပေးနိုင်ပါသည်။ ထို့ ပြင်ဗီတာမင်နှင့် အာဟာရဓာတ်များ ကြွယ်ဝစွာပါဝင်သည့်အတွက် အသား အရေအလှအပကို ကောင်းစွာ ပံ့ပိုးပေးပါသည်။

(၁၉) ဗီတာမင်စီကြွယ်ဝသော နာနတ်သီးနှင့် အူတိုင်အားလုံးကို စားခြင်းအားဖြင့် ခရီးဝေးသွားပြီး နောက်၊ ပင်ပမ်းနွမ်းနယ်ပြီး အားအင်များ ကုန်ခမ်းသွားခြင်းကို ပြန်လည်အားဖြည့်ပေးစေကြောင်း၊ ရုပ်ပျိုအရွယ်တင်စေကြောင်း ကျန်းမာရေးသုတေသီ တစ်ဦးဖြစ်သူ ဒေါက်တာ Glenville က ဆိုပါသည်။

(၂၀) အချိန်တိုအတွင်းမှာပင် ပေါင်ချိန် ကျစေနိုင်သည့်အတွက်၊ ကိုယ်အလေးချိန် မတက်အောင် ထိန်း သိမ်းပေးနိုင်ပါသည်။ ကျန်းမာ နုပျိုသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်လိုသူများအတွက် နာနတ်သီးက အားထား လောက်ပါသည်။

(၂၁) နံက်အိမ်ယာထ မအီမသာဖြစ်ခြင်းအတွက် နာနတ်သီးဖျော်ရည် ၂၃၀ cc သောက်ပေးသင့်ပါ သည်။

(၂၂) နာနတ်သီးထဲတွင်ပါရှိသော Goiter ဓာတ်တစ်မျိုးက သိုင်းရွိုက်အကျိတ်ကို ပုံမှန်ဖြစ်စေပါသည်။ ထို့  ပြင် လည်ချောင်းနာခြင်း၊ လေပြွန်ရောင်ခြင်းကိုလဲ သက်သာစေနိုင်ပါသည်။

(၂၃) နာနတ်သီးထဲတွင် ဓာတ်တိုးဆန့် ကျင်ပစ္စည်းများ မြင့်မားစွာပါရှိခြင်းကြောင့် ခန္ဓာကိုယ်အတွက် အကျိုးယုတ်စေသော free-radicals များ အန္တရာယ်မှ ကာကွယ်ပေးပါသည်။ ပန်းနာ ရင်ကျပ်ရောဂါ နှင့် အူမကင်ဆာတို့ကို မဖြစ်စေနိုင်ပါ။

(၂၄) မှတ်ညဏ်စွမ်းအားကို တိုးတက်မြင့်မားစေပါသည်။

နာနတ်သီးက လူသားတို့ ကျန်းမာရေးကို အထောက်အကူပြုပေးနိုင်ရုံသာမက၊ ပျိုမေတို့  အသားအရည် ကျန်းမာလှပရေးအတွက်ပါ အောက်ပါနည်းလမ်း (၂)သွယ် တို့ ဖြင့် ကောင်းကျိုးပြုပေးနိုင်ပါသည်။

(၁) နာနတ်သီးဖြင့်အသားအရေ တွဲခြင်း/တွန့်ခြင်းကာကွယ်နည်း။

နာနတ်သီးနှင့် သံလွင်ဆီတို့ သည် *နေနှင်လ၊ ရွှေနှင့်မြ* ကဲ့သို့  အသားအရေအတွက် လွန်စွာလိုက်ဖက် ညီသော စုံတွဲဖြစ်ပါသည်။ ဤနည်းက မျက်နှာ နှင့် လည်ပင်းတစ်ဝိုက် အရေပြားတွန့်ခြင်းအတွက် ကောင်းစွာထိရောက်မှု ရှိစေပါသည်။ ထိုသို့ ပြုလုပ်ရန်အတွက် လတ်ဆတ်သော နာနတ်သီးသတ္တုရည် တစ်ခွက်၊ သံလွင်ဆီ စားပွဲတင်ဇွန်း ၁-ဇွန်း နှင့် နှင်းဆီရည် စားပွဲတင်ဇွန်း ၁-ဇွန်း တို့ လိုအပ်ပါမည်။ ရှေးဦးစွာ နာနတ် နှင့် နှင်းဆီရည်တို့ ကို သမအောင်ရောမွှေထားပါ။ မလိမ်းကျံခင် မျက်နှာ နှင့် လည်ပင်း တို့ ကို သန့်စင်ဆေး ကြောပေးရပါမည်။(မျက်နှာကို နို့  ဖြင့် ဆေးကြောပေးနိုင်ပါက အာနိသင် ပိုထူးပါ လိမ့်မည်။) ဆေးကြောပြီးပါက သံလွင်ဆီဖြင့် မျက်နှာ နှင့် လည်ပင်းအနှံ့ ညင်သာစွာ လိမ်းပေးရပါမည်။ အရေပြားကနေ အဆီကို ကောင်းစွာ စုပ်ယူနိုင်စေရန်အတွက် စက်ဝိုင်းပုံစံ နှိပ်နယ်ပေး ရမှာဖြစ်ပါသည်။ အထူးသဖြင့် မျက်နှာကို လိမ်းသောအခါတွင် အရေပြားမတွဲစေရန်အတွက် လက်ဖဝါးဖြင့် အပေါ်ဘက်သို့ ပင့်တင်ပေးရပါမည်။ ထို နော့က် နာနတ် နှင့် နှင်းဆီရည်အရောအနှောတို့ ဖြင့် လိမ်းကျံပေးရပါမည်။ မိနစ် ၂၀ ခန့် အကြာတွင် မျက်နှာကို ရေသန့်  အေးအေးဖြင့် သစ်ပေးပါ။ ထိုနည်းအတိုင်း တစ်ပတ်တစ်ခါ လိမ်းပေးခြင်းဖြင့် အသားအရေ တွဲခြင်း/တွန့်ခြင်းကို ကောင်းစွာ ထိန်းချုပ်နိုင်ပါသည်။

(၂)နာနတ်သီးဖြင့် ပေါင်းတင်နည်း။

နာနတ်သီးဖြင့် မျက်နှာပေါင်းတင်ပေးခြင်းက၊ ပျက်စီးနေသော ဆဲလ်များကိုအမြန်ဆုံး ပြည်လည်ဖြည့် တင်းပေးပြီး အသားအရေနူးညံ့ စိုပြေ၀င်းလက် လာပါလိမ့်မည်။ နာနတ်သီးဖျော်ရည် စားပွဲတင်ဇွန်း ၁-ဇွန်း (သို့မဟုတ်) နာနတ်သီးမှည့်မှည့် တစ်စိတ် လိုအပ်ပါသည်။ အရည်ဆိုလျှင် မျက်နှာကို လိမ်းကျံပြီး၊ အစိတ်ဆိုပါက မျက်နှာပေါ် အသာအယာပွတ်သပ် နှိပ်နယ်ပေးရပါမည်။ ၁၀-မိနစ်ခန့် ကြာသော အခါမှာ ရေသန့် အေးအေးဖြင့် သန့် စင်ပေးရပါမည်။(နာနတ်သီး၏ သဘောသည် စေးကပ်တတ်သည်မို့ ရေဖြင့် သေသေချာချာ ဆေးကြောပေးဖို့ လိုပါမည်)။ ဤနည်းအတိုင်း တစ်ပတ်တစ်ကြိမ်သာပြုလုပ်ပေးရုံ ဖြင့် လုံလောက်ပါသည်။

အကယ်၍ ခန္ဓာကိုယ်ရှိ လက်မောင်း၊ ခြေထောက်၊ ခြေသလုံး၊ နောက်ကျောဘက် နှင့် ဝမ်းဗိုက်သား နေရာတို့ကို ပေါင်းတင်လိုပါက၊ နာနတ်သီးဖျော်ရည် စားပွဲတင်ဇွန်း ၁-ဇွန်း (သို့မဟုတ်) နာနတ်သီး မှည့်မှည့် တစ်စိတ်တို့ အပြင် နွားနို့ ဖန်ခွက်တစ်ဝက်ခန့်၊ ကြက်ဥ တစ်လုံး၊ သံပရာရည်/နနွင်းမှုန့်/ဂျုံမှုန့် အနည်းငယ်တို့ ရောစပ်ပေးပြီးမှ လိမ်းကျံပေးရပါမည်။ မိနစ် ၂၀ ခန့် ကြာသောအခါတွင် ရေနွေး နွေးဖြင့် ပြန်လည် ဆေးကြောပေးခြင်းဖြင့် အသားအရည်နူးညံ့ ချောမွေ့ လာပါလိမ့်မည်။ 

(အထက်ပါနည်းများအတိုင်း နာနတ်သီးအစား သင်္ဘောသီးကိုလည်း အသုံးပြုနိုင်ပါသည်)
++++++++++

ဆရာဝန်များက ကျန်းမာရေးကို အထောက်အကူပေးသော မိမိတို့ လက်တစ်ကမ်းတွင် ရရှ်နိုင်သည့် နာနတ်သီးကို ဖြည့်စွက်စာအဖြစ် စားပေးကြရန် ဟိုးရှေးပဝေသဏီကတည်းက တိုက်တွန်း လာခဲ့ကြပါ သည်။ ထို့ ကြောင့်မွှေးပျံ့ တဲ့ရနံ့ နှင့် အတူ အရသာလည်းရှိ ကျန်းမာရေးအတွက်လည်း အကျိုးများလှ သော နာနတ်သီးစိပ်လေးများ စားသုံးဖို့ တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။

မှတ်ချက်။
(၁) နာနတ်သီးကို တခြားအစားအသောက်များနဲ့ ရောထွေးယှဉ်တွဲ စားသောက်ခြင်းထက် နာနတ်သီး တစ်မျိုးတည်းသာ သီးသန့်သုံး ဆောင်ပေးခြင်းက အကျိုးကျေးဇူး ပိုမိုထိရောက်စေပါသည်။ သို့ သော် နာနတ်သီးကို အခြားအစားအစာများနှင့် တွဲစားသောအခါမှာတော့၊ ထိုအစာများကို နာနတ်သီးက ကောင်းစွာချေဖျက်ပေးပြီး၊ ယင်းအစာမှ ရရှိသောပရိုတင်းဓာတ်ကို အစာအိမ်ထဲတွင် သိုလှောင်ပေးနိုင်ပါ သည်။ 
(၂) နာနတ်သီးစိပ်ကို သူ့ ချည်းစားခြင်းထက် ဆားအနဲငယ်လူးထားသော သံပုရာခြမ်းလေးဖြင့် ပွတ်ပြီး စားပါက အရသာပိုပေါ်လွင်စေပါသည်။ 
(၃) နာနတ်သီးကို ခွဲစိပ်ပြီးရင် ချက်ချင်းစားသင့်ပါသည်။ ကြာမှစားပါက အရသားတစ်မျိုးပြောင်းသွား တတ်ပါသည်။ 
(၄) အမှည့်လွန်သော နာနတ်သီးများသည် အရသာပေါ့ရွှတ် ရွှတ်ဖြစ်ပြီး ၀မ်းလျောစေတတ်ပါသည်။ မမှည့်သေးသော နာနတ်သီးများသည် အချဉ်ဓာတ်များ လွန်းသဖြင့် အရသာမရှိပါ။ ထို့ ကြောင့် သေချာစွာ ရွေးချယ်ဝယ်ယူပါ။

<<<သတိပြုရန်>>>
(၁) နာနတ်သီးကို အခွံနွှာရာတွင် မျက်စေ့(အကွင်း) လေးများစင်အောင် ဓါးထက်ထက်ဖြင့် လှီးထုတ် ပေးရပါမည်။ မျက်စေ့(အကွင်း) မစင်ပါက လျှာယားတတ်ပါသည်။ 
(၂) နာနတ်သီးတွင် သဘာဝအက်စစ်များ အများပြားပါဝင်မှုကြောင့် နာနတ်သီး တခါတလေမှ စတင်စား သုံး သူများအဖို့  ချင့်ချိန်စားသုံးပေးသင့်သည်။ 
(၃) နာနတ်သီးနှင့်မွေးရာပါ ဓာတ်မတည့်သူများကို နာနတ်သီးအစေးက အရေပြားပေါ်တွင် အဖုအပိမ့်၊ အနီကွက် ထစေတတ်ပါသည်။ စားမိလျှင်လည်း လည်ချောင်းစပ်ဖျဉ်းဖျဉ်း ဖြစ်တတ်ပြီး အော့အန်၊ ၀မ်းလျှောတတ်ပါသည်။
++++++++++++++++++++++++++++++++++++

(ဆောင်းပါးရှင်...ပေါက်ပေါက်.. .မျှဝေသည်)

မှီငြမ်း (Health benefits of Pineapples)
--
promise.pauk
------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...